သုံးရလွယ်ကူစေသည့် Link များ

လူငယ်များ နဲ့ ကိုယ်ပိုင်ရပ်တည် လုပ်ဆောင်နိုင်စွမ်း


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာလူငယ်တွေကြားမှာ ကိုယ်ပိုင်စဉ်းစားသုံးသပ်နိုင်စွမ်းတွေ တိုးတက်လာဖို့အတွက် ပညာရေးအခြေခံနဲ့ အသိပညာဗဟုသုတတွေကို တိုးအောင်လုပ်ဖို့ လိုအပ်တယ်လို့ YSCM အဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှုး ကိုရဲမြင့်ဝင်းက ပြောပါတယ်။ အခု မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အခွင့်အရေးတွေ ပိုရလာချိန်မှာ အဲဒီအခွင့်အရေးတွေအပေါ် သိပ်ကိုမှီခိုချင်စိတ်တွေ ဖြစ်သွားမှာကို သူ့အနေနဲ့ စိုးရိမ်တယ်လို့ ဆိုပါတယ်။ လွတ်လပ်ခွင့်ရရှိဖို့လိုတဲ့ တချိန်တည်းမှာပဲ အဲဒီလွတ်လပ်ခွင့်အပေါ် တာဝန်သိမှု၊ တာဝန်ယူမှုလည်း ရှိရမယ်လို့ သူက ပြောဆိုပါတယ်။ သမ္မတဟောင်း ဂျော့ချ်ဘွရှ်ရဲ့ Bush Center က စီစဉ်တဲ့ ဒီနှစ်အတွက် လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုသင်တန်းကို ကိုရဲမြင့်ဝင်း အမေရိကန်ပြည်ထောင်စုကို လာရောက်စဉ်မှာ ဗွီအိုအေဝိုင်းတော်သား ကိုသားညွှန့်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုသားညွှန့်ဦး ။ ။ ကိုရဲမြင့်ဝင်း အခု ဗွီအိုအေ လာပြီးတော့ လက်ခံဖြေကြားပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော် အရင်မေးချင်တာက ကိုရဲမြင့်ဝင်း က Youth for Social Change in Myanmar (YSCM) မြန်မာနိုင်ငံမှာ လူ့မှုအပြောင်းအလဲတွေဖြစ်ဖို့ဆိုတဲ့ အဖွဲ့အစည်းမှာ လှုပ်ရှားနေတယ်ဆိုတော့ လက်ရှိမြန်မာနိုင်ငံမှာတော့ နိုင်ငံရေးအရ ပြောင်းလဲမှုတွေတော့ သွားနေပြီပေါ့။ လူ့မှုရေးအရ ပြောင်းလဲမှုဆိုတော့ အဓိက လိုအပ်ချက်တွေက ဘာတွေရှိနေလို့လဲ။

ကိုရဲမြင့်ဝင်း ။ ။ အဓိက လူ့မှုပြောင်းလဲဖို့ဆိုလို့ရှိရင် ကျနော်တို့လူတွေက နံပတ်တစ်အချက် အသိတရားရှိဖို့လိုတယ်။ အသိတရားဆိုတာ Awareness ပေါ့။ လူတွေက များသောအားဖြင့် ဗဟုသုတရှိမယ်။ အတွေ့အကြုံတွေ Experience တွေရှိမယ်။ ဒါပေမဲ့ အသိတရားရှိဖို့ဆိုတာ နည်းနည်းခက်ခဲတယ်။ အဲဒီတော့ အသိတရားရှိဖို့ဆိုရင် ပုံမှန်အားဖြင့် ပညာရေးစနစ် ကောင်းမွန်ဖို့လိုတယ်။ အဲဒီ ပညာရေးစနစ်ကောင်းမှသာ လူတွေက ပညာကိုကောင်းကောင်းမွန်မွန် သင်ကြားပြီးတော့ ကောင်းကောင်းမွန်မွန် ကိုယ့်ရဲ့ အတွေးအခေါ်အယူအဆနဲ့ ကိုယ်ပိုင်အတွေးအခေါ် အယူအဆနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီးတော့ ဘယ်လိုဆုံးဖြတ်ပြီးတော့ ရှေ့ဆက်ပြီးတော့ ခရီးသွားလို့ရမယ်ဆိုတာရှိတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ပြဿနာတွေအားလုံးကို ခြုံကြည့်မယ်ဆိုရင် ပညာရေးရဲ့ ချို့ယွင်းချက်ကို တွေ့ရတယ်။ ပညာရေးကောင်းကောင်း အစိုးရကနေ ကောင်းကောင်းမွန်မွန် မပံ့ပိုးနိုင်ဘူးပေါ့။ အဲဒီတော့ ဘာဖြစ်လာလဲဆိုရင် လူငယ်တွေ။ ကျနော်တို့ အလုပ်လုပ်လာတဲ့အခါ လူငယ်တွေ အလုပ်လုပ်ရတော့ လူငယ်တွေမှာ Critical thinking ယထာဘူတကျကျ စဉ်းစားဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းရည်လျော့နည်းလာတယ်။ လျော့နည်းလာတဲ့အခါမှာ ပဋိပက္ခကို လှုံဆော်တဲ့လူတွေရှိလာတယ်ဆိုရင် အဲဒီ ပဋိပက္ခတွေမှာ ဝင်ပြီးတော့ ကိုယ်ပိုင်ရပ်တည်ချက် မရှိတော့ဘဲနဲ့ ဝင်ပြီးတော့ ပါဝင်ပတ်သက်မှုတွေ အများကြီးတွေ့ရတယ်။ အဲဒီတော့ ကျနော်တို့ရဲ့ သဘောတရားက ဘာလဲဆိုရင် လူတွေမှာ Awareness လို့ခေါ်တဲ့ အသိတရားရှိဖို့လိုတယ်။ အဲဒီလို အသိတရားရှိမှသာ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ပြီးတော့ ကိုယ်ဘာရပ်တည်ချက်နဲ့ ဘယ်လို လုပ်ရမလဲဆိုတာကို သိနိုင်မယ်ပေါ့။

ကိုသားညွှန့်ဦး ။ ။ ဒီအဖွဲ့အစည်း ဖွဲ့တာက ဘယ်လို စဉ်းစားချက်နဲ့လဲ။ ဘာတွေလုပ်ဖို့ စဉ်းစားချက်နဲ့လဲ။

ကိုရဲမြင့်ဝင်း ။ ။ အဖွဲ့အစည်း ဖွဲ့ဖြစ်တာက ကျနော်တို့ ၂၀၀၀ ကျနော် ဆယ်တန်းအောင်တဲ့အချိန်မှာ တက္ကသိုလ်စတတ်ဖို့ရှိတယ်။ အဲဒီအချိန်မှာ ကျနော် စဉ်းစားကြည့်တဲ့အခါမှာ မြန်မာပြည်ရဲ့ ပညာရေးစနစ်က ကျနော် လိုချင်တဲ့ပညာရေးကို မပေးနိုင်ဘူးပေါ့။ မပေးနိုင်ဘူးဆိုတာကို သိလာတဲ့အချိန်မှာ တခုခုလုပ်ဖို့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီးတော့ စပြီးတော့ ကြိုးစားကြည့်တယ်။ ကြိုးစားကြည့်တဲ့အချိန်မှာ အမေရိကန်နိုင်ငံကနေ မြန်မာပြည်မှာလာပြီးတော့ Mormon Missionary ခရစ်ယာန်ဘာသာရေးဂိုဏ်းတခုကနေ မြန်မာပြည်ကိုလာပြီးတော့ လူငယ်တွေကို အင်္ဂလိပ်စာတွေ၊ လူငယ်ဖွံ့ဖြိုးရေးသင်တန်းတွေ ပေးတယ်။ အဲဒီအချိန်မှာ ကျနော်တို့က အဲဒီ သင်တန်းတွေကိုလည်းရတယ်။ နောက်တခုက အစိုးရရဲ့ တက္ကသိုလ်ပညာရေးက ကျနော်တို့က ဘာမှ မပေးနိုင်ဘူးဆိုတာ သိတဲ့အခါကြတော့ ကျနော်တို့ကိုယ်တိုင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီးတော့ ပညာရေးကို ဘယ်လို ရှာလို့ရမလဲဆိုတာကို စဉ်းစားကြတယ်။ Brainstorming လုပ်ကြတယ်။ အဲဒီအချိန်မှာ ကျနော်တို့ တွေ့တာက ဘာလဲဆိုရင် ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ပညာရေးကို စာတွေဖတ်မယ်။ နောက် လေ့လာမယ်ဆိုလို့ရှိရင် ကိုယ်လုပ်လို့ရတယ်ဆိုတဲ့ဟာကို တွေ့ရတယ်။ ကျနော်တို့ စလုပ်ဖြစ်တာက အရင်တုန်းကတော့ Reading Club တော့ မဟုတ်ဘူးပေါ့။ သူငယ်ချင်းတွေစုတယ်။ စဖတ်တယ်။ စဖတ်ပြီးလို့ရှိရင် ဖတ်လိုက်တဲ့စာတွေကို အပြန်အလှန် ဆွေးနွေးဖလှယ်ဖြစ်တယ်။ အပြန်အလှန် ဆွေးနွေးဖလှယ်တဲ့နေရာမှာ အခုန ကိုယ်ဖတ်လိုက်တဲ့ စာအုပ်တအုပ်ပဲ ဒီစာပိုဒ်တပိုဒ်ပဲ ကိုယ်ဖတ်လိုက်တယ်။ ကိုယ့်ရဲ့အမြင်က တမျိုးဖြစ်နေပြီး၊ ကိုယ့်သူငယ်ချင်းရဲ့အမြင်က တမျိုးဖြစ်နေတာကို တွေ့ရတယ်။ အဲဒီတော့ မတူတဲ့လူတွေမှာ တူတဲ့စာပိုဒ်တပိုဒ်၊ စာအုပ်တအုပ်ကို ဖတ်တာတောင် မတူကွဲပြားတဲ့အမြင်တွေ၊ မတူကွဲပြားတဲ့ အယူအဆတွေ ရှိတယ်ဆိုတာကို တဖြည်းဖြည်းနဲ့ သဘောပေါက်လာပြီးတော့ စာဖတ်ပြီးတာနဲ့ ပြောဆိုဆွေးနွေးကြတယ်။ ဆွေးနွေးတဲ့အချိန်မှာ အမြင်တွေဖလှယ်ကြတယ်။ နောက် ငြင်းခုံဆွေးနွေးရင်နဲ့ ကျနော်တို့ရဲ့ ပညာရေးကို ကြိုးစားအားထုတ်ကြတယ်။ အဲဒီလို တဖြည်းဖြည်းနဲ့ (၄) (၅) နှစ်လောက် ရောက်လာတဲ့အခါကြတော့ အင်္ဂလိပ်စာကို လေ့လာတယ်။ အင်္ဂလိပ်စာ တတ်လာတဲ့အခါကြတော့ ပထမတော့ မြန်မာ literature တွေပေါ့။ မြန်မာစာပေနဲ့ သမိုင်းတွေကို ဖတ်တယ်။ နောက်ပိုင်း အင်္ဂလိပ်စာတတ်လာတဲ့အခါကြမှ ၂၀၀၃-၂၀၀၄ ကြတော့ အင်္ဂလိပ်စာကို လေ့လာခွင့်ရတော့ အင်္ဂလိပ်စာအုပ်တွေဖတ်တယ်။ တဖြည်းဖြည်းနဲ့ သိလာတာက ဘာလဲဆိုတော့ ဒီလိုမျိုး စာဖတ်ခြင်းအားဖြင့် ကိုယ့်ရဲ့ ဗဟုသုတကို မြှင့်တင်လို့ရတယ်။ အဲဒီလို မြှင့်တင်လာနိုင်တာနဲ့အမျှ ဘာဖြစ်လာလဲဆိုရင် သူငယ်ချင်းတွေနဲ့ သင်တန်းတွေ တက်ရတယ်။ အစည်းအဝေးတွေ တက်ရတဲ့အချိန်မှာ ကိုယ်တွေက ပြောဆိုလာနိုင်တယ်။ အဲဒီတော့ စာဖတ်တဲ့လူနဲ့ စာမဖတ်တဲ့လူ ဘယ်လိုကွာသလဲဆိုရင် စာဖတ်တဲ့လူက စကားလုံးတွေ အများကြီး၊ ပြောစရာစကားတွေ အများကြီးရှိတယ်။ စာမဖတ်ထားတဲ့လူက ပြောစရာစကား မရှိဘူးပေါ့။ အဲဒီတော့ စာဖတ်ထားတဲ့ လူတယောက်ရဲ့ ပြောနိုင်တဲ့စွမ်းအား နောက်တခုက ဘာသာရပ်တွေကို ဆွေးနွေးနိုင်တဲ့စွမ်းအားက စာမဖတ်ထားတဲ့လူတွေထက် ပိုပြီးတော့ သာလွန်တယ်ဆိုတာကို တွေ့ရတယ်။ အဲဒီအချိန်မှာ ဒီစာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးကို နားလည်းပြီးတော့ ဒီလိုမျိုးလူငယ်တွေ အစိုးရရဲ့ ပညာရေးက စနစ်က မကောင်းတဲ့အချိန်မှာ ဒီလိုမျိုး စာဖတ်ပြီးတော့ ကိုယ်တွေက ဗဟုသုတကို ရှာဖွေပေးမယ်ဆိုရင် အထောက်အကူပြုတယ်။ ကိုယ့်ရဲ့ အလုပ်ထဲမှာဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ပညာရေးမှာဖြစ်ဖြစ် အသုံးကျတယ်ဆိုတဲ့ဟာကို ရှာတွေ့ပြီးတော့ ကျနော်တို့က Youth for Social Change ဆိုပြီးတော့ စလုပ်ဖြစ်တာပေါ့။

ကိုသားညွှန့်ဦး ။ ။ အခု မြန်မာနိုင်ငံမှာက တစုံတရာ ပွင့်လင်းလာပြီ။ အရင်လိုတော့ မဟုတ်တော့ဘူး။ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံမှုလည်း ပြေပြစ်လာတယ်။ ဒီအခြေအနေမျိုးမှာ လူငယ်တွေအတွက် အခုနက ကိုရဲမြင့်ဝင်း ပြောနေတဲ့ Capacity building စွမ်းရည်မြှင့် သင်တန်းတွေ၊ တခြား ပညာရေးနဲ့ ပတ်သက်တဲ့ အခွင့်အလမ်းတွေ တော်တော်လေး လမ်းပွင့်လာပြီလား။ အခြေအနေတွေ လိုအပ်နေုတုန်းပဲလား။

ကိုရဲမြင့်ဝင်း ။ ။ အခုလက်ရှိ မြန်မာနိုင်ငံ ၂၀၀၈ Constitution ရယ်၊ ၂၀၁၀ ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ ပွင့်လင်းလာတယ်လို့ ပြောလို့ရပေမယ့် တချို့ မပွင့်လင်းတဲ့အပိုင်းတွေလည်း အောက်ခြေမှာ ဖြစ်ပျက်နေတာတွေလည်းရှိတယ်။ အဓိကတော့ အခွင့်အရေး Opportunity အနေနဲ့ ကြည့်မယ်ဆိုရင် လူငယ်တွေ အခွင့်အရေးတွေပိုပြီးတော့ ရလာတယ်။ အဲဒါနဲ့ တပြိုင်တည်းမှာပဲ Challenges တွေနဲ့ Threats တွေ ခြိမ်းခြောက်စိန်ခေါ်မှုတွေကတော့ ရှိနေတုန်းပဲ။ အဲဒီတော့ နံပတ်တစ်အချက် လိုတာက ကျနော့်ရဲ့အမြင်အရဆိုရင် လူငယ်တွေက ကိုယ့်အားကိုယ်ကိုယ်ဖို့လိုတယ်။ ကိုယ့်အားကိုယ်ကိုယ်ဖို့ဆိုတာ ဒီအဖွဲ့အစည်းတွေ၊ ပေးနေတဲ့ Opportunity တွေ အခွင့်အလမ်းတွေကို အရမ်းကြီး မှီခိုတာမျိုး၊ အားကိုးတာမျိုးလည်း ရှိနေတာမျိုး။ အဓိကတော့ Dependency မှီခိုချင်တဲ့စိတ် ပေါ်သွားမှာကို စိုးရိမ်ကြောင့်ကျတယ်။ အဲဒီလို မှီခိုချင်စိတ်ထက် မိမိကိုယ်ကိုယ် အားကိုးပြီးတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီးတော့ ကြိုးစားတဲ့ဟာမျိုးကို လုပ်စေချင်တယ်။ ကျနော်တို့ ဗုဒ္ဓက ဆုံးမထားတာက ဘယ်လိုမျိုး ရှိသလဲဆိုရင် ဘုရားမှာသွားပြီး ဆုတောင်းနေတာက ရလာဖို့ မသေချာဘူး။ သံသရာထဲက လွတ်မြောက်ချင်တယ်။ ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်းကို လိုချင်တယ်ဆိုရင် မိမိကိုယ်ကိုယ် အားကိုးပြီးတော့ မိမိကိုယ်ကိုယ် ကြိုးစားမှသာလျှင် လွတ်မြောက်မယ်ပေါ့။ အဲဒီတော့ ဒီအယူအဆက Universal Truth စကြဝဠာ အမှန်တရားလို့ လက်ခံတဲ့အတွက်ကြောင့်မို့ တခုခုကို အောင်မြင်ချင်တယ်၊ တခုခုကို လွတ်မြောက်ချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်းကနေ ကြိုးစားအားထုတ်မှု ရှိရမယ်။ တောင်းနေရုံနဲ့ မရဘူးလို့ ယုံကြည်တယ်။

ကိုသားညွှန့်ဦး ။ ။ နောက်တခုကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ မေးချင်ပါတယ်။ ကိုရဲမြင့်ဝင်း ကိုယ်တိုင်ကလည်း လူ့အခွင့်အရေးဘာသာရပ်နဲ့ ပတ်သက်လို့ သင်ကြားနေတယ်။ နောက် လက်ရှိမြန်မာနိုင်ငံမှာဆိုရင် အခုနောက်ပိုင်းဆိုရင် လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ အရင်တုန်းကလည်းရှိတယ်။ အခုဆိုရင် နောက်ထပ်ပြဿနာတွေ တိုးလာတယ်။ ဥပမာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခလိုဟာမျိုးတွေ ကြုံလာရတယ်။ အဲဒီတော့ လူငယ်တွေကြားမှာ လူ့အခွင့်အရေး ယဉ်ကျေးမှုနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ မြန်မာနိုင်ငံမှာ ခိုင်ခိုင်မာမာ ရှိပြီလို့ ပြောနိုင်လဲ။

ကိုရဲမြင့်ဝင်း ။ ။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးလို့ စကားပြောမယ်ဆိုရင် လူ့အခွင့်အရေးလို့ ပြောတာနဲ့တောင်မှ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ စာပေတွေ၊ ထုတ်ဝေဖြန့်ချီမှုတွေ လုပ်တယ်ဆိုရင် အရင်အစိုးရလက်ထက်မှာ ဖမ်းဆီးထောင်ချခဲ့တာ ဖြစ်တဲ့အတွက်ကြောင့်မို့ လူ့အခွင့်အရေးဆိုတဲ့ စကားပြောလို့ရှိရင် လူငယ်တွေကြားမှာ အခုထက်ထိ ကြောက်ရွံတယ်ဆိုတဲ့ Fear စိတ်က ရှိနေတုန်းပဲ။ အဲဒီတော့ နံပတ်တစ်အချက် ပွင့်လင်းလာတဲ့အချိန်မှာ ကမ္ဘာ့စံချိန်စံညွှန်းတွေ၊ နိုင်ငံတကာ စံချိန်စံညွှန်းတွေဖြစ်တဲ့ လူ့အခွင့်အရေးတွေကို ချက်ချင်းကြီး အရမ်းကြီးကို စိမ်းနေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ သွားပြီးတော့ လူ့အခွင့်အရေးတွေကို ပြောနေတာထက်စာရင် တဖြည်းဖြည်းချင်း ရင်းနှီးလာအောင်၊ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးရဲ့၊ လူ့အခွင့်အရေးတန်းဖိုး စံချိန်စံညွှန်းတွေနဲ့ ရင်းနှီးလာအောင် လမ်းကြောင်းဖွင့်ပေးတဲ့ဟာမျိုးတွေကို ပိုလုပ်စေချင်တယ်။ အထူးသဖြင့် တခါတလေကြရင် ကျနော်တို့ လူ့အခွင့်အရေး ပညာပေးတဲ့လူတွေ။ နောက် ကြိုးစားတဲ့လူတွေက ကုလသမဂ္ဂမှာရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့ လူ့အခွင့်အရေး Framework တွေကို သွားပြီးတော့ ချပြတယ်။ ချပြပြီးတော့ အဲဒီအပေါ်မှာနေတယ်။ တကယ်တမ်း အောက်ခြေမှာဆိုရင် လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ ကြောက်ရွံပြီးတော့ အဆင်မပြေဘူးတွေ ဖြစ်နေတဲ့ လူ့အဖွဲ့အစည်းက မြန်မာပြည်မှာ ရှိနေသေးတယ်။ အဲဒီတော့ လွတ်လပ်ခွင့်အပေါ်မှာ အခြေခံပြီးတော့ လှုပ်ရှားတဲ့နေရာမှာလည်း ကျနော်တို့က ဘယ်လိုရှိဖို့လိုလဲဆိုရင် စည်းမျဉ်းစည်းကမ်းတွေ ရှိဖို့လိုတယ်။ စည်းမျဉ်းစည်းကမ်းဆိုတာ အနောက်နိုင်ငံမှာ လွတ်လပ်ခွင့်ဆိုတဲ့ဟာကို တန်းဖိုးထားသလို။ အဲဒီ လွတ်လပ်ခွင့်နဲ့အတူ Duty ဒါမှမဟုတ် Responsibility တာဝန်သိတတ်မှုနဲ့ တာဝန်ယူမှုပါပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် အခုတွေ့ရတာ Hate speech အမုန်းတရားနဲ့ ပတ်သက်တဲ့ စကားတွေကို ပြောနေတာတွေရှိတယ်။ အဲဟာမျိုးက လွတ်လပ်ခွင့် Freedom of Speech ကို အသုံးချပြီးတော့ ကိုယ့်ရဲ့အမုန်းတရားကို ရှေ့တန်းတင်ပြီးတော့ ပြောတာမျိုးဆိုရင် မကောင်းဘူးပေါ့။ အဲဒီတော့ ကိုယ်က လွတ်လပ်ခွင့်ကို လိုချင်တယ်။ ဒါပေမဲ့ အဲဒီ လွတ်လပ်ခွင့်နဲ့အတူ ကိုယ့်ရဲ့ပြန်ပြီး ကြည့်ရမှာက ကိုယ့်ရဲ့ ဘာတာဝန်ရှိမလဲ။ ဒီ လွတ်လပ်ခွင့်ပေါ်မှာ ကိုယ့်ရဲ့ တာဝန်ယူမှု ဘာရှိသလဲဆိုတာကို ကြည့်ဖို့လိုမယ်။

ကိုသားညွှန့်ဦး ။ ။ အဲဒီတော့ မြန်မာနိုင်ငံမှာ အခုန မေးခွန်းလေးပဲ ပြန်ကောက်ချင်တာက တခြားလူငယ်တွေကြားထဲမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အခုနောက်ပိုင်း ပွင့်လင်းလာချိန်မှာ တန်းဖိုးထားမှု၊ လူ့အခွင့်အရေး စံနှုန်းစံထားတွေ ပတ်သက်လို့ ရှုမြင်မှု။ ဥပမာဆိုရင် လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တချို့က အရှေ့အနောက် မတူနိုင်တဲ့စံတွေ ရှိနိုင်တယ်။ တကယ်တမ်း တချို့ကလည်း လူ့အခွင့်အရေးဆိုတာ Universal အားလုံး တကမ္ဘာလုံး တန်တူဖြစ်ရမယ်ဆိုတဲ့ အမြင်တွေရှိတယ်။ ဆိုတော့ မြန်မာနိုင်ငံရဲ့ လူငယ်တွေကြားထဲမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ စံနှုန်းစံထား ဘယ်လိုရှိကြလဲ။

ကိုရဲမြင့်ဝင်း ။ ။ အကြမ်းဖျဉ်းအားဖြင့်တော့ လူငယ်တွေက သင်တန်းတွေမှာတွေ့လို့ ဆွေးနွေးတဲ့အခါ မြန်မာပြည်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ စံချိန်စံညွှန်းတွေနဲ့ နှိုင်းယှဉ်ပြီးတော့ ကျနော်တို့ သင်တန်းပေးတယ်ဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ စံချိန်စံညွှန်းတွေကို လူထုက ပိုပြီးတော့ သိလာအောင် သင်တန်းပေးတာပေါ့။ အဲဒီအချိန်မှာ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေ ဆွေးနွေးကြတာက လူ့အခွင့်အရေးချိုးဖောက်နဲ့အနေနဲ့ စံချိန်စံညွှန်းတွေနဲ့ တိုင်းတာပြီးတော့ နှိုင်းယှဉ်ပြီးတော့ ဆွေးနွေးကြတဲ့အချိန်မှာ ကျနော်တို့ များသောအားဖြင့် အားမလိုအားမရဖြစ်တယ်။ အားမလိုအားမရ ဖြစ်တဲ့အချိန်မှာ ကျနော်ရဲ့ သဘောတရားကတော့ ဒီ အစိုးရက အမြဲတမ်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြစ်ပျက်နေတယ်။ တိုင်းပြည်အတွင်းမှာ။ အဲဒီတော့ အဓိကပြဿနာက ဘာဖြစ်လဲဆိုတော့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူ့အခွင့်အရေးလို့ပြောတာက တကယ်တမ်းတော့ အစိုးရက သူ့ရဲ့ အာဏာ၊ ရှိနေတဲ့အာဏာကို အလွှဲသုံးစားလုပ်တာပေါ့။ အဲဒီတော့ အာဏာအလွှဲသုံးစွဲမှု ဖြစ်တိုင်းဖြစ်တိုင်း ကြည့်လိုက်လို့ရှိရင် လူ့အခွင့်အရေး ချိုးဖောက်မှုက ရှိကိုရှိတယ်။ အဲဒီတော့ အဓိကပြဿနာက အစိုးရကို အာဏာအလွှဲသုံးစားမှု မဖြစ်အောင်၊ လူ့အခွင့်အရေး မချိုးဖောက်အောင် ဘယ်လို အဟန့်အတားတွေ၊ လူထုကနေ ဘယ်လိုနည်းလမ်းတွေနဲ့ အစိုးရရဲ့ အာဏာတွေကို ခွဲဝေဖြန့်ထားပြီးတော့ ထိန်းချုပ်မလဲပေါ့။ ဒီမိုကရေစီစနစ်မှာ အာဏာကြီး (၃) ရပ်မှာ တရားဥပဒေပြုရေး၊ စီရင်ရေး နဲ့ အုပ်ချုပ်ရေး ဆိုတဲ့နေရာတွေမှာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေကို ကြည့်မယ်ဆိုရင် အဲဒီ အခန်းကဏ္ဍတွေက တိကျတဲ့ အာဏာခွဲဝေမှုနဲ့ ဘယ်သူက ဘယ်လိုအာဏာရှိပြီးတော့ ဘယ်လိုမျိုး တိုင်းပြည်ကို အုပ်ချုပ်မလဲဆိုတဲ့ဟာတွေကို အခြေခံဥပဒေထဲမှာ တိတိကျကျ သာမန်လူတွေ နားလည်းလို့ရအောင် ဖော်ပြထားတာမျိုး မရှိဘူး။

ကိုသားညွှန့်ဦး ။ ။ ဒါကတော့ အစိုးရပိုင်းပေါ့။ ကျနော် နောက်ဆုံးတခု မေးချင်တာက လူ့အဖွဲ့အစည်းထဲမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တန်းဖိုးထားမှု မြန်မာလူ့အဖွဲ့အစည်းမှာ ဘယ်လောက်အထိ အခုအနေအထားမှာ ရှိတယ်လို့ ကိုရဲမြင့်ဝင်း မြင်သလဲ။

ကိုရဲမြင့်ဝင်း ။ ။ လူ့အဖွဲ့အစည်းထဲမှာ လူ့အခွင့်အရေး တန်းဖိုးထားမှု။ လူတွေကတော့ ကျနော်တို့ အကုန်လုံး တတိုင်းပြည်လုံးက လူ့အခွင့်အရေးကို လိုချင်ကြတယ်။ လူ့အခွင့်အရေးကို တောင်းတကြတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးတန်းဖိုးထားမှုကြတော့ ကျနော်တို့မှာ အဲဒီယဉ်ကျေးမှု ရှိဖို့လိုတယ်။ လူ့အခွင့်အရေးကို ကျနော်တို့ လိုချင်တာနဲ့ ထိုက်တန်တဲ့ ပေးဆပ်မှုကလည်း ရှိဖို့လိုတယ်။ တခါတလေကြရင် ကျနော့်ရဲ့ သဘောတရားက ကိုယ်က ပစ္စည်းတခုကို Supermarket တခုမှာ သွားဝယ်ချင်တယ်ဆိုရင် အဲဒီစာအုပ်တအုပ်ရဲ့တန်းဖိုးကိုတော့ ကိုယ်ကရှိမှ ပေးဆပ်မှ ရတယ်။ အဲဒီစာအုပ်က ဒေါ်လာ တစ်ထောင်ဆိုရင် ကိုယ့်မှာ ဒေါ်လာတစ်ထောင်ရှိမှ ဝယ်လို့ရမယ်။ ကိုယ်တွေက လူ့အခွင့်အရေးကို လိုချင်တယ်။ ဒီမိုကရေစီကို လိုချင်တယ်ဆိုရင် အဲဒီတန်းဖိုးနဲ့ ထိုက်တန်တဲ့ ပေးဆပ်မှုနဲ့ ထိုက်တန်တဲ့ ရင်းနှီးမြှပ်နံှမှုက ကိုယ်တွေဖက်မှာရှိမှ ကိုယ်လိုချင်တဲ့အရာက ရမယ်လို့ ယုံကြည်တယ်။

ကိုသားညွှန့်ဦး ။ ။ ကိုရဲမြင့်ဝင်းကို ကျေးဇူးအများကြီးတင်ပါတယ်။

XS
SM
MD
LG