အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ ကျောင်းသားတွေဟာ မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို စတင်ချီတက်နေသလို နယ်မြို့အသီးသီးက ကျောင်းသားတချို့ကလည်း ကျောင်းသားသပိတ်ကို ပူးပေါင်းပါဝင်ဖို့ နယ်မြေတချို့မှာ ပညာရေးဥပဒေကို ကန့်ကွက် ဆန့်ကျင်နေကြပါတယ်။
ပြည်သူ့လွှတ်တော် ပြန်လည်စတင်တဲ့နေ့ဖြစ်တဲ့ တနင်္လာနေ့တုန်းကတော့ သမ္မတက ပြည်ထောင်စု လွှတ်တော်နာယကကို ပေးပို့လိုက်တဲ့ သဝဏ်လွှာမှာ အတည်ပြုပြီးသား အမျိုးသားပညာရေးဥပဒေကို ပြည်ထောင်စု လွှတ်တော်ကနေ ပြန်လည်သုံးသပ်ပေးဖို့ ရေးသားထားပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
မန္တလေးမြို့ အိမ်တော်ရာဘုရာဝင်းကနေ စတင်ထွက်ခွာလာတဲ့ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ ကျောင်းသားသပိတ်ဟာ မနက်ပိုင်းကနေ လမ်းတလျှောက် ကြွေးကြော်သံတွေနဲ့ ချီတက်နေကြပါတယ်။
“အမျိုးသားပညာရေးဥပဒေ အလိုမရှိ၊ အလိုမရှိ။
အမျိုးသားပညာရေးဥပဒေ အလိုမရှိ၊ အလိုမရှိ။
ဒီမိုကရေစီပညာရေး တို့အရေး၊ တို့အရေး။”
ညနေပိုင်းမှာတော့ မန္တလေးတိုင်း မြစ်ငယ်မြို့ကို ရောက်ရှိနေပြီး သူတို့ကို အာဏာပိုင်တွေက မြို့နယ်တိုင်းမှာ နောက်ကနေ လိုက်လံသတင်းယူမှုတွေ ရှိနေတယ်လို့ ကျောင်းသားသပိတ် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းသွေးသစ် က ဆိုပါတယ်။
“လမ်းဆုံလမ်းခွတိုင်းမှာ ရဲတွေက ကျနော်တို့အင်အားကို ရေတာ၊ နောက် ဗွီဒီယိုရိုက်တာ၊ ဓာတ်ပုံမှတ်တမ်း ယူတာတွေရှိတယ်။ ယူနီဖောင်းအပြည့်အစုံနဲ့ ရဲတွေ၊ လမ်းတလျှောက်မှာ ကျနော်တို့နောက်က လိုက်နေတဲ့ ရဲအင်အားက ဝတ်စုံပြည့် ဝတ်ပြီးတော့ပေါ့ မြစ်ငယ်ကိုရောက်တဲ့ အချိန်မှာ သူတို့တပ်ဖွဲ့ပြန်ချိန်းသွားတယ်။ အရပ်ဝတ်နဲ့ လိုက်နေတာတွေကတော့ အများကြီးပါပဲ ဆိုင်ကယ်လ်နဲ့။”
အလားတူ မုံရွာ၊ ပခုက္ကူ၊ ထားဝယ် စတဲ့ နေရာတချို့မှာလည်း အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင် ကန့်ကွက်မှုတွေ ရှိနေပြီး နယ်မြို့အသီးသီးကနေ သူတို့သပိတ်ကို လာရောက်ပူးပေါင်းမှာ ဖြစ်တယ်လို့ သပိတ်ခေါင်းဆောင်တဦးလည်းဖြစ် ဗကသများအဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်တဲ့ မဖြိုးဖြိုးအောင် က ဆိုပါတယ်။ ကျောင်သားသပိတ်တွေဟာ ရန်ကုန်မြို့မှာ လာရောက် ပူးပေါင်းကြမှာဖြစ်ပြီး ၁၅ ရက်အတွင်း ရန်ကုန်မြို့မှာ သပိတ်စခန်းဖွင့်မယ်လို့ ကျောင်းသားကြေညာထားပါတယ်။
လွှတ်တော်ပြန်စခဲ့တဲ့ တနင်္လာနေ့တုန်းကတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်နာယကကို သဝဏ်လွှာပို့ရမှာ အတည်ပြုပြီးသား အမျိုးသားပညာရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်ကနေ ပြန်လည်သုံးသပ်ပေးဖို့ ရေးသားထားပါတယ်။
ဒီအထဲမှာ ကျောင်းသားတွေ ထောက်ပြပြောဆိုခဲ့တဲ့ အချက်တွေထဲက ဗဟိုချုပ်ကိုင်မှု လျှော့ချရေး အမျိုးသား ပညာရေး ကော်မရှင် မလိုကြောင်း တောင်းဆိုမှုနဲ့ အလားတူ အဆင့်မြင့် ပညာရေး ပေါင်းစပ်မှု ကော်မတီ မလိုအပ်ကြောင်း တောင်းဆိုမှု ဆရာအဖွဲ့အစည်းတွေ ကျောင်းသားအဖွဲ့အစည်းတွေ ဖွဲ့စည်းနိုင်ရေး ဥပဒေမှာ ထည့်သွင်းနိုင်ရေး တောင်းဆိုမှု လူတိုင်းအကျုံးဝင် ပညာရေးကို ဥပဒေမှာ ထည့်သွင်းဖို့ တိုင်းရင်းသား စာပေယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ဖို့ တောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ လက်တွေ့ကျင့်သုံးရခြင်း မရှိသေးတဲ့ ဥပဒေနဲ့ပတ်သက်လို့ ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးနိုင်တဲ့ ဥပဒေမူဘောင်ထဲမှာ မရှိတဲ့အတွက် ဥပဒေပြုရေးအပိုင်းကနေ ပြန်လည်စဉ်းစားသုံးသပ်ရန် လိုအပ်ပါတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ NNER လို့ခေါ်တဲ့ ပညာရေးအဖွဲ့အစည်းရဲ့ မူဝါဒညှိနှိုင်းရေးအဖွဲ့ဝင် မသူသူမာကတော့ သမ္မတရဲ့ သဝဏ်လွှာဟာ ကျောင်းသားလှုပ်ရှားမှုတွေကြောင့် သက်ရောက်လာတယ်လို့ ယူဆကြောင်းနဲ့ ပညာရေးဥပဒေ ရေးဆွဲစဉ်က ပါဝင်ခဲ့ရတဲ့ အရပ်ဘက် အဖွဲအစည်းတွေဟာ National Level အဆင့်မှာတော့ ပါဝင်ခွင့် ဆုံးဖြတ်ချက်ချခွင့်တွေ ကန့်သတ်ခံရတာကြောင့် ဒီအခြေအနေတွေ ဖြစ်လာရတယ်လို့ ဆိုပါတယ်။
“ကျောင်းသားတွေ ဆန္ဒထုတ်ဖော်မှုကြောင့် သက်ရောက်မှုရဲ့ နောက်ဆက်တွဲကိစ္စ ဖြစ်တဲ့အတွက် ကျောင်းသားတွေတောင်းဆိုထားတဲ့ ၄ ပွင့်ဆိုင်ပေါ့နော် အစိုးရရော၊ လွှတ်တော်ရော၊ ကျမတို့ NNER ပညာရေးအဖွဲ့အစည်းရောပေါ့ အဲ့လိုပါတဲ့ တွေ့ဆုံဆွေးနွေးရေးတွေကပဲ အကောင်းဆုံး အဖြေရှာနိုင်မယ်လို့ ထင်ပါတယ်။ အရင်တုန်းကတော့ ခုနပြောတဲ့ ဒီမိုကရေစီနည်းလမ်းကျတဲ့ တာဝန်ယူခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့်က ကန့်သတ်ပစ်လိုက်တာကိုနော်။ ပထမဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ပဲရှိတယ်။ ဆုံးဖြတ်ပိုင်ခွင့်ကတော့ လုံးဝကို မရှိဘူး။ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပညာရေးအဖွဲ့အစည်းတွေဟာ တကယ့် National Level အဆင့်ပေါ့နော် Finalize ကိုရောက်တဲ့အချိန်ကျတော့ လုံး၀ ပါဝင်ခွင့်ရော၊ ဆုံးဖြတ်ပိုင်ခွင့်ရော မရှိခဲ့တဲ့အတွက် ဒါက ပိုပြီးတော့ အငြင်းပွားစရာ ဖြစ်လာတာပေါ့နော်။ အခု သမ္မတရဲ့ သဝဏ်လွှာမှာလည်းပါတယ်။ ပညာရေးနဲ့သက်ဆိုင်တဲ့အဖွဲ့တွေကိုလည်း သူ ၉၉ ကြိမ် ဆွေးနွေးပွဲတွေ လုပ်ပြီးတော့မှ ထွက်လာတဲ့ အမျိုးသားပညာရေးဥပဒေကို လွှတ်တော်ကိုတင်ပြီးတော့ ဒီလွှတ်တော်က အတည်ပြုပေးခဲ့တဲ့အတွက် ဒါကတော့ သူက ခုခံကာကွယ် ပြောဆိုသွားတာပေါ့နော်။”
အငြင်းပွားဖွယ်ဖြစ်နေတဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်လို့ လွှတ်တော်မှာတော့ ဘယ်လို ဆုံးဖြတ်မယ်ဆိုတာ မသိပေမဲ့ ကျောင်းသားတွေကတော့ အစိုးရ၊ လွှတ်တော်၊ NNER လို ပညာရေးအဖွဲ့အစည်းနဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုကော်မတီတို့ တရားဝင် ဆွေးနွေးနိုင်ဖို့ကိုပဲ တောင်းဆိုနေပါတယ်။