သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေယာသိမ်းပိုက်မှု နှင့် ဆင်းရဲမွဲတေမှု


မြေယာသိမ်းပိုက်မှု ပြဿနာကို အာဏာပိုင်တွေက မျှတစွာ ဖြေရှင်းနိုင်တဲ့အတွက် လယ်သမားတွေ နစ်နာနေရတယ်လို့ တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်က နိုဝင်ဘာ (၁၀) ရက်နေ့က ပြောပါတယ်။ လွန်ခဲ့တဲ့ (၄) လလောက်ကပဲ စစ်တပ်က ဦးဆောင်ပြီး မြေယာသိမ်းပိုက်တဲ့ကိစ္စကို လွှတ်တော်မှာ အပြင်းအထန် ဆွေးနွေးခဲ့ကြပါတယ်။ ဖြေရှင်းနိုင်တဲ့အမှုကနည်းပြီး မဖြေရှင်းနိုင်တာက များလွန်းတာမို့ ကန့်ကွက်ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။ စစ်တပ်ကို ကိုယ့်ရိက္ခာ ကိုယ်ရှာခိုင်းချိန်ကစပြီး မြေယာသိမ်းပိုက်မှုများလာတာ ဖြစ်ပါတယ်။ နောက်တော့ ခရိုနီအရင်းရှင်တွေ မြေယာပိုင်ရှင် ဖြစ်လာပါတယ်။

မြန်မာ့လူဦးရေ (၇၀) ရာခိုင်နှုန်းဟာ ကျေးလက်ဒေသမှာ နေထိုင်ပြီး စိုက်ပျိုးရေးမှာ ပါဝင်လုပ်ကိုင်နေကြပါတယ်။ ဒါကြောင့် ကျေးလက်မိသားစုတွေအတွက် အရေးအကြီးဆုံးဟာ မြေကြီးဖြစ်ပါတယ်။ မြေယာပိုင်ဆိုင်မှုကို အစဉ်အလာဓလေ့ထုံးစံအရ အသိအမှတ်ပြုကြတာ များပါတယ်။ မြေယာကို အမှီပြုပြီး ဘဝရပ်တည်ကြသူတွေ ဖြစ်တာကြောင့် မြေယာကို သိမ်းယူလိုက်တာနဲ့ ဘဝရပ်တည်မှုကို ထိခိုက်သွားပါတယ်။ လျော်ကြေးကို လက်ခံသည်ဖြစ်စေ၊ မတရားအသိမ်းခံရသည်ဖြစ်စေ မြေယာမဲ့ဖြစ်သွားတဲ့ လယ်သမားဟာ ဈေးတက်လာတဲ့ မြေယာကို ပြန်ရနိုင်ဖို့ အခက်အခဲ ရှိခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရ တက်လာပြီး မြေယာသိမ်းပိုက်မှု ပြဿနာဖြေရှင်းဖို့ ဥပဒေပြဌာန်းပြီး ကော်မတီတွေဖွဲ့တဲ့အချိန်မှာ လယ်ယာမြေအများအပြား စစ်အုပ်စုနဲ့ ခရိုနီအရင်းရှင်တွေ လယ်ထဲရောက်ကုန်လို့ လယ်ယာမဲ့တွေ အတော်များနေပါပြီ။ လယ်သမားတွေရဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေကိုကြည့်ရင် သိနိုင်ပါတယ်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ပေးပို့တဲ့ တိုင်စာတွေထဲမှာ အများစုဟာ မြေယာနဲ့ ပတ်သက်နေပါတယ်။ လယ်ယာမဲ့ ပြဿနာအရေးကြီးပုံကို အစိုးရသဘောပေါက်ပေမယ့် ဖြေရှင်းတဲ့နေရာမှာ အားနည်းနေပါတယ်။ ဒီနှစ် ဇန်နဝါရီလမှာ မြေယာသိမ်းပိုက်ခဲ့တာကို စစ်တပ်က တောင်းပန်ပြီး နောက်ထပ်မသိမ်းပိုက်ဖို့ ကတိပြုပါတယ်။ သိမ်းထားတဲ့ မြေယာထဲက အနည်းအကျဉ်းကို ပြန်ပေးတာမျိုး လုပ်လာပါတယ်။ ဒါပေမဲ့ လယ်ယာမြေဆုံးရှုံးသူတွေ သိန်းချီပြီးရှိနေဆဲ ဖြစ်ပါတယ်။

မြေယာပိုင်ဆိုင်မှုနဲ့ ပတ်သက်လာရင် ၁၉၅၃ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး နှင့် လယ်ယာမြေ အက်ဥပဒေဟာ အရေးကြီးပါတယ်။ နိုင်ငံထဲက မြေအားလုံးကို နိုင်ငံတော်ကပိုင်တယ်လို့ သတ်မှတ်ထားတာမို့ အစိုးရပိုင်နဲ့ အတူတူ ဖြစ်ပါတယ်။ ဒီသဘောတရားကို ၁၉၇၄ မဆလ ဆိုရှယ်လစ်အခြေခံဥပဒေနဲ့ လက်ရှိ အခြေခံဥပဒေကလည်း အသိအမှတ် ပြုထားပါတယ်။ ၁၉၅၃ ဥပဒေဟာ လယ်ယာပိုင်ဆိုင်မှုကို အသိအမှတ်ပြုပေမယ့် ရောင်းဝယ်မှုနဲ့ လွှဲပြောင်းမှုကို ကန့်သတ်ပိတ်ပင်ထားပြီး အစိုးရကိုတော့ ပလပ်မြေကို သိမ်းယူခွင့် ပေးထားပါတယ်။ ၁၉၆၃ သီးစားချထားရေး ဥပဒေနဲ့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးဥပဒေတွေကလည်း နိုင်ငံသားရဲ့ မြေယာပိုင်ဆိုင်ခွင့်တွေကို ကန့်သတ်ထားပါတယ်။ အခုတော့ ဒီဥပဒေ (၃) ခုစလုံးကို ဦးသိန်းစိန်အစိုးရက ရုတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

လက်ရှိအစိုးရဟာ ၂၀၁၂ မှာ လယ်ယာမြေဥပဒေနဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေကို ပြဌာန်းပြီး မြေဧက ငါးသောင်းအထိ လုပ်ပိုင်ခွင့် ပေးပါတယ်။ လယ်ယာမြေဥပဒေအရ လယ်မြေကို ရောင်းချခွင့်၊ ပေါင်နံှခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်၊ ပေးကမ်းခွင့် ရှိလာတာကြောင့် လယ်မြေဟာ ကုန်ပစ္စည်း ဖြစ်လာပါတယ်။ ဒါပေမဲ့ ၁၉၉၅ လောက်ကစပြီး စစ်အုပ်စုက မြေယာတွေ သိမ်းပိုက်လာခဲ့တာ ဖြစ်ပါတယ်။ အခုဖြစ်နေတဲ့ မြေယာပြဿနာတွေဟာ အဲဒီအချိန်ကစခဲ့တဲ့ သိမ်းပိုက်မှုတွေမှာ မြစ်ဖျားခံပါတယ်။ စစ်တပ် (သို့မဟုတ်) နီးစပ်တဲ့ ကုမ္ပဏီတွေ မြေယာသိမ်းယူနိုင်အောင် အစိုးရက စီစဉ်ပေးပါတယ်။ ကြံ့ဖွံ့ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမြင့်ရဲ့ ယုဇနကုမ္ပဏီဟာ ဖားကန့်နဲ့ တနိုင်းမြို့နယ်မှာ ၂၀၀၆ က မြေယာဧက (၂) သိန်းကျော် သိမ်းယူတာကို အခုမှ စစ်ဆေးဖို့ ပြင်ဆင်နေပါတယ်။

တိုင်းပြည်ရဲ့ မြေယာအားလုံးကို အစိုးရပိုင်တယ်လို့ ယူဆပြီး အာဏာပိုင်တွေရဲ့ ဆွေမျိုးသားချင်းနဲ့ အပေါင်းအသင်းတွေကို လုပ်ပိုင်ခွင့် ချပေးတဲ့စနစ် ဖြစ်ပါတယ်။ နိုင်ငံခြားကုမ္ပဏီကြီးတွေကိုလည်း အစိုးရက မြေငှားပြီး ကန်ထရိုက်လယ်ယာ လုပ်ခွင့်ပေးပါတယ်။ အာဏာသုံးပြီး မြေယာဝေငှမှုကြောင့် ပိုင်ဆိုင်မှု ‘ကချော်ကချွတ်’ ဖြစ်ပြီး လယ်ယာမဲ့ လယ်သမားတွေ များလာပါတယ်။ Michigan တက္ကသိုလ်နဲ့ MDRI မြန်မာသုတေသနဌာနတို့ မနှစ်က ထုတ်ပြန်တဲ့ ပူးတွဲလေ့လာချက်အရ ကျေးလက်မိသားစု (၅၀) ရာခိုင်နှုန်းလောက်ဟာ လယ်ယာမရှိတဲ့ လယ်သမားတွေဖြစ်ကြောင်း သိရပါတယ်။ မြစ်ဝကျွန်းပေါ်မှာတော့ လယ်ယာမဲ့ဦးရေဟာ (၈၀) ရာခိုင်နှုန်းလောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာ့လူဦးရေ (၇၀) ရာခိုင်နှုန်းဟာ ကျေးလက်နေပြည်သူတွေ ဖြစ်ပါတယ်။ ဒီအထဲက တဝက်သာ လယ်မဲယာမဲ့ ဆင်းရဲသားတွေပါ။ လယ်ယာလုပ်ပိုင်ခွင့်နဲ့ ပတ်သက်လို့ အငြင်းပွားပြီး ဆန္ဒပြနေရသူတွေ ဖြစ်ပါတယ်။ ကျေးလက်နေပြည်သူတွေ ဘဝရပ်တည်ရေး ကျပ်တည်းတာဟာ လူမှုရေးမတည်ငြိမ်မှုနဲ့ ပဋိပက္ခကို ဖိတ်ခေါ်သလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲမယ်၊ ရင်းနှီးမြုပ်နံှမယ်၊ လယ်သမား အကျိုးပြုလမ်းစဉ် ကျင့်သုံးမယ်ဆိုရင်တော့ ရေရှည်မှာ တိုးတက်လာဖွယ် ရှိပါတယ်။

XS
SM
MD
LG