သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Heart စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Romantic boy and girl
Romantic boy and girl

ဒီသီတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ ကျရောက်မယ့် Valentine's Day ချစ်သူများနေ့ကို ရည်းစူးပြီး Heart - အသဲနှလုံး စကားလုံးဝေါဟာရကို အခြေခံတဲ့ Heart Throb, Pull your Heart Strings, Heart to Heart နဲ့ To Wear your Heart on your Sleeve အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။

(၁) Heart Throb

Heart က အသဲနှလုံး၊ Throb က ခုန်စေတာ၊ ဒီနေရာမှာ Heart နဲ့ တွဲသုံးထားတဲ့ Throb ကတော့ ရင်ခုန်စေတဲ့လူကို ဆိုလိုပါတယ်။ ရင်ခုန်တယ်ဆိုတော့ ကိုယ်ကမေတ္တာရှိလို့ အမျိုးသမီး သို့မဟုတ် အမျိုးသားကို တွေ့မြင်လိုက်ရင် ရင်ခုန်တယ်၊ စိတ်လှုပ်ရှားတယ်၊ ဖီလင် (feeling) တက်လာတက်လာတဲ့ သဘောဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ကိုရင်ခုန်စေတဲ့ ကိုယ့်ချစ်သူ သို့မဟုတ် ကိုယ့်ကနှစ်သက် သဘောကျနေတဲ့ ရုပ်ရှင်မင်းသမီး၊ မင်းသား၊ အဆိုတော် စသဖြင့်တို့ကို ကိုယ့်ရဲ့ Heart Throb တနည်း အသဲစွဲလို့ ဘန်းစကားအရ ရည်ညွှန်းသုံးကြပါတယ်။
ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

During my mother's days, Elvis Presley was the heart throb of most teenage girls. They would scream every time he appeared on stage.

ကျနော့်အမေတို့ ခေတ်တုန်းက ဆယ်ကျော်သက် အမျိုးသမီးလေးတွေရဲ့ အသဲစွဲက Elvis Presley ဖြစ်တယ်။ သူစင်ပေါ်တက်လာတိုင်း အမျိုးသမီးတွေက အသံကုန်အော်ဟစ် အားပေးကြတယ်။

(၂) Pull Your Heart Strings

Pull ဆွဲတာ၊ Your သင့်ရဲ့၊ Heart အသဲနှလုံး၊ Strings ကြိုးစများ ဖြစ်ပါတယ်။ စကားပိုဒ်တခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အသဲနှလုံးရဲ့ ကြိုးများကို ဆွဲယူတာ ဖြစ်ပါတယ်။ မြန်မာစကားမှာလည်း သံယောဇဉ် နှောင်ကြိုးတွေဆိုတာ ရှိပါတယ်။

ဒီနေရာမှာ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ အသဲနှလုံးမှာ ခံစားချက် ပြင်းထန်ကြီးမားတာမျိုးကို ဆိုလိုပါတယ်။ တနည်းတော့ ရင်ထဲမှာ၊ အသဲထဲမှာ ခိုက်စေတဲ့ သဘောမျိုး ဖြစ်ပါတယ်။ မေတ္တာတရား ကြီးမားလို့ပဲဖြစ်စေ၊ အကြင်နာတရား ကြီးမားလို့ပဲဖြစ်စေ၊ သနားစိတ်ကြောင့်ဖြစ်စေ ပေါ်ပေါက်လာတဲ့ ခံစားမှုမျိုးကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The story we saw on TV about the victims of the Haiti earthquake last year pulled our heart strings.

မနှစ်တုန်းက ဟေတီမြေငလျင်သင့်တဲ့ လူတွေအကြောင်း တီဗွီပေါ်မှာ မြင်လိုက်ရတော့ ကျနော်တို့ တော်တော်လေး ရင်ထဲအသဲထဲမှာ စိတ်ထိခိုက်ခဲ့ကြရတယ်။

(၃) Heart to Heart

Heart အသဲနှလုံး၊ to သို့၊ Heart အသဲနှလုံးတို့ ဖြစ်ကြပြီး Heart to Heart က အသဲနှလုံးတခုမှ နောက်တခုသို့၊ တနည်းအားဖြင့် အသဲနှလုံး အချင်းချင်းကြားလို့ တိုက်ရိုက်အဓိပ္ပါယ် ပြန်ဆိုနိုင်ပါတယ်။ အီဒီယံ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ အရှိကိုအရှိအတိုင်း သူ့စိတ်ထဲမှာရှိတာ၊ ကိုယ်စိတ်ထဲမှာရှိတာကို ပွင့်ပွင့်လင်းလင်း ပြောဆိုကြတာကို ဆိုလိုပါတယ်။
ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

After having a good heart to heart talk with my friend, we understood each other much better and managed to be on better terms.

ကျနော့်သူငယ်ချင်းနဲ့ ကျနော့်ကြား သူကလည်း သူ့စိတ်ထဲရှိတဲ့အတိုင်းပြော ကျနော်ကလည်း ကျနော့်စိတ်ထဲရှိတဲ့အတိုင်း ပြောကြတော့ တဦးနဲ့တဦး ပိုမိုနားလည်လာကြတယ်။ ခင်မင်မှုလည်း ပိုခိုင်မြဲလာတယ်။

(၄) To Wear your Heart on your Sleeve

To wear ဝတ်ဆင်တာ၊ Your heart သင်ရဲ့ အသဲနှလုံး၊ On အပေါ်မှာ၊ Sleeve အင်္ကျီလက်ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က အင်္ကျီလက်ပေါ်မှာ သင့်ရဲ့အသဲနှလုံးကို ဆင်ထား၊ တင်ထားတဲ့သဘော ဖြစ်ပါတယ်။ ကိုယ့်ရဲ့ လက်ပေါ်မှာ အသဲနှလုံးကို တင်ထားတပ်ထားတယ်လိုု့ တင်စားပြောတဲ့ သဘောကတော့ ကိုယ့်စိတ်ထဲ၊ ကိုယ့်ခံစားချက်ကို လူတွေက ကိုယ့်ကိုမြင်တာနဲ့ သဘောပေါက်ကြတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

အထူးသဖြင့် လူတဦးတယောက်အပေါ် မေတ္တာရှိနေပြီဆိုရင် အဲဒီလူကို ဘယ်လောက်ကြိုက်တယ်၊ ချစ်တယ်၊ မြတ်နိုးတယ်ဆိုတာကို ပေါ်လွင်နေတဲ့ သဘော ဖြစ်ပါတယ်။ အလားတူပဲ မုန်းတယ်ဆိုရင်လည်း ဘယ်လောက် မုန်းတယ်ဆိုတာကို သူရဲ့အပြုအမှု၊ သူ့ပုံစံအရ သိသာနိုင်တာကို ဆိုလိုပါတယ်။
ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

All his friends know John is in love with Nancy. He wears his heart on his sleeve.

John တယောက် Nancy ကို ကြိုက်နေတယ်ဆိုတာကို သူ့ရဲ့သူငယ်ချင်းတွေအားလုံး သိကြတယ်။ သူ့အမူအရာကို မြင်တာနဲ့ သူဘယ်လောက် စွဲလန်းနေသလဲဆိုတာကို လူတွေသဘောပေါက်ကြတယ်။

ဒီသီတင်းပတ် တင်ပြခဲ့တဲ့ Heart ကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းတွေက Heart Throb, Pull your Heart Strings, Heart to Heart နဲ့ To Wear your Heart on your Sleeve တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG