သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Boat စကားလုံးအခြေခံ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ လှေ၊ သင်္ဘော (boat) ကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ All in the same boat, Don’t rock the boat, Miss the boat နဲ့ Don’t miss the boat တို့ကို တင်ပြပေးထားပါတယ်။

All in the same boat

All (အားလုံး)၊ In (အထဲမှာ)၊ the same (အတူတူ)၊ boat (လှေ၊ သင်္ဘော) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လှေတစင်းထဲမှာ၊ သင်္ဘောတစီးထဲမှာ အားလုံးအတူရှိနေတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ မြစ်ထဲ၊ ပင်လယ်ထဲမှာ လှေတစင်း၊ သင်္ဘောတစီးထဲမှာ ရောက်နေတယ်ဆိုရင် တွေ့ကြုံနေရတဲ့ အခက်အခဲ ပြဿနာကို အားလုံးအတူတူ ရင်ဆိုင်ရမယ့် အခြေအနေ၊ ဘဝမျိုး ရောက်နေတာကို ဆိုလိုပါတယ်။ တနည်းအားဖြင့် ပြေးပေါက်မရှိ၊ လွတ်လမ်းမရှိ၊ အတူတူဖြစ်နေတဲ့အတွက်ကြောင့်လည်း လာမယ့်ဘေးကို အတူတူပြေးတွေ့ ရင်ဆိုင်ကြရဖို့အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ အီဒီယံအသုံးအရ ပြောမယ်ဆိုရင်တော့ ကျမတို့ မြန်မာမှာဆိုရင် ဘဝတူအကျိုးပေးချင်းတူတယ်၊ အုပ်စုချင်းတူတယ်။ တလှေတည်းစီး တခရီးတည်းသွားတယ်ဆိုရင် ဒီအသုံးကိုရည်ညွှန်းသုံးနိုင်ပါတယ်။ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

If our company closes down, we are all in the same boat. We will lose our jobs and will have to look for new ones.

ကျနော်တို့ ကုမ္မဏီသာ ပိတ်ပြစ်ရမယ့်အခြေအနေ ရောက်ရင် ကျနော်တို့အားလုံး ဘဝတူတွေ ဖြစ်ကြလိမ့်မယ်။ အလုပ်ပြုတ်ကြမယ်၊ အလုပ်သစ်တွေ ရှာကြရ မယ်။

Don’t rock the boat

Don’t ( မလုပ်ပါနဲ့)၊ rock က ကြိယာ (verb) ဖြစ်ပြီး (လှုပ်တာ၊ လွှဲတာ)၊ the boat (လှေ၊ သင်္ဘော) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လှေကို မလှုပ်ပါနဲ့ ဖြစ်ပါတယ်။ လှေစီးနေတယ့်လူက လှေကိုလှုပ်ရင် ဘယ်လိုဖြစ်မလဲဆိုတာကို အားလုံးအသိပါ။ လှေမှောက်နိုင်ပါတယ်။ နေ့စဉ်အသုံး အီဒီယံအဓိပ္ပါယ်ကတော့ အခြေအနေကို ပိုဆိုးအောင်၊ ပြောင်းသွားအောင်၊ ပြဿနာဖြစ်အောင် ဘာမှမလုပ်ပါနဲ့လို့ ဆိုလိုပါတယ်။ ကျမတို့ မြန်မာဘန်းစကားအရတော့ သူ့ဖာသာသူရှိပါစေ၊ ဝင်မနှောင့်ပါနဲ့လို့ ဆိုပါတယ်။ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The wedding is getting close. So, don’t rock the boat by saying bad things about the groom’s past.

မင်္ဂလာဆောင်က နီးလာနေပြီ။ ဒါကြောင့် သတိုးသားရဲ့ အတိတ်က ဆိုးခဲ့တဲ့အကြောင်းတွေကို သွားပြောပြီးဝင်မနှောင့်လေနဲ့။

Miss the boat

Miss က ဒီနေရာမှာ ကြိယာ (verb) ဖြစ်ပြီး (လွတ်သွားတယ်)၊ the Boat (သင်္ဘော၊ လှေ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သင်္ဘော၊ လှေ လွတ်သွားသည် ဖြစ်ပါတယ်။ ဒီနေရာမှာ boat ဟာ နေ့စဉ်ဘဝမှာ အခွင့်အလမ်းကောင်းတရပ်နဲ့ ရည်ညွှန်းတင်စားပြောထားတာ ဖြစ်ပါတယ်။ ဒါကြောင့် Miss the boat က ကိုယ့်အတွက် အခွင့်အလမ်းကောင်းတရပ်လက်လွတ်သွားတာကို ဆိုလိုပါတယ်။ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I missed the boat in applying for a scholarship for the top university. I did not mail my application in time to meet the deadline.

အဲဒီ ထိပ်တန်းတက္ကသိုလ်မှာ ပညာတော်သင်ဆု လျှောက်ဖို့ ကျနော် လွတ်သွားတယ်။ ကျနော် လျှောက်လွှာပိတ်ရက် အမှီစာတိုက်ကနေမထည့်ဖြစ်လိုက်ဘူး။

Miss the boat က အခွင့်ကောင်း လက်လွတ်သွားတယ်လို့ အဓိပ္ပါယ်ရတော့ အခွင့်ကောင်းကို လက်လွတ်မခံနဲ့ဆိုရင် Don’t miss the boat လို့ ပြောနိုင်ပါတယ်။ စာလုံးပေါင်းက miss the boat ရှေ့မှာ Don’t စကားလုံး ထည့်လိုက်ရုံ ဖြစ်ပါတယ်။ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Don’t miss the boat to do business in Burma.

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ အခွင့်လမ်းကောင်းကို လက်လွတ်မခံနဲ့။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ idioms အသုံးတွေက All in the same boat, Don’t rock the boat, Miss the boat နဲ့ Don’t miss the boat တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG