သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Fight စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ရန်ဖြစ်တယ် (Fight) ကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ A Fighting chance, Pick a fight, Put up a fight နဲ့ Come out fighting တို့ကို တင်ပြပေးထားပါတယ်။

A Fighting chance

A (တခု)၊ Fighting (ရန်ဖြစ်နေတာ)၊ Chance (အခွင့်အလမ်း) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ရန်ဖြစ်တဲ့ အခွင့်အလမ်းပေါ့။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ တခုခုကနေ ရုန်းထွက်နိုင်စေမယ့် အခွင့်အလမ်းတရပ်လည်း ဖြစ်နိုင်သလို၊ တခုခုကို လုံလစိုက်ပြီး ကြိုးစားမယ်၊ အခြေအနေကလည်း ပေးမယ်ဆိုရင် အောင်မြင်နိုင်မယ့် အလားအလာ၊ မျှော်လင့်ချက်ရှိတဲ့သဘောမျိုး ဖြစ်ပါတယ်။ တနည်းတော့ ကြိုးစားကြည့်ရင် ရကောင်းရနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်လို့ ဆိုရမှာပါ။

ဥပမာ

He has a fighting chance to win the race, but he needs to train a lot.

သူက အပြေးပြိုင်ပွဲမှာ ကြိုးစားမယ်ဆိုရင် ပြောလို့တော့မရနိုင်ဘူး၊ နိုင်မယ်ဆိုလည်း နိုင်နိုင်တယ်။ ဒါပေမဲ့လို့ သူအတော်လေး လေ့ကျင့်ဖို့တော့ လိုမှာဖြစ်တယ်။

Pick a fight

Pick (ရွေးတာ)၊ A (တခု)၊ Fight (ရန်ဖြစ်တာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ရန်ဖြစ်ဖို့ ရွေးတာပေါ့။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ ရန်ဖြစ်ဖို့စတာ၊ ဒေါသထွက်အောင် လုပ်တာကို ဆိုလိုပါတယ်။

ဥပမာ
John picked a fight with the boy next door by snatching food from his hands.

John က အိမ်နံဘေးက ကောင်လေးကို ရန်စတဲ့အနေနဲ့ သူ့လက်ထဲကမုန့်ကို လုပြေးခဲ့တယ်။

Put up a fight

Put က သာမန်အားဖြင့် (ထားတယ်) လို့ အဓိပ္ပါယ်ရပေမယ့် ဒီနေရာမှာ Up (adverb ကြိယာဝိသေသန) နဲ့ တွဲပြီး put up ဆိုတော့ (လုပ်ဆောင်တယ်၊ ပြသတယ်)၊ A (တခု)၊ Fight (ရန်ဖြစ်တာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ရန်ဖြစ်ပြတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ ကိုယ့်ကိုလာပြီး ရန်မူတယ်၊ လာဗိုလ်ကျတယ်ဆိုရင် ငြိမ်မခံဘဲ ပြန်ရန်တွေ့တာ၊
ကိုယ့်ကိုလာစော်ကားတယ်ဆိုရင် ခံချတာ၊ ရှုံးတော့မှရှုံးရော အတတ်နိုင်ဆုံး မရှုံးရလေအောင် ကြိုးစားကာကွယ်တာ၊ ကျမတို့ မြန်မာမှာဆိုရင်တော့ လွယ်လွယ်နဲ့ အရှုံးမပေးတာမျိုးကို ဆိုလိုပါတယ်။ ဒီနေရာမှာ ကောင်းတယ်လို့ အဓိပ္ပါယ်ရတဲ့ Good နဲ့တွဲပြီး Put up a good fight လို့သုံးရင် နောက်ဆုံးရှုံးတဲ့အထိ တင်းခံထားပြီး မတတ်သာတော့မှဘဲ အရှုံးပေးလိုက်ရတဲ့ အခြေအနေမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။

ဥပမာ

The Republicans put up a good fight during the recent partial government shut down.

မကြာသေးမီက အစိုးရတစိတ်တပိုင်း ပိတ်ရတဲ့အခြေအနေဆိုက်တုန်းက Republicans တွေဘက်က နောက်ဆုံးရှုံးတဲ့အထိ တင်းခံခဲ့တာတွေ့ရတယ်။

Come out fighting

လာတယ်လို့ အဓိပ္ပါယ်ရတဲ့ Come ကို Out (Adverb ကြိယာဝိသေသန) နဲ့တွဲပြီး come out (အပြင်ကို ထွက်လာတာ)၊ Fight (ရန်ဖြစ်တာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ရန်ဖြစ်ပြီး အပြင်ထွက်လာတယ်ပေါ့။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က ကိုယ့်ခံယူချက်ကို ကိုယ်က ကာကွယ်နိုင်ဖို့ စထွက်ကတည်းက ခုခံဖို့ အဆင်သင့်ဖြစ်တာ၊ ကျမတို့ မြန်မာမှာ ဘတပြန် ကျားတပြန်ချမယ်၊ အနိုင်မခံ အရှုံးမပေးစိတ်ဓါတ်နဲ့ ရင်ဆိုင်မယ့်သဘောမျိုး၊ ဘန်းစကားအရဆိုရင် အပြတ်ချဲကြမယ့် အခြေအနေမျိုး ဟန်ပြင်လာတာကို ဆိုလိုပါတယ်။ ဒီနေရာမှာ fighting ဆိုတဲ့ ဝေါဟာရအစား လက်သီးပြင်ပြီး လက်ရမ်းပြီး ထွက်လာတယ်လို့ အဓိပ္ပါယ်ရတဲ့ Swinging နဲ့ အစားထိုးပြီးတော့ Come out swinging လို့လည်း အသုံးပြုနိုင်ပါတယ်။ လက်ဝှေ့ပွဲအစမှာ လက်ဝှေ့သမားနှစ်ဦးတို့ လက်သီးတပြင်ပြင်နဲ့ ထွက်လာတဲ့ပုံစံမျိုးကို မျက်စိထဲ မြင်စေချင်ပါတယ်။

ဥပမာ

Both sides of the debate came out fighting. It was fun to watch.

စကားရည်လုပွဲမှာ နှစ်ဖက်စလုံးက အနိုင်မခံ အရှုံးမပေး အပြတ်ချဲကြတော့ ကြည့်ကောင်းတဲ့ပွဲပါပဲ။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ idioms အသုံးတွေက A Fighting chance, Pick a fight, Put up a good fight နဲ့ Come out fighting တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG