သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Horse စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ နေ့ (day) စကားလုံး အီဒီယံ အသုံးအနှုန်းများဖြစ်တဲ့ dark horse, flog a dead horse နဲ့ don’t look a gift horse in the mouth တို့ကို တင်ပြထားပါတယ်။

ပထမဦးဆုံး dark horse အသုံးအနှုန်းကို တင်ပြပေးထားပါတယ်။ Dark = အမည်းရောင် (ဝါ) အနက်ရောင် (ဝါ) မှောင်သော၊ Horse = မြင်း တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မြင်းအနက်ရောင် ဖြစ်ပါတယ်။ အမေရိကန် အီဒီယံ အသုံးအနှုန်း အတော်များများဟာ အားကစားလောက,ကနေ ဆင်းသက်လာတာမို့ ဒီအသုံးအနှုန်းကလည်း အားကစားတမျိုးဖြစ်တဲ့ မြင်းပြိုင်ပွဲကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ မြင်းပြိုင်ပွဲမှာ မြင်းတွေအပြေးပြိုင်ရုံသာမက၊ မြင်းလောင်းတာလည်းရှိလေတော့ ပြိုင်မြင်းတွေအပေါ် လောင်းကြေးထိုးကြတဲ့အခါ၊ နံမည်သိပ်မရတဲ့ လူတွေက သိပ်မလောင်းတဲ့၊ တနည်းအားဖြင့် တစ်ပေးခြင်းသိပ်မခံရတဲ့၊ နိုင်မယ်လို့ လူတွေသိပ်မထင်ကြတဲ့ မြင်းမျိုးကို မြင်းပြိုင်ပွဲတွေမှာ dark horse လို့ ရည်ညွှန်းပြောလေ့ရှိကြပါတယ်။

တနည်းအားဖြင့်တော့ မြင်းဟာအနက်ရောင် ဖြစ်ချင်မှဖြစ်မှာပါ။ အဲဒီမြင်းအကြောင်း လူတွေသိပ်မသိကြတော့ အဲဒီမြင်းအကြောင်း အမှောင်ကျနေတဲ့သဘော ဖြစ်ပါတယ်။
နောက်ပိုင်းမှာ ဒီအသုံးအနှုန်းဟာ မြင်းပြိုင်ပွဲတွေမှာသာမက တခြားအားကစားလောမှာလည်း အသုံးပြုလာကြပြီး အဲဒီကတဆင့် နေ့စဉ်ဘဝ အထူးသဖြင့် နိုင်ငံရေးလောကမှာလည်း အသုံးပြုလာကြပါတယ်။ Dark horse ရဲ့ အီဒီယံအဓိပ္ပါယ်က လူတွေသိပ်မသိကြတဲ့၊ သိပ်မထင်ပေါ်တဲ့၊ နိုင်မယ်လို့လူတွေ သိပ်မထင်ကြတဲ့လူမျိုး။ ကျမတို့ မြန်မာမှာ ပြောလေ့ရှိတဲ့ ဒီလူဒီလောက်လာမယ်လို့ မထင်မှတ်ထားတဲ့လူမျိုးလိုပေါ့။

ဒီအသုံးနှင့် ပတ်သက်လို့ George Grow ပေးထားတဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

He was a dark horse in the Mayor’s race. But, the people liked his campaign style and voted for him!

သူကတော့ မြို့တော်ဝန်ရွေးကောက်ပွဲမှာ လူတွေသိပ်မသိကြတဲ့ ပုဂ္ဂိုလ်ပါ။ ဒါပေမဲ့ သူမဲဆွဲပုံကို လူတွေက သဘောကျကြတော့ သူ့အတွက်ကို မဲပေးကြတာပေါ့လို့ အဓိပ္ပါယ်ရပါတယ်။

ဆက်လက်တင်ပြပေးမယ့် အသုံးအနှုန်းက flog a dead horse ဖြစ်ပါတယ်။ Flog = တုတ်နဲ့ဆက်တိုက်ရိုက်သည်၊ A = တစ်ခု၊ တစ်ကောင်၊ Dead = သေသည်၊ Horse = မြင်း တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သေနေတဲ့မြင်းကို ဆက်တိုက်ရိုက်နေသည် ဖြစ်ပါတယ်။ မြင်းကိုစီးမယ်၊ လှည်းဆွဲခိုင်းမယ်ဆိုရင် မြင်းဆရာက ကြာပွတ် ဒါမှမဟုတ် ကြိမ်နဲ့ရိုက်မောင်းလေ့ရှိတာကို အများအသိပါ။ အသက်မရှိတော့တဲ့ မြင်းကိုရိုက်ပြီးရင်းရိုက်ပြီး ပြေးခိုင်းတယ်ဆိုရင် အကျိုးရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် အီဒီယံရဲ့ အဓိပ္ပါယ်ကရှင်းပါတယ်။ ဘာလုပ်လုပ်ထူးမှာ မဟုတ်တဲ့ကိစ္စရပ်တခုကို ဆက်လုပ်နေလို့ လူသာပင်ပန်းပြီး သဲထဲရေသွန်လိုမျိုးဖြစ်တာ၊ အချည်းနှီးဖြစ်တာကို ဆိုလိုတာဖြစ်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး George Grow ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Telling my brother to stop drinking is just like flogging a dead horse. He has been drunk most of his life.

ကျနော့်ရဲ့ အကိုကို အရက်မသောက်ဖို့ ပြောရတာတာ အချည်းနှီးပါပဲဗျာ။ သူတသက်လုံး အများအားဖြင့်က မူးချည်းပဲနေတယ်။

အခု နောက်ဆုံးတင်ပြပေးမှာကတော့ don’t look a gift horse in the mouth ဖြစ်ပါတယ်။ Don’t က Do Not = မလုပ်နဲ့လို့တားမြစ်တာ၊ Look = ကြည့်သည်ဖြစ်ပြီး Don’t look ဆိုတော့ မကြည့်နဲ့။ A = တစ်ခု၊ တစ်ကောင်၊ Gift = လက်ဆောင်၊ Horse = မြင်း၊ In = အထဲမှာ၊ the Mouth = ပါးစပ် တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လက်ဆောင်ရတဲ့မြင်းကို ပါးစပ်ဖြဲမကြည့်နဲ့ ဖြစ်ပါတယ်။ ကျမတို့ မြန်မာစကားမှာတော့ အလကားရတဲ့နွား သွားဖြဲမကြည့်နဲ့ဆိုတဲ့ အသုံးအနှုန်းအတိုင်း ဖြစ်ပါတယ်။ အီဒီယံအသုံးအနှုန်း သွယ်ဝိုက်အဓိပ္ပါယ်ကတော့ လက်ဆောင်ရတာ၊ တနည်းအားဖြင့် အလကားရတာကို အလကားရတဲ့မြင်းကို သွားတွေကောင်းရဲလား၊ ဘာလားနဲ့ ချေးထူတာမျိုးဖြစ်လို့ အဲဒီလို ဇီဇာမကျယ်ဘို့ ပေးတဲ့စေတနာကို ပျက်အောင်မလုပ်ဖို့ တင်စားသုံးထားတာ ဖြစ်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး George Grow ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Don’t look a gift horse in the mouth by saying you don’t like the color of the car your sister gave you for free. Be happy.

ခင်ဗျား အမက ခင်ဗျားကို အလကားပေးတဲ့ ကားကို၊ အရောင် မကြိုက်ဘူး၊ ဘာညာနဲ့ ပေးတဲ့လူ စေတနာ ပျက်ရလေအောင် ချေးမထူနဲ။ ဝမ်းသာစမ်းပါဗျာ။
XS
SM
MD
LG