သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Walk စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


တိုက်ရိုက် လင့်ခ်

ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ လမ်းလျှောက်တယ် (walk) လို့ အဓိပ္ပါယ်ရတဲ့ အီဒီယံ အသုံးအနှုန်းများဖြစ်တဲ့ Walk the walk, Walk on a tightrope နဲ့ Walk on eggshells တို့ကို တင်ပြထားပါတယ်။

(၁) Walk the walk

Walk က ဒီနေရာမှာ verb ကြိယာအဖြစ် သုံးထားပြီး လမ်းလျှောက်သည်။ The Walk က ဒီနေရာမှာ Noun နာမ်အဖြစ် သုံးထားပြီး လျှောက်တဲ့လမ်၊ ခင်းထားတဲ့လမ်းကို ဆိုလိုပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ခင်းထားတဲ့လမ်းကိုလျှောက်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ အပြောအတိုင်း လက်တွေ့လုပ်ဆောင်တာ ဖြစ်ပါတယ်။ လေကြီးပဲ ပေးတာမဟုတ်ဘဲ အပြောနှင့်အညီ လက်တွေ့လုပ်ဆောင်တာမျိုး ဖြစ်ပါတယ်။ ဒီအသုံးဟာ နှစ်ဆယ်ရာစု အမေရိကန်ပြည်ထောင်စုမှာ ခေတ်စားလာတာဖြစ်ပြီး Talk the talk ဆိုတဲ့ idiom နှင့် တွဲသုံးလေ့ရှိပါတယ်။ စကားပြောတယ်လို့ အဓိပ္ပါယ်ရတဲ့ talk ကို အခြေခံတဲ့ Talk the talk အသုံးကတော့ လေလုံးကြီးတာ၊ လေလုံးထွားတာ၊ လောကွတ်ကောင်းတာ၊ ပါးစပ်က လွယ်လွယ်နှင့် ပြောတာ အပြောကြီးသက်သက် ကျမတို့ မြန်မာဘန်းစကားအရ ပြောရင်တော့ ချောနေတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

If political leaders are going to talk the talk, they've got to walk the walk, too. At least get something done!

နိုင်ငံရေး ခေါင်းဆောင်တွေအနေနှင့် အပြောချည်းသက်သက် မဟုတ်ဘဲ လက်တွေ့လည်း လုပ်ဆောင်ပြသင့်ရမယ်။ အနည်းဆုံးတော့ တခုခုကို အောင်မြင်အောင်တော့ လုပ်ပြနိုင်ရမှာ ဖြစ်ပါတယ်။

(၂) Walk on a tightrope

Walk (လမ်းလျှောက်သည်)၊ on (အပေါ်မှာ) a (တစ်ခု)၊ tight (တင်းတာ)၊ rope (ကြိုး) ဖြစ်ပြီး Tightrope က တင်းနေတဲ့ ကြိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က တင်းနေတဲ့ ကြိုးပေါ်မှာ လမ်းလျှောက်သည် ဖြစ်ပါတယ်။

ကျမတို့ မြန်မာအသုံးဖြစ်တဲ့ ကြိုးတန်းပေါ်မှာလမ်း လျှောက်တယ်ဆိုတဲ့ စကားအတိုင်းပါ။ ဆပ်ကပ်ပွဲတွေမှာ အမြင့်မှာ ဟိုဘက်ဒီဘက် တန်းထားတဲ့ဲ့ကြိုးတန်းပေါ်မှာ လမ်းလျှောက်ပြရတဲ့ လူဟာ တလှမ်းခြင်းကြည့်လျှောက်နေရပြီး၊ နည်းနည်းလေး တိမ်းစောင်းတာနှင့် အောက်ပြုုတ်ကျရင် အသက်အန္တရာယ် ကျရောက်နိုင်သလို အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ ဒုက္ခအကြီးအကျယ် ရောက်နိုင်လို့ သတိသိပ်ပြီး ထားနေရတဲ့သဘော နည်းနည်းလေး မှားတာနှင့် ခံရမဲ့အခြေအနေမျိုး၊ သိပ်ကို ဆင်ဆင်ခြင်ခြင် နေရတဲ့သဘောမျိုး။ ဘေးကြပ်နံကြပ် အခြအေနေမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Religion is a very delicate issue in this country. The government is walking on a tightrope.

ဘာသာရေးဟာ အဲဒီနိုင်ငံမှာ သိပ်ကို သတိထား ကိုင်တွယ်ရမဲ့ကိစ္စ ဖြစ်ပါတယ်။ အစိုးရအနေနှင့် အမှားမခံနိုင်ဘူး။

(၃) Walk on eggshells

Walk (လမ်းလျှောက်သည်)၊ on (အပေါ်မှာ)၊ eggshells (ကြက်ဥခွံတွေ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကြက်ဥခွံတွေမှာ လမ်းလျှောက်သည် ဖြစ်ပါတယ်။ ကြက်ဥခွံတွေမှာ လမ်းလျှောက်ရတယ်ဆိုရင် ကြက်ဥခွံတွေပေါ် နင်းလိုက်တာနှင့် ကွဲမှာ ဖြစ်တာမို့ အီဒီယံ သွယ်ဝိုက်အဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ အကြောင်းအရာတခုခုနှင့် ပတ်သက်လို့ သိပ်ကိုသတိထားပြောဆိုရမှာ တခုခု၊ တဦးဦးနှင့် ပတ်သက်လို့ သိပ်ကိုသတိထား နေထိုင်လုပ်ကိုင်ဖို့ အထူးသဖြင့် ကိစ္စရပ်တခုခုနှင့် ပတ်သက်လို့ ကျမတို့ု မြန်မာစကားအရ ချက်ဆိုမီးကွက်ထတောက် နိုင်တါမျိုးကို ယောင်လို့တောင် ပြောမှားဆိုမှား မခံနိုင်တဲ့ အနေအထားမျိုး၊ အထူးသဖြင့် လူတွေအချေအတင်၊ အငြင်းပွါးလွယ်တဲ့ ကိစ္စမျိုးတွေမှာ သတိသိပ်ကိုထားရတာမျိုးဆိုရင် ဒီ idiom နဲ့ တင်စားပြောတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Raising the topic of same sex marriage is like walking on eggshells for politicians here!

လိင်တူချင်း လက်ထပ်ထိမ်းမြားတဲ့အကြောင်း တင်ပြဆွေးနွေးခြင်းဟာ ဒီမှာရှိနေတဲ့ နိုငံရေးသမားတွေအတွက် သိပ်ကို သတိထားပြောဆိုရမဲ့ကိစ္စရပ် ဖြစ်ပါတယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ idioms အသုံးတွေက Walk the walk , Walk on a tightrope , Walk on eggshells တို့ဖြစ်ပါတယ်။

XS
SM
MD
LG