သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sweat စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Wiping off sweat in a day's work
Wiping off sweat in a day's work
ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ချွေး (sweat) စကားလုံး အီဒီယံ အသုံးအနှုန်းများဖြစ်တဲ့ no sweat, in a cold sweat နဲ့ don’t sweat the small stuff တို့ကို တင်ပြထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ no sweat ဖြစ်ပါတယ်။ No က မဟုတ်သဘော ကို ပြခြင်း၊ Sweat က ချွေး တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ချွေးမထွက်ခြင်း ဖြစ်ပါတယ်။ ချွေးမထွက်တဲ့အလုပ်ဆိုတော့ အပန်းမကြီးတဲ့သဘော ဖြစ်လေတော့ idiom အဓိပ္ပါယ်ကလည်း တခုခုလုပ်ခိုင်းလာတာကို တကူးတကမဟုတ်ဘဲ လွယ်လွယ်နဲ့ လုပ်ပေးနိုင်တာ၊ လုပ်ပေးရမှာ အပန်းမကြီးတာ၊ အားနာစရာမလိုဘဲ၊ ပြဿနာမရှိဘဲ လုပ်ပေးနိုင်တာမျိုးကို ဆိုလိုပါတယ်။ No sweat နဲ့ အဓိပ္ပါယ်တူတဲ့ နေ့စဉ်သုံးမှာ လူတွေအသုံးများကြတာက ပြဿနာမရှိဘူးလို့ အဓိပ္ပါယ်ရတဲ့ No problem ဆိုတဲ့ အသုံးဖြစ်ပါတယ်။

No sweat အသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I’ll drop you at the hospital today after work. It’s on my way back home၊ so it’s no sweat.

ဒီနေ့ ကျနော်အလုပ်ကအပြန် ခင်များကို ဆေးရုံမှာ ချပေးခဲ့ပါမယ်ဗျာ။ ကျနော့် အိမ်အပြန်လမ်းမှာဆိုတော့ ကျနော့်အတွက် အပန်းမကြီးပါဘူးဗျာ။

ဆက်လက်တင်ပြပေးမယ့် အသုံးအနှုန်းက in a cold sweat ဖြစ်ပါတယ်။ In က အထဲမှာ၊ A က တခု၊ Cold က အေးသော၊ Sweat က ချွေး တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ချွေးအေးထွက်သည် ဖြစ်ပါတယ်။ သာမန်အားဖြင့် ပူမှ၊ လှုပ်ရှားမှ ချွေးထွက်လေ့ရှိတာ ဖြစ်ပေမယ့် အေးပေမယ့်လည်း ချွေးထွက်တယ်ဆိုတာ ဘာကြောင့် ဖြစ်နိုင်လည်းဆိုတာ စဉ်းစာကြည့်ရင် idiom အဓိပ္ပါယ်ကို သိလာနိုင်ပါတယ်။ ကြောက်လို့ချွေးစေးထွက်တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဇောချွေးပြန်တာလို့လည်း ပြောလို့ရပါတယ်။

In a cold sweat အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The Mayor was in cold sweat while waiting for the votes to finish counting. He was afraid of losing because his popularity was low.

မြို့တော်ဝန်က မဲတွေရေတွက်နေတာကို စောင့်ကြည့်နေရင် ဇောချွေးတွေ ပြန်နေလေတယ်။ သူ့အပေါ် လူကြိုက်နည်းလာနေတော့ သူရှုံးမှာကို ကြောက်နေတယ်။

နောက်ဆုံးတင်ပြပေးမယ့် အသုံးအနှုန်းမှာ don’t sweat the small stuff ဖြစ်ပါတယ်။ Don’t က မဟုတ်သဘောပြခြင်း၊ the Small က သေးငယ်သော၊ Stuff က ကိစ္စအကြောင်းအရာ တို့ဖြစ်ပြီး စကားစုတိုက်ရိုက်အဓိပ္ပါယ်က ကိစ္စအသေးအဖွဲ့အတွက် ချွေးထွက်မခံနဲ့ ဖြစ်ပါတယ်။ Idiom သွယ်ဝိုက်အဓိပ္ပါယ်ကလည်း ကိစ္စအသေးအဖွဲ့အတွက် စိတ်အပင်ပန်းမခံနဲ့ စိတ်ညစ်မခံနဲ့ ဖြစ်ပါတယ်။ တခါတရံလည်း လူတွေက အရေးမကြီးတာကို ရေးကြီးခွင်ကျယ်လုပ်ချင်ကြတာမို့ ဒီအသုံးနဲ့ သတိပေးနိုင် ဖြစ်ပါတယ်။ ဒီနေရာမှာ ကြုံကြိုက်လို့ don’t sweat ဆိုတဲ့ အသုံးသက်သက်ပဲဆိုရင် idiom အဓိပ္ပါယ်က ကိစ္စမရှိတာ ဖြစ်ပါတယ်။ အရေးမကြီးတာ၊ စိတ်မပူဘို့ပြောတာ ဖြစ်ပါတယ်။

Don’t sweat the small stuff အီဒီယံစကားလုံးနဲ့ ပတ်သက်လို့ George Grow ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Don’t sweat the small stuff၊ Mary. It’s not worth getting angry at office gossip.
ဒီကိစ္စ အသေးအဖွဲ့လေးတွေအတွက် စိတ်ညစ်မခံနဲ့ Mary၊ ရုံးထဲက အတင်းအဖျင်းတွေ ပြောကြတာမို့ စိတ်ဆိုးနေလို့ မတန်ပါဘူး။
XS
SM
MD
LG