သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် ငြိမ်းချမ်းရေးစကား လက်တွေ့နှင့်မညီ


မြန်မာနိုင်ငံမှာ လာမယ့် ရက်အနည်းငယ်အတွင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ သေနတ်သံတွေ ချုပ်ငြိမ်းတော့မယ်လို့ သမ္မတ ဦးသိန်းစိန် ပြောသွားပြီး ရက်ပိုင်းအတွင်းမှာပဲ အပစ်ရပ်ထားတဲ့ မွန်ပြည်သစ်ပါတီနဲ့ မြန်မာစစ်တပ်တို့ကြားမှာ တိုက်ပွဲဖြစ်ပွားတာဟာ သမ္မတရဲ့ အာဏာပိုင်စိုးမှုကို မေးခွန်းထုတ်စရာ ဖြစ်စေတယ်လို့ မြန်မာ့အရေး သုံးသပ်သူတွေက ဝေဖန်ကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ နိုင်ငံရေး ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်မှ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မယ်လို့လည်း သုံးသပ်နေကြတာပါ။ ဒီအကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ မအေးသန္တာကျော်က တင်ပြထားပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ မြန်မာစစ်တပ်တို့ အင်္ဂါနေ့မှာပဲ တနင်္သာရီတိုင်း မြိတ်ခရိုင်ဘက်မှာ တိုက်ပွဲဖြစ်တာဟာ ၂၀၁၂ ခုနှစ် အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ် တိုက်ပွဲတွေ ဖြစ်သလို၊ သမ္မတဦးသိန်းစိန် က နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံး ပြန်လွှတ်ပေးမယ်၊ မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ သေနတ်သံတွေ ချုပ်ငြိမ်းတော့မယ်လို့ ပြောဆိုသွားတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေတာပါ။

သမ္မတအပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေက အပြုသဘောဆောင်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် ဘယ်လိုပဲ ကတိတွေပေးပေး တကယ့်လက်တွေ့မှာ နိုင်ငံရေး အခြေအနေက တိုးတက်မလာဘဲ ရှိနေတာဟာ အပြောနဲ့လက်တွေ့ တခြားစီဖြစ်နေတဲ့ အနေအထားကို မီးမောင်းထိုးပြသလို ဖြစ်နေတယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောကြပါတယ်။ ဒါ့ကြောင့် သမ္မတအနေနဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ ယုံကြည်ချက် အရင်တည်ဆောက်နိုင်ဖို့ အရေးကြီးပါတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ကိုမင်းဇေယျာ က အခုလို ပြောပါတယ်။

“သမ္မတကြီးကတော့ ပြည်တွင်းမှာရော ပြည်ပခရီးစဉ်တွေမှာရော ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ကတိတွေအမျိုးမျိုးပေး၊ အကောင်းစကားတွေ အမျိုးမျိုး ပြောပေမဲ့ လက်တွေ့ဖြစ်ရပ်မှာက သေနတ်သံတွေက ခုထိမစဲသေးဘူး။ တနည်းအားဖြင့် သမ္မတရဲ့ အခန်းကဏ္ဍနဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍ ဘယ်လိုကွဲပြားမလဲ၊ ဘယ်သူက ဘယ်သူ့အပေါ် လွှမ်းမိုးနေသလဲဆိုတာ မေးခွန်းထုတ်စရာ ပိုပြီးတော့ ဖြစ်လာတာပေါ့ဗျာ။ အဓိကပြဿနာက ကျနော်မြင်တာကတော့ တဘက်နဲ့တဘက် အပြန်အလှန် ယုံကြည်မှု မရှိတဲ့ အပေါ်မှာပဲ အခြေခံတယ်လို့ ကျနော်မြင်တယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်းကြားထဲမှာ တည်ဆောက်တဲ့ အခါမှာ အရင်ဦးဆုံး ယုံကြည်မှုရအောင် တည်ဆောက်ရမယ်။ ကျနော်ကတော့ အဲဒီလိုပဲ လက်ခံထားတယ်။”

“အခုဖြစ်ပျက်နေတဲ့ အခြေအနေတွေအရဆိုရင် တဘက်နဲ့တဘက် ယုံကြည်မှု ဘယ်လိုမှ မရှိကြောင်းကို ပြတဲ့ပုံစံ ဖြစ်နေတယ်။ အပစ်အခတ် ရပ်စဲရေး အဆင့်မှာတောင် တည်မြဲအောင် မလုပ်နိုင်ဘူးဆိုရင် တကယ့်ထာဝရ ငြိမ်းချမ်းရေး အတွက်ကို ကျနော်တို့က အလှမ်းဝေးဦးမယ်လို့ပဲ အဲဒီလို ကျနော်ကတော့ ယူဆတယ်။ ပြောချင်တာက သဘောက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လက်ရှိ မြန်မာစစ်တပ်နဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုပုံစံ၊ နောက်ပြီး ချဉ်းကပ်တဲ့ပုံစံနဲ့ လက်တွေ့ မြေပြင်အနေအထားတွေက ကွာဟမှုဖြစ်နေတာကို ကျနော်တို့ မြင်နေရတယ်။”

မွန်ပြည်သစ် ပါတီက ၁၉၉၅ ခုနှစ်ကတည်းက မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့ပေမဲ့ ၂၀၁၀ ပြည့်နှစ်မှာတော့ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေး ကိစ္စနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေး ပျက်ပြယ်သွားခဲ့ရတာပါ။

၂၀၁၂ ခုနှစ်မှာတခါ ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မီတီနဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီလိုမျိုး တိုင်းရင်းသား အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲမှုတွေက တည်မြဲဖို့ဆိုရင် ရေရှည်ခံမယ့်အဖြေ ရှာတွေ့မှဖြစ်မယ်လို့လည်း ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး တက်ကြွလှုပ်ရှားတဲ့ Burma Campaign UK အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

“ဒီကနေ့ ဖြစ်ပွားရတဲ့ တိုက်ခိုက်မှုကို ကြည့်မယ်ဆိုရင် သမ္မတအသုံးပြုတဲ့ နည်းလမ်းမှာ အဓိကပြဿနာဖြစ်နေတဲ့ အကြောင်းရင်း ၂ မျိုး ရှိပါတယ်။ လန်ဒန်မှာ သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောသွားတုန်းက အပစ်အခတ် ရပ်စဲရေး ဆိုတာကိုပဲ သမ္မတကပြောသွားပါတယ်။ ရေရှည်ခံတဲ့ နိုင်ငံရေးအရ အဖြေရှာခြင်း ဆိုတာကို ပြောမသွားပါဘူး။ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ရှိမနေတော့ပါဘူး ဆိုတာမျိုးပဲ သမ္မတဦးသိန်းစိန်က နိုင်ငံတကာ အသိုင်းအဝိုင်းသိအောင် ပြောချင်နေတာပါ။ အပစ်အခတ် ရပ်စဲရေး အသစ်တွေ လက်မှတ်ရေးထိုးလိုက်ပြီ ဆိုတာနဲ့ တဘက်ကလည်း အဲဒီဒေသမှာ စစ်တပ်အင်အားကို တိုးမြှင့်ချထားတာ တွေ့ရပါတယ်။ အဲဒီလို စစ်တပ်ဘက်က အင်အားများလာတယ်ဆိုရင် လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ နီးနီးကပ်ကပ်ရှိရင် ဖြစ်တတ်တဲ့အတိုင်း ပဋိပက္ခ ရှိလာတော့တာပါ။”

“ကချင်ဒေသကို ကျနော်ရောက်တုန်းကလည်း ကချင်ခေါင်းဆောင်တွေ ပြောတာရှိပါတယ်။ အပစ်အခတ် ရပ်စဲဖို့ဆိုရင် ၂ ဘက်တပ်တွေ ရုပ်သိမ်းရမှာပါ။ တိုင်းရင်းသားတွေဘက်က တပ်ရုပ်သိမ်းဖို့ တင်ပြပေမဲ့ ဒါကိုစစ်တပ်က လက်မခံချင်ပါဘူး။ သမ္မတက အပစ်ရပ်စဲရေး တကယ်လုပ်ချင်တာတော့ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ကိုတော့ စိတ်ဝင်စားပုံ မရပါဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်ဖို့ဆိုရင် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ထည့်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ရေးဆွဲဖို့၊ တိုင်းရင်းသားအဖွဲ့တွေ၊ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးရပါမယ်။”

Burma Campaign UK အဖွဲ့က Mark Farmaner ပြောသွားတာ ဖြစ်ပါတယ်။ ဥရောပခရီး သွားရောက်နေတဲ့ သမ္မတဦးသိန်းစိန်ကတော့ ပြင်သစ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့ကပဲ ပြင်သစ်သမ္မတ အပါအဝင် နိုင်ငံရေးနဲ့ စီးပွားရေး နယ်ပယ်က ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပြီးတော့ မြန်မာနိုင်ငံက မူဆလင်လူနည်းစုတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့ စနစ်တကျ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ကိုလည်း ပြင်သစ်သမ္မတက တိုက်တွန်းသွားပါတယ်။
XS
SM
MD
LG