သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tip စကားလုံးဆိုင်ရာ အီဒီယမ် အသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ - ထိပ်ဖျားလို့ အဓိပ္ပါယ်ရတဲ့ Tip ကို အခြေခံတဲ့ Tip of the Iceberg, The tip of my tongue နဲ့ Tip one’s hand စတဲ့ အီဒီယံအသုံးတွေကို တင်ပြထားပါတယ်။

(၁) Tip of the Iceberg

Tip က ထိပ်ဖျား၊ Of က ရဲ့၊ The Iceberg က ပင်လယ်ပြင်မှာ မျောနေတဲ့ ရေခဲတုံးကြီးဆိုတော့ စကားပိုဒ်တခုလုံးရဲ့ တိုက်ရိုက် အဓိပ္ပါယ်က ပင်လယ်ပြင်မှာ မျောနေတဲ့ ရေခဲတုံးရဲ့ ထိပ်ဖျားပေါ့။ ကမ္ဘာ့ရဲ့ အအေးပိုင်းဒေသ ပင်လယ်ပြင်တွေမှာ မျောနေတဲ့ ရေခဲတုံးကြီးတွေဟာ ပင်လယ်ကူး သင်္ဘောတွေအတွက် အန္တရာယ်ပါ။ ကမ္ဘာကျော် အကယ်ဒမီဆုရ ရုပ်ရှင်ဖြစ်တဲ့ Titanic ဇာတ်ကားမှာ ၁၉၁၂ ခုနှစ် ဧပြီလက မြောက်အတ္တလန္တိတ် ပင်လယ်ပြင်မှာ ဗြိတိသျှ ဇိမ်ခံသင်္ဘောကြီး Titanic ဟာ ပထမဦးဆုံး ရေချခရီးစဉ်မှာပဲ ပင်လယ်ပြင်မှာ မျောနေတဲ့ ရေခဲပြင်ကြီးနဲ့ တိုက်မိလို့ နစ်မြုပ်သွားရတဲ့ သည်းထိပ်ရင်ဖို ရုပ်ရှင်ကားကို ကြည့်ဖူးကြမှာပါ။

အဲ့ဒီရုပ်ရှင်မှာ ပင်လယ်ပြင်မှာ မျောလာတဲ့ ရေခဲတုံးကြီးကို မျက်စိနဲ့တွေ့ရတာ ထိပ်ကလေးတင်ပါပဲ။ ရေခဲတုံးကြီးရဲ့ ထိပ်ကလေးက ဒီလောက်ကြီးမယ်ဆိုရင် ပင်လယ်ပြင်အောက်မှာ နစ်နေတဲ့အပိုင်းက အဆပေါင်း ဘယ်လောက်ကြီးမလဲဆိုတာကို မှန်းဆလို့ ရနိုင်ပါတယ်။ ဒါကြောင့်မို့လို့ Tip of the Iceberg ဆိုတဲ့ အီဒီယမ်အဓိပ္ပါယ်ကတော့ တွေ့နေရတဲ့ ပြဿနာကြီးဟာ နည်းနည်းပဲရှိတယ်၊ ဒါပေမဲ့လို့လည်း သူ့နောက်မှာ ပြဿနာကြီးက ဧရာမ ပါလာတာမျိုးကို တင်စားပြောထားတာဖြစ်ပါတယ်။

ကျမတို့ မြန်မာမှာ တနွယ်ငင် တံစဉ်ပါ ဆိုသလို၊ ပျားအုံကိုသွားပြီး ဒုတ်နဲ့ထိုးမိသလို၊ အစကတော့ ဘာမှမဟုတ်ဘူးလို့ ထင်ရပေမဲ့လို့လည်း နောက်မှာပါလာတဲ့ ပြဿနာကြီးက ဧရာမ ပြဿနာကြီး ဖြစ်နိုင်တာကို ဆိုလိုတာဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ ပြဿနာကြီးရဲ့ အမြည်းသဘောလောက်ကို ဆိုလိုတာဖြစ်ပါတယ်။ မျက်စိနဲ့ မြင်ရတာ နည်းနည်းပဲ ရှိပေမဲ့လို့လည်း မမြင်နိုင်တာ အများကြီး ကျန်နေသေးတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို ကြည့်ရအောင်ပါရှင်။

The issue of the minister’s corruption is just the tip of the iceberg. Most cabinet members are involved in this case.

ဝန်ကြီး အဂတိလိုက်စားမှုပြဿနာဟာ အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ နောက်ပိုင်းပေါ်စရာတွေ တပုံကြီး ကျန်နေသေးတယ်။ ဝန်ကြီးအဖွဲ့ဝင် အများစုကလည်း အဲ့ဒီအဖွဲ့မှာ ပါဝင်ပတ်သက်နေတယ်လေလို့ အဓိပ္ပါယ်ရပါတယ်။

(၂) The Tip Of My Tongue

The Tip က ထိပ်ဖျား၊ Of က ရဲ့၊ My က ကျနော် ကျမရဲ့ Tongue က လျှာ ဆိုတော့ စကားပိုဒ်တခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ကျနော် ကျမရဲ့ လျှာ ထိပ်ဖျားမှာပေါ့။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ ကျမတို့ မြန်မာမှာ ပြောလေ့ရှိတဲ့အတိုင်းပဲ ပါးစပ်ဖျားလေးတွေမှာပဲရှိနေတယ်။ မေ့နေလိုက်တာ ဆိုတာမျိုးလိုပေါ့။ တခုခုကို စဉ်းစားမိပြီးတော့ သတိရမိပေမဲ့လို့လည်း ပါးစပ်က ထုတ်ပြောဖို့က မထွက်တာ၊ တေးတေးလေးပဲ လိုနေတဲ့သဘော ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ ကျမတို့ မြန်မာမှာ ပါးစပ်ထိပ်ဖျားလေးတင် ရှိတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို ကြည့်ရအောင်ပါ။

I recognize his face, but I have his name at the tip of my tongue. I felt embarrassed.

ကျနော် သူ့မျက်နှာကို မှတ်မိတယ်။ ဒါပေမဲ့လို့ သူ့နာမည်ကတော့ ကျနော့် ပါးစပ်ဖျားလေးတင်ပဲ မေ့နေတယ်။ ကျနော် မျက်နှာပူလိုက်တာဗျာလို့ အဓိပ္ပါယ်ရပါတယ်။

(၃) Tip One’s Hand

Tip က ဒီနေရာမှာ လက်ဖျားနဲ့ လှစ်ပြတာကို ဆိုလိုပြီးတော့ ကြိယာ Verb အဖြစ် အသုံးပြုထားတာဖြစ်ပါတယ်။ One’s က တဦးတယောက်ရဲ့၊ Hand က လက်ဆိုတော့ စကားပိုဒ်တခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လက်ဖျား လှစ်ပြတာပေါ့။ ဒီအသုံးက ဖဲကစားရာကနေ ဆင်းသက်လာတာလို့ ဆိုပါတယ်။ ဖဲတွေ ကိုင်ထားတဲ့လက်ကို လှစ်ပြလိုက်မယ်ဆိုရင် တခြားကိုယ်နဲ့ကစားတဲ့သူတွေဟာ ကိုယ့်ဖဲကို မြင်ကုန်ကြမှာဖြစ်ပါတယ်။

အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကလည်း ကိုယ့်စိတ်ထဲရှိတာ၊ လျှို့ဝှက်ထားတာကို ထုတ်ပြောလိုက်တာကို ဆိုလိုတာဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာလည်း စကားများများပြောရင် အဲ့ဒီပြောတဲ့စကားထဲမှာ မပြောသင့်တာတွေ ရောပါသွားတဲ့ သဘောကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို ကြည့်ရအောင်ပါ။

John, don’t talk a lot at the meeting. You’ll tip your hand.

ဂျွန်ရေ အစည်းအဝေးပွဲမှာ သိပ်အာမခြောင်နဲ့။ ခင်ဗျား မပြောသင့်တာတွေ ထည့်ပြောမိလိမ့်မယ်လို့ အဓိပ္ပါယ်ရပါတယ်။

ဒီသီတင်းပတ် Tip ကို အခြေခံပြီး တင်ပြခဲ့တဲ့ အီဒီယံအသုံးတွေကတော့ Tip of the Iceberg, The tip of my tongue နဲ့ Tip one’s hand တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG