သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသံရုံးတိုက်ခိုက်ဖို့သံသယရှိသူနောက်ထပ် ၂ ဦး အင်ဒိုရဲဖမ်းဆီး


ဂျကာတာမြို့ မြန်မာသံရုံးရှေ့ လုံခြုံရေးစောင့်ကြပ်နေကြတဲ့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်များ။ (မေလ ၃ ရက်၊ ၂၀၁၃)။
ဂျကာတာမြို့ မြန်မာသံရုံးရှေ့ လုံခြုံရေးစောင့်ကြပ်နေကြတဲ့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်များ။ (မေလ ၃ ရက်၊ ၂၀၁၃)။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ဆက်နွယ်နေသူလို့ ယူဆရသူ ၂ ဦးကို ဗုဒ္ဓဟူးနေ့ညက ဖမ်းဆီးရမိတယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ကပြောပါတယ်။ ဂျာကာတာမြို့တော် မြောက်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တဲ့ Sigit ဆီဂျစ်ဟာ မြန်မာ သံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်ရာမှာ ဦးဆောင်သူတစ်ဦးအဖြစ် သံသယရှိထားသူလို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် Boy Rafli Amar ကပြောပါတယ်။

နောက်တစ်ဦးဖြစ်တဲ့ Rohadi ကိုတော့ ကြာသပတေးနံနက်ပိုင်းမှာ Banten ခရိုင် Tangeran မြို့က သူ့နေအိမ်မှာ ဗုံးလုပ်ရာမှာအသုံးပြုတဲ့ ယမ်းမှုန့်တွေ၊ ဗုံးလုပ်တဲ့ ကိရိယာတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။

မေလဆန်းက သံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့လုပ်မှုနဲ့ သံသယရှိသူနှစ်ဦးကို လက်လုပ်ဗုံး ငါးလုံးနဲ့အတူ ဂျာကာတာမြို့မှာ စတင်ဖမ်းဆီး ရမိပြီးနောက်မှာ၊ အခုလို ဆက်တိုက် ဖမ်းဆီးမှုတွေ လုပ်လာနိုင်တာပါ။ သူတို့က မြန်မာနိုင်ငံမှာ မူစလင်တွေကို တိုက်ခိုက်ခဲ့တာတွေအတွက် လက်တုံ့ပြန်ဖို့လုပ်တာလို့ အာဏာပိုင်တွေကို ပြောကြားခဲ့ပါတယ်။

မေလ ၉ ရက်နေ့ကလည်း မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြံစည်မှှုမှာ ပါဝင် ပတ်သက်နေတယ်လို့ ယူဆရတဲ့ စစ်သွေးကြွတွေရှိတဲ့နေရာကို အင်ဒိုနီးရှားအစိုးရ အကြမ်းဖက်မှုတိုက်ဖျက်ရေး အာဏာပိုင်တွေက စီးနင်းတိုက်ခိုက်ခဲ့သလို၊ သီးခြားစစ်ဆင်ရေးတွေကနေ စစ်သွေးကြွ ၇ ဦးလောက် အသေဖမ်းမိခဲ့ပါတယ်။

မနှစ်ကလည်း အကျဉ်းကျ အစွန်းရောက် အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တစ်ဦး ဖြစ်သည့် Abu Bakar Bashir က မြန်မာ သမ္မတထံ စာရေးပြီး မူစလင်တွေ ဖိနှိပ်ညှင်းပမ်းခံရမှုအတွက် လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
XS
SM
MD
LG