သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ လူ ၃,၇၀၀ ကျော် မြေမြှုပ် မိုင်း ကြောင့် သေဆုံးဒဏ်ရာရ


မြန်မာပြည်ဟာ ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု တတိယမြောက် အများဆုံးနိုင်ငံဖြစ်တယ်လို့ မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော စစ်လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေး (LCM) အဖွဲ့က ပြောဆိုလိုက်ပါတယ်။

စစ်တပ်၊ အခြား လက်နက်ကိုင်အဖွဲ့အစည်း အပါအဝင် အစိုးရက ထုတ်ပြန်တဲ့ တိကျတဲ့ စာရင်းသာရှိရင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံး အခုထက် ပိုများနိုင်တယ်လို့ LCM အဖွဲ့က မြေမြှုပ်မိုင်း စောင့်ကြည့် လေ့လာရေး သုတေသီ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ် က ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင် က တင်ပြထားပါတယ်။

၁၉၉၉ ခုနှစ်ကနေ ၂၀၁၄ နှစ်ကုန်အထိ မြန်မာပြည်မှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူပေါင်း အနည်းဆုံး ၃,၇၀၀ ကျော် ရှိတယ်လို့ မြန်မာပြည်ရဲ့ ၂၀၁၅ ခုနှစ် မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော စစ်လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေး (LCM) အဖွဲ့ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေး သုတေသီ ယက်စ်ဟူဟွာ မိုဆာ- ပူအန်စူဝမ်က ပြောဆိုလိုက်ပါတယ်။ ဒီအရေအတွက်ဟာ ရရှိထားတဲ့ အမှု တခုချင်းစီအရ ရေတွက်ထားတဲ့ စာရင်းဖြစ်ပြီး တကယ်က ဒီထက် ပိုများနိုင်တယ်လို့ သူက ဆိုပါတယ်။

“ကျနော်တို့ LCM စာရင်းဇယားတွေကို ခြုံငုံကြည့်ရင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ တတိယမြောက် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများဆုံးဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နဲ့ ကိုလံဘီယာကတော့ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ ပထမနဲ့ ဒုတိနေရာကို အမြဲယူထားလေ့ ရှိပါတယ်။ ဒါပေမဲ့ မြန်မာနဲ့ အဲဒီနှစ်နိုင်ငံကြား ကွာခြားချက် ရှိပါတယ်။ အဲဒီနှစ်နိုင်ငံက အစိုးရတွေက ၁၉၉၇ ခုနှစ် မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်တားဆီးခြင်းစာချုပ်ကို လက်မှတ်ရေးထိုးထားပြီး ဖြစ်သလို မြေမြှုပ်မိုင်းတွေ ထပ်မချတော့ပါဘူး။ မြန်မာနိုင်ငံမှာတော့ ရရှိထားတဲ့ စာရင်းတွေဟာ မှန်ကန်တိကျတဲ့ စာရင်းမဟုတ်သလို စာရင်းကောက်ယူလို့ ရသလောက် ကိန်းဂဏန်းပဲ ဖြစ်ပါတယ်။ တကယ်မှန်ကန်တဲ့ စာရင်းသာရလို့ရှိရင် အခုထက်ပိုများနိုင်ပါတယ်။”

LCM အဖွဲ့ရဲ့ အစီရင်ခံစာမှာ မြန်မာ့ကာကွယ်ရေးနှင့် စစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ) က မိုင်းရှာစက် ကိရိယာနဲ့ ရှာလို့မရတဲ့ ပလတ်စတစ်မိုင်း အပါအဝင် ဖြန့်ထွက် လူသတ်မိုင်းနဲ့ နင်းမိုင်းတွေကို ထုတ်လုပ်တာတွေ ရှိသလို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အပါအဝင် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မြေမြှုပ်မိုင်း ထုတ်လုပ်တာတွေလည်း ရှိတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာအစိုးရအနေနဲ့ ၂၀၁၂ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်တဲ့အချိန်ကစပြီး မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၄၄၈ ဦးရှိသလို ပြီးခဲ့တဲ့ အောက်တိုဘာလမှာ လက်မှတ်ရေးထိုးထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ်မှာ မြေမြှုပ်မိုင်းရှင်းလင်းရေးနဲ့ ပတ်သက်လို့ ဖော်ပြထားပေမဲ့ ပြီးပြည့်စုံမှုမရှိဘူးလို့ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေး သုတေသီက ပြောပါတယ်။

“ဒီစာချုပ်ထဲမှာ မိုင်းတွေ ထပ်မချတော့ဘူး။ မိုင်းတွေ ရှာဖွေဖွဲ့စည်းမယ်ဆိုတဲ့ အချက်ပါ ပါတယ်။ ဒီဟာကို ကြိုဆိုရမှာဖြစ်ပေမဲ့ ဒါဟာ ငြိမ်းချမ်းရေးစာချုပ်မှာ ပါဝင်ရမယ့် ကဏ္ဍအပြည့်အစုံ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတယ်လို့ သတ်မှတ်ထားတဲ့ ဧရိယာဟာ တနိုင်ငံလုံး မဟုတ်သေးပါဘူး။ မိုင်းရှင်းလင်းရေးတွေကို ဘယ်တော့ စတင်မယ်ဆိုတဲ့ အချိန်ကာလ သတ်မှတ်ချက်လည်း မတွေ့ရပါဘူး။ အပြည်ပြည်ဆိုင်ရာ စံနှုန်းတွေနဲ့ လုပ်ပါ့မယ်လို့ ဖော်ပြထားတာလည်း မရှိပါဘူး။ အဲ့ဒါက ပြဿနာ ဖြစ်နေပါတယ်။”

မြန်မာပြည်ဟာ မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားဆီးခြင်း သဘောတူစာချုပ်ကို သဘောတူလက်ခံထားတဲ့ နိုင်ငံလည်း မဟုတ်သေးသလို မြန်မာပြည်မှာ လုံခြုံရေးအခြေအနေကြောင့် မြေမြှုပ်မိုင်းရှာဖွေရေးလုပ်ငန်းကို စ တင်နိုင်ခြင်းမရှိသေးဘဲ မြို့နယ်ပေါင်း ၅၆ မြို့နယ်ကိုလည်း မိုင်းအန္တရာယ်ရှိတဲ့ မြို့နယ်တွေအဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG