သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမီဒီယာကောင်စီ ကာချုပ်နဲ့တွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ ဒီကနေ့ နေ့လည်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ လက်နက်ကိုင်အဖွဲ့တွေ နဲ့ တပ်မတော်အကြား တိုက်ပွဲတွေဖြစ်တဲ့အခါ နှစ်ဘက် မျှတမှုရှိတဲ့ သတင်းတွေ ဖော်ပြနိုင်အောင် တပ်မတော်ဘက်ကလည်း စာနယ်ဇင်းကောင်စီနဲ့ ညှိနှိုင်းပြီးတော့ သူတို့ဘက်က သတင်းအချက်အလက်တွေကို ထုတ်ပြန်ပေးဖို့ နောက် မြန်မာ့ဒီမိုကရေစီ ခရီးလမ်းမှာ တပ်မတော်ဘက်ကလည်း ဒီမိုကရေစီဘက်က အခုအတိုင်း ဆက်လက်ရပ်တည်သွားမယ်ဆိုတဲ့ အချက် ၂ ချက်ကို သဘောတူညီခဲ့ကြတယ်လို့ စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ နေလယ်ပိုင်း ၃ နာရီက စပြီးတော့ ညနေ ၆ နာရီထိ ၃ နာရီကြာအောင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ထိပ်ပိုင်းအဖွဲ့ဝင်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ အခုလို ဆွေးနွေးခဲ့တဲ့နေရာမှာ ကာချုပ်နဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) တို့အကြား အရေးပါတဲ့အချက် ၂ ချက်ကို သဘောတူညီမှု ရခဲ့တယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ဗွီအိုအေကို အခုလို ပြောပါတယ်။

“အဓိကကတော့ ၂ ချက်ပေါ့နော်၊ ၂ ချက်သိရတယ်။ ၂ ချက် သဘောတူညီချက်ဆိုတာက ဒီလို။ နံပါတ် ၁ ကတော့ သတင်းစီးဆင်းမှုပေါ့။ တပ်မတော်နဲ့ ပတ်သက်လို့ သတင်းတွေ၊ တပ်မတော်က ပြည်သူလူထုကို အသိပေးသင့်တဲ့ သတင်းတွေ၊ ပြည်သူလူထုကို အသိပေးသင့်တဲ့ သတင်းတွေ၊ ပြည်သူလူထု သိသင့်တဲ့ သတင်းတွေပေါ့နော်။ အဲ့ဒီသတင်းတွေနဲ့ ပတ်သက်ပြီး အရင်ကတော့ တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းတွေ အတည်ပြုဖို့ ခက်ခဲတယ်။ အဲဒါတွေအတွက်လည်း ပြည်တွင်းမီဒီယာတွေမှာ သတင်းဖော်ပြတဲ့အခါမှာ တဘက်သတ် ဆန်သွားတာတွေ ရှိတယ်။ ဆိုတော့ အဲဒါတွေမဖြစ်အောင် ရှေ့လျှောက် ဘယ်လိုလုပ်မလဲလို့ ညှိနှိုင်းတဲ့အခါမှာ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဘာသဘောတူလိုက်သလဲဆိုတော့ နောင်မှာ သတင်းထုတ်ပြန်တဲ့အခါမှာ တပ်မတော်က ပြည်သူလူထု သိသင့်သိထိုက်တဲ့ သတင်းထုတ်ပြန်ချက်တွေ အားလုံးကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပြီး ထုတ်ပြန်သွားမယ်၊ ပူးပေါင်းညှိနှိုင်း ထုတ်ပြန်သွားမယ်။ အဲဒါ နံပါတ် ၁ အချက်။ နောက် နံပါတ် ၂ အချက်ကတော့ တပ်မတော်အနေနဲ့ ရှေ့လျှောက်မှာ နိုင်ငံတည်ဆောက်ရေးမှာ ဒီမိုကရေစီသွားတဲ့ လမ်းကြောင်းမှာ တပ်မတော်ရဲ့ ရပ်တည်ချက်က ဒီအတိုင်းပဲ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းမှာ တပ်မတော်က အပြည့်အ၀ ကာကွယ်သွားမယ်။ ဒီအတိုင်းပဲ ဆက်လျှောက်သွားမယ်၊ အဲဒါကို မမှိတ်မသုန်သွားမယ် ဆိုတဲ့ဟာကို အာမခံထပ်ပေးတယ်ပေါ့နော်။”

အခုလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဆွေးနွေးတဲ့အခါ တပ်မတော်နဲ့ စာနယ်ဇင်းမီဒီယာတွေဟာ အရင်စစ်အစိုးရရဲ့ စနစ်ဟောင်းအောက်က လာခဲ့ရတဲ့ အခြေအနေကြောင့် တဘက်နဲ့ တဘက်အကြား သံသယတွေရှိနေတဲ့ အချက်ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့တယ်လို့ ဦးကျော်မင်းဆွေက ပြောပါတယ်။

“ကျနော်တို့ကလည်း တပ်မတော်ရဲ့ သဘောထားပေါ့နော်၊ ဘာပဲပြောပြော သူတို့မှာရှိတဲ့ နဂိုက စနစ်တခုအောက်မှာ ဖြတ်လာခဲ့တဲ့ institution လည်းဖြစ်တဲ့အတွက် ကျနော်တို့ကလည်း အဲဒီစနစ်အောက်က ထွက်လာတဲ့ institution မီဒီယာသမားတွေကလည်း အဲဒီအောက်က ဖြတ်လာခဲ့တာဆိုတော့ ကာကွယ်ရေး ဦးစီးချုပ်ကလည်း အဲဒါကို ကောင်းကောင်း သဘောပေါက်တာ တွေ့ရတယ်။ အဲဒီတော့ သူကနိုင်ငံတကာကို သွားတဲ့အခါမှာလည်း ဒီအတိုင်းပဲ ပြောခဲ့တာ။ သူက တိုင်းပြည်က ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်နဲ့ သွားခဲ့တဲ့ အခါကျတော့ traumatize ရှိတယ်ပေါ့နော်၊ ပြည်သူလူထုမှာ ဒီ traumatize နဲ့ သွားတဲ့အခါမှာ ရုတ်တရက် ခေတ်ပြောင်းသွားတဲ့ အခါမှာ သူတို့ရင်ထဲက ခံစားချက်တွေ ပေါက်ကွဲထွက်နေတဲ့ ကာလဖြစ်တယ်ဆိုတာကို သူသဘောပေါက်တယ်။ အဲဒီတော့ တပ်မတော်က သည်းခံရမယ်ဆိုတာ သူသိတယ်။ ဒါဟာ အင်မတန် အဖိုးတန်တဲ့ အချက်လို့ ပြောရမှာပေါ့နော်။”

ကာချုပ်နဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ရဲ့တွေ့ဆုံမှုဟာ ဒါဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း သတင်းအချက်အလက်တွေ ဖလှယ်နိုင်ဖို့နဲ့ ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဆွေးနွေးမှုတွေ ထပ်ပြီးရှိလာဖို့လည်း သဘောတူညီမှု ရခဲ့တယ်လို့ ဦးကျော်မင်းဆွေက ပြောပါတယ်။

ဒီကနေ့ တွေ့ဆုံမှုမှာ တပ်မတော်နဲ့ ယူနတီဂျာနယ်တို့အကြား မကြာသေးခင်က ဖြစ်ခဲ့တဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး စာနယ်ဇင်းကောင်စီဘက်က တစုံတရာ တင်ပြခဲ့တာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ တပ်မတော်နဲ့ မီဒီယာအကြား ညှိနှိုင်းဆောင်ရွက်ဖို့လိုတဲ့ အချက်တွေကို ယေဘုယျ ဆွေးနွေးနိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အခုလို သီးသန့် တွေ့ဆုံခွင့်ရတဲ့အခါမှာ ကာချုပ်ရဲ့ မြန်မာနိုင်ငံ အပေါ်မှာထားတဲ့ သူရဲ့သဘောထားကိုလည်း အနည်းငယ် လေ့လာနိုင်ခဲ့တယ်လို့ ဦးကျော်မင်းဆွေက ဆိုပါတယ်။

“Very Genuine ဖြစ်တာကို တွေ့ရတယ်။ Very Genuine ဆိုတာက သူပြောတဲ့ဟာတွေ အကုန်လုံးက တကယ်လုပ်မယ့်ဟာတွေ၊ ယုံကြည်တဲ့ဟာတွေ ပြောတာတွေ့ရတယ်။ နောက်တခါ ဒီကောင်စီအပေါ်မှာလည်း သူအလေးအနက်ထားတာ တွေ့ရတယ်။ ဘာဖြစ်လို့ လေးနက်တာတွေ့ရလည်းဆိုတော့ စုစုပေါင်း တွေ့ဆုံချိန်က ၃ နာရီနဲ့ မိနစ် ၂၀ ကြာတယ်။ ၃ နာရီနဲ့ မိနစ် ၂၀ ကြာတဲ့ အခါမှာ စိတ်ရှည်လက်ရှည် ပြောတာဟာ တခုချင်းစီ၊ တယောက်က ပြောဆိုဆွေးနွေးတိုင်း သူက အဲဒီဆွေးနွေးချက်ကို ပြန်ပြီးတော့ ဆွေးနွေးတယ်၊ ရှင်းပြတယ်ပေ့ါနော်။ ဒီဖက်က ပွင့်ပွင့်လင်းလင်း ပြောဖို့လည်း၊ ဆွေးနွေးဖို့လည်း ဖိတ်ခေါ်တယ်။ ဘာပဲဖြစ်ဖြစ်ပြောပါ၊ ဆွေးနွေးပါ၊ မေးပါပေါ့နော်။ ဒါတွေလည်း ဖွင့်ပေးတာ တွေ့ရတယ်။ အဲဒီတော့ ဘာပဲပြောပြော ကာကွယ်ရေး ဦးစီးချုပ်က ကျနော်တို့ မျှော်လင့်ထားတာထက် ပိုပြီးတော့ ပွင့်လင်းပြီးတော့ တာဝန်ခံမှု၊ တာဝန်ယူမှု၊ တာဝန်သိမှု ရှိတာတွေ့ရတယ်။”

ဒီကနေ့ နေပြည်တော်မှာ စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီချုပ်တို့ တွေ့ဆုံတဲ့နေရာမှာ သမ္မတ ဦးသိန်းစိန် အစိုးရဘက်က ဝန်ကြီးတွေ တက်ရောက်လာတာမျိုးတော့ မရှိခဲ့ပါဘူး။ တပ်မတော်ဘက်က ဒုတိယ ကာကွယ်ရေးဝန်ကြီး အပါအဝင် စစ်ဘက်က ထိပ်ပိုင်းခေါင်းဆောင်တချို့ တက်ရောက်လာခဲ့တယ်လို့ စာနယ်ဇင်းကောင်စီဖက်ကတော့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG