သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိနှိပ်ရေး ဥပဒေများ NLD ပြင်ဆင်နိုင်ဖို့ HRW မျှော်လင့်


HRW လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ
HRW လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ

ဆယ်စုနှစ်နဲ့ချီ နိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရအဆက်ဆက်၊ နောက် အရင်အစိုးရ လက်ထက်က ပေါ်ပေါက်ခဲ့တဲ့ တရားမျှတမှုမရှိတဲ့ ဥပဒေတွေ၊ အဖြေမရှာနိုင်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို နောင်တက်လာမယ့် အစိုးရအနေနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ အားလုံးက မျှော်လင့်ထားကြောင်း HRW အဖွဲ့ကြီးကပြောဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာစွာ ကျင်းပခဲ့တာလို့ လေ့လာသူတွေက သုံးသပ်ထားပေမယ့် ဒီမိုကရေစီစနစ်နဲ့ မညီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်တွင်း တပ်မတော်သားကိုယ်စားလှယ် ၄ ပုံ ၁ ပုံရှိနေသေးပြီး အရေးပါတဲ့ ဝန်ကြီးဌာနတချို့ကို စစ်တပ်က ဆက်လက် ချုပ်ကိုင်ထားတယ် လို့လည်း ထောက်ပြထားပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က ဆက်သွယ်မေးမြန်းတင်ပြပေးထားပါတယ်။

လွန်ခဲ့တဲ့နိုဝင်ဘာလက ရွေးကောက်ပွဲအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကနေ တနိုင်ငံလုံးမှာ အပြတ်အသတ်ရရှိခဲ့ပြီးတဲ့နောက် မကြာခင်ရက်ပိုင်းတွေအတွင်း ဒုတိယအကြိမ် လွှတ်တော် ပြန်လည် စတင်တော့မှာပါ။ ဒီလိုစတင်တဲ့အခါမှာ NLD ပါတီအနေနဲ့ အစိုးရကို ထိန်းချုပ်နိုင်မယ့် အနေအထားရှိတဲ့ ပြည်သူ့လွှတ်တော်မှာနေရာ အများစုရထားတာကြောင့် ဥပဒေပြဌာန်းခွင့်၊ မူဝါဒ ပြောင်းလဲခွင့်တွေဆောင်ရွက်ဖို့ အခွင့်အရေးရရှိလာမှာဖြစ်ပြီး ကာလကြာရှည်စွာ မြန်မာလူထုအပေါ် ဖိနှိပ်ရာမှာ အသုံးပြုလာခဲ့တဲ့ ဥပဒေတွေကို ဦးတည်ထား ပြောင်းလဲသင့်တယ်လို့ HRW လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့အာရှရေးရာ လက်ထောက်တာဝန်ခံ Phil Robertson က ပြောပါတယ်။

“ ၁၉၇၅ ခုနှစ် နိုင်ငံတော်ကာကွယ်ရေးဥပဒေ၊ တရားမဝင် အသင်းဖွဲ့စည်းတာ၊ နောက်အရေးပေါ် စီမံချက် ဥပဒေနဲ့ ဖမ်းဆီးခံထားရသူတွေထဲမှာ အခု NLD အစိုးရထဲမှာတောင် ပါလာမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်ရာမှာ အသုံးပြုခဲ့တာကြောင့် ဒါတွေကို ပြောင်းလဲပစ်ဖို့ လိုပါမယ်။ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း လွှတ်ပေးရပါမယ်။ ဒါ့အပြင်လွတ်လပ်စွာစုရုံးခွင့်၊ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေကိုအသုံးချပြီး မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှု ဒါတွေလည်း ဆက်ဖြစ်နေပါတယ်။”

၂၀၁၆ ခုနှစ်အတွက် လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာကို HRW ကဒီကနေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဆက်လက်ဖေါ်ဆောင်သွားဖို့လိုကြောင်း ဒီအစီရင်ခံစာမှာထောက်ပြထားပါတယ်။

လာမယ့် လွှတ်တော်မှာ အရင်အစိုးကိုဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီ အနေနဲ့ အမတ်နေရာ အနည်းစုသာ အနိုင်ရရှိထားတာကြောင့်၊ NLD အနေနဲ့ ဥပဒေတွေ ပြောင်းလဲပြင်ဆင်ပြဌာန်းဖို့ မလုပ်နိုင်စရာအကြောင်းမရှိဘူးလို့လည်းPhil ကပြောပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၀ ခုနှစ်ကနေစလို့ မြန်မာနိုင်ငံမှာ နိုင်ငံရေးတိုးတက် ဖြစ်ထွန်းမှုတွေ ရှိလာပေမယ့်လည်း နေရာအတော်များများမှာ အခြေအနေတွေ ဆက်တိုးတက်လာအောင် လုပ်ဖို့လိုတယ်လို့ Phil ကထောက်ပြပါတယ်။

“ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ မြန်မာပြည်အရှေ့ပိုင်းဒေသတွေမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် အဲဒီဒေသကလူထုတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဒါ့အပြင်တချို့ တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်ရဲ့တိုက်ခိုက်မှုနဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေ ရှိနေဆဲပါ။ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးရရှိဖို့ အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေကြား တွေ့ဆုံဆွေးနွေးနေကြတာဟာ အရေးကြီးပေမယ့် လူ့အခွင်အရေး ဆိုင်ရာကိစ္စတွေကို ဘေးဖယ်ထားလို့မရပါဘူး။ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကြောင့် တိုက်ပွဲတွေဆက်ဖြစ်ပေါ်စေပြီး နယ်စပ်ဖြတ်ကျော် ထွက်ပြေးတာတွေလည်း ဖြစ်စေပါတယ်။”

HRW အဖွဲ့ကြီးအနေနဲ့ နိုင်ငံပေါင်း ၉၀ေ ကျော်က လူ့အခွင့်အရေး အခြေအနေတွေကို ပြန်လည်ဆန်းစစ်ပြီး စာမျက်နှာ ၆၅၉ မျက်နှာပါဝင်ပြီး ၂၆ ကြိမ်မြောက်အဖြစ် ၂၀၁၆ ခုနှစ် လူ့အခွင့်အရေးအစီရင်ခံစာကို ထုတ်ပြန်လိုက်တာပါ။ ဒီအစီရင်ခံစာမှာ ရွေးကောက်ပွဲကနေ လူ့အခွင့်အရေး အခြေအနေတိုးတက်ရာ လမ်းကြောင်းဆီသို့ ဆိုတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို ဖေါ်ပြထားပြီး အဲဒီထဲမှာ ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လူနည်းစု တိုင်းရင်းသားအရေး၊ လွတ်လပ်စွာ စုရုံးနိုင်ခွင့် စတာတွေပါဝင်ပါတယ်။

XS
SM
MD
LG