သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရရဲ့ စွမ်းဆောင်နိုင်မှု


ညံ့ဖျင်းတဲ့ အာဏာရှင်အစိုးရ နှစ်ပေါင်းများစွာ ကြီးစိုးတဲ့ နိုင်ငံတွေမှာ တိုးတက်ဖွံ့ဖြိုးမှု နည်းပါးတာကို လေ့လာတဲ့အခါ မြန်မာ နဲ့ Cuba နိုင်ငံတွေကို ဥပမာ ပေးထားတာ များပါတယ်။ ကမ္ဘာ့ဘဏ်စစ်တမ်း CPIA – Country Policy and Institutional Assessment မှာ ဗမာအစိုးရရဲ့ အရည်အသွေးဟာ အညံ့ဖျင်းဆုံးထဲမှာ ပါဝင်နေတာ တွေ့ရပါတယ်။ အနိမ့်ဆုံးကို အဆင့် (၁)၊ အမြင့်ဆုံးကို အဆင့် (၆) သတ်မှတ်ပြီး အကဲဖြတ်တဲ့အခါ ဗမာအစိုးရလုပ်ငန်းတွေဟာ အဆင့် (၂) ကျော်ကျော်သာ ရှိပါတယ်။ တိုင်းပြည်အုပ်ချုပ်ရေး Public Administration နဲ့ ပတ်သက်တဲ့ အရည်အသွေးကတော့ အဆင့် (၂) သာရှိလို့ အညံ့ဆုံးစာရင်းဝင် ဖြစ်နေပါတယ်။

NLD အစိုးရ တက်လာတဲ့အခါ ဖွံ့ဖြိုးတိုးတက်လာမှာမို့ ဒုက္ခသုက္ခတွေ နိဂုံးချုပ်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ အစိုးရတိုင်း စွမ်းဆောင်နိုင်မယ်လို့ မပြောနိုင်ပါဘူး။ ဥပမာ ဝန်ဆောင်လုပ်ငန်း စွမ်းဆောင်နိုင်မှုမှာ တရုတ်ကွန်မြူနစ်က အိန္ဒိယ ဒီမိုကရေစီထက် သာနေပါတယ်။ မနှစ်က တရုတ်ပြည်သားတဦးချင်းရဲ့ ပျှမ်းမျှဝင်ငွေဟာ ဒေါ်လာရှစ်ထောင်ကျော်ရှိပြီး၊ အိန္ဒိယပြည်သားရဲ့ ပျှမ်းမျှဝင်ငွေဟာ ဒေါ်လာတစ်ထောင်ကျော်သာ ရှိပါတယ်။ ဒါကြောင့် အာဏာရှင်ပုံစံတွေထဲမှာ စွမ်းဆောင်နိုင်တဲ့ အစိုးရ ရှိသလို ဒီမိုကရေစီ ပုံစံတွေထဲမှာလည်း မစွမ်းဆောင်နိုင်တဲ့ အစိုးရတွေ ရှိပါတယ်။

အနှစ် (၅၀) စစ်တပ် ကြီးစိုးစဉ်က ဖွဲ့စည်းထားတဲ့ ဗျူရိုကရေစီယန္တရား နဲ့ နိုင်ငံပိုင် လုပ်ငန်းတွေကို NLD အစိုးရက ကိုင်တွယ်ရမှာမို့ ဒီနေရာမှာ အများဆုံး ပြဿနာ ပေါ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ လွှတ်တော်အနေနဲ့ မလုပ်နိုင်တာတွေ အများကြီး ရှိပါတယ်။ ဦးသိန်းစိန်အစိုးရ ဝန်ကြီးဌာနတွေရဲ့ စီမံကိန်းကို အမျိုးသားလွှတ်တော်ကော်မတီက ကွင်းဆင်းလေ့လာပြီး လေ့လာတွေ့ရှိချက်ကို အစီရင်ခံစာရေးပြီး လွှတ်တော်ကို တင်သွင်းပါတယ်။ ဒီကိစ္စကို ဆွေးနွေးဖို့ ဝန်ကြီးဌာနကို ဖိတ်ခေါ်တဲ့အခါမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ တာဝန်ရှိပုဂ္ဂိုလ် မလာတဲ့အတွက် လွှတ်တော်အနေနဲ့ ဝန်ကြီးဌာနတွေကို စီစစ်ဖို့ အခက်အခဲ ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ကြံ့ဖွံ့ဝန်ကြီးဌာနနဲ့ ကြံ့ဖွံ့လွှတ်တော်ရဲ့ ဆက်ဆံရေး ဖြစ်ပါတယ်။ NLD ကတော့ အစိုးရ စွမ်းရည်ရှိဖို့ ဝန်ကြီးဌာနတွေကို လျှော့ပစ်ရမယ်လို့ ကြေညာထားပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ ကြေညာတဲ့အတိုင်း မစွမ်းဆောင်နိုင်တာကို ဒီမိုကရေစီ နိုင်ငံတိုင်းမှာ တွေ့နိုင်ပါတယ်။

ဝန်ကြီးဌာနတွေ ဖြစ်ကြတဲ့ ပြန်ကြားရေး၊ ဆက်သွယ်ရေး၊ နည်းပညာ၊ လျှပ်စစ်၊ စက်မှု၊ ရထားပို့ဆောင်ရေးစတဲ့ ဌာနတွေအောက်က နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း (၉) ခု အရှုံးပေါ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး မကြာမီက ပြောသွားပါတယ်။ အကြီးအကျယ် အဂတိလိုက်စားတာ ဝန်ကြီးဌာနတွေပါ။ အနှစ် (၅၀) ကျော် အဂတိလိုက်စားတဲ့ အစိုးရယန္တရားကို ပြုပြင်ပြောင်းလဲဖို့ဆိုတာ အပြောလွယ်သလောက် လုပ်ရခက်ကြောင်း ဦးသိန်းစိန်အစိုးရက သက်သေပြနေပါတယ်။ စစ်အစိုးရခေတ်မှာ ခေါင်ကမိုးမလုံတာကြောင့် အစိုးရယန္တရားတခုလုံး အကျင့်ပျက်ကုန်တာကို NLD အစိုးရက ပြုပြင်ရမှာ ဖြစ်ပါတယ်။ NLD အစိုးရဟာ ကြီးမားလှတဲ့ တာဝန်တွေကို တပြိုင်တည်း ထမ်းဆောင်ရမလို ဖြစ်နေပါတယ်။

အစိုးရတခုရဲ့ စွမ်းဆောင်နိုင်မှုကို တိုင်းတာတဲ့အခါမှာ ပြည်သူ့အကျိုးပြုလုပ်ငန်း ဘယ်လောက် လုပ်ပေးနိုင်သလဲဆိုတာကို ကြည့်လေ့ရှိပါတယ်။ စစ်တပ်၊ ရဲတပ် နဲ့ ဗျူရိုကရေစီ ယန္တရားအပေါ် ဘယ်လောက် သြဇာညောင်းသလဲဆိုတာကို သုံးသပ်ပြီး အကဲဖြတ်တာမျိုးလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဒီအဖွဲ့အစည်း (၃) ခုစလုံး စစ်ဗိုလ်အုပ်ချုပ်တဲ့ ဝန်ကြီးဌာနတွေ လက်အောက်မှာ ရှိပါတယ်။ ဒါကြောင့် အခွင့်ထူးခံ စစ်ဗိုလ်အုပ်ချုပ်တဲ့ ဝန်ကြီးဌာန (၃) ခုအပေါ်မှာ NLD အစိုးရက ဘယ်လောက် သြဇာရှိတယ်ဆိုတာကိုကြည့်ပြီး စွမ်းရည်ကို တိုင်းတာနိုင်ပါတယ်။ ကာကွယ်ရေး၊ နယ်စပ်ရေးရာ နဲ့ ပြည်ထဲရေးမှာ ဦးသိန်းစိန်အစိုးရ အပြောနဲ့ အလုပ်မညီတာကို မကြာခဏ ဝေဖန်ကြပါတယ်။ ပြည်သူ့အကျိုးအတွက် အခွန်တော် ဘယ်လို စည်းကြပ်ပြီး၊ ဘယ်လို သုံးတယ်ဆိုတာကိုကြည့်ပြီး အစိုးရစွမ်းရည်ကို သိနိုင်ပါတယ်။

အခွန်စည်းကြပ်တဲ့ ဥပဒေစည်းမျဉ်း (၁၅) မျိုးကို ဝန်ကြီးဌာန (၆) ခုရဲ့ လက်အောက်ခံဌာန (၇) ခုက စည်းကြပ်နေတဲ့စနစ် ဖြစ်တာမို့ အင်မတန် ရှုပ်ထွေးတယ်လို့ မနှစ်ကထုတ်ဝေတဲ့ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ Investment Climate Assessment စာတမ်းမှာ ဖော်ပြထားပါတယ်။ စစ်အစိုးရလက်ထက်မှာ ဒေါ်လာဗိုလ်ချုပ်နဲ့ ခရိုနီအရင်းရှင်တွေရဲ့ ကျိတ်ဝိုင်းက ကြီးစိုးတာမို့ လူတစုသာ အကြီးအကျယ် ချမ်းသာပြီး အစိုးရဟာ ရသင့်ရထိုက်တဲ့ အခွန်တော်ကိုတောင် မရနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ အခွန်တော်ဝင်ငွေ နည်းပါးတဲ့အတွက် သယံဇာတကို အားကိုးနေရတာဟာ ရေရှည်တိုးတက်ဖွံ့ဖြိုးဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

NLD အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလည်း ပါဝင်ပါတယ်။ ဦးသိန်းစိန်အစိုးရ တက်ခါစကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆွေးနွေးပွဲတွေလုပ်ပြီး အကြီးအကျယ် ဆော်သြပါတယ်။ ဒါပေမဲ့ သုံးသိန်းလောက် လာဘ်စားတာကို ခွင့်ပြုရတဲ့အခြေအနေကို ရောက်သွားပါတယ်။ လာဘ်ပေးနိုင်မှ လုပ်ပိုင်ခွင့်ရတဲ့ နေရာမှာ မြန်မာ့ထက်သာသူဟာ ဘင်္ဂလားဒေ့ရှ်ပဲ ရှိပါတယ်။ ကုမ္ပဏီ (၃၀) ရာခိုင်နှုန်းကသာ တရားစီရင်ရေးစနစ်ကို ယုံကြည်ပုံ ရပါတယ်။ အကျင့်ဆိုးတွေကို ဘယ်လောက် တိုက်ဖျက်ပြီး၊ ပြည်သူ့အကျိုး ဘယ်လောက် သယ်ပိုးနိုင်သလဲဆိုတာကို ကြည့်ပြီး NLD အစိုးရရဲ့ စွမ်းဆောင်နိုင်မှု အရည်အသွေးကို အကဲဖြတ်ရပါလိမ့်မယ်။

XS
SM
MD
LG