သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား ဒုတိယ သက်တမ်း မြန်မာကိစ္စ အရေးကြီး


အမေရိကန်သမ္မတ Obama နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန်ဒီစီအိမ်ဖြူတော်တွင် တွေ့ဆုံကြစဉ် ( စက်တင်ဘာ ၁၉၊ ၂၀၁၂)
အမေရိကန်သမ္မတ Obama နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန်ဒီစီအိမ်ဖြူတော်တွင် တွေ့ဆုံကြစဉ် ( စက်တင်ဘာ ၁၉၊ ၂၀၁၂)
အမေရိကန်သမ္မတ Barack Obama က သူ့ရဲ့ အရှေ့တောင်အာရှ ခရီးစဉ် အတွင်း မြန်မာနိုင်ငံကိုပါ သွားဖို့ စီစဉ်တာဟာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေဟာ သူ့ရဲ့ သမ္မတ ဒုတိယသက်တမ်းအတွင်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့အတွက် ဖြစ်တယ်လို့ Rutgers တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခ Joseph Silverstein က သုံးသပ်ပါတယ်။ သမ္မတအနေနဲ့ မြန်မာနိုင်ငံကို သွားဖို့ အခုလို စီစဉ်တာဟာ မြန်မာနိုင်ငံ အတွက် ကောင်းတဲ့ လက္ခဏာဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

သမ္မတ အိုဘားမားအနေနဲ့ လာမယ့် နိုဝင်ဘာ ၁၇ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ထိုင်း၊ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို တရားဝင် သွားရောက် လည်ပတ်မှာ ဖြစ်တဲ့အကြောင်း သမ္မတ အိမ်ဖြူတော်က ကြာသပတေးနေ့မှာပဲ ကြေငြာချက် ထုတ်ပြန်လိုက်တာပါ။

နိုဝင်ဘာလ ၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ပူပူနွေးနွေး အနိုင်ရပြီး မကြာခင် ရက်ပိုင်းအတွင်း အခုလို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောက် လည်ပတ်တာဟာ သူ့အစိုးရ ဒုတိယသက်တမ်းအတွင်း ဒီဒေသဟာ ဘယ်လောက်အရေးပါတယ် ဆိုတာကို ပြသလိုက်တာပဲလို့ မြန်မာ့အရေး ကျွမ်းကျင်သူလည်းဖြစ်၊ Rutgers တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခလည်းဖြစ်တဲ့ Joseph Silverstein က ပြောပါတယ်။

“ ဒါက မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေဟာ သူ့အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာကို ပြသလိုက်တာပါပဲ။ မြန်မာနိုင်ငံအပါအဝင် ဒီဒေသတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအပေါ် သူ့အနေနဲ့ စိုးရိမ်ပူပန်မိတယ်၊ သူ့ရဲ့ ဒုတိယသမ္မတ သက်တမ်းအတွင်း ဒီဒေသအတွက် ဘယ်လို မူဝါဒတွေ ချမှတ် လုပ်ဆောင်သင့် တယ်ဆိုတဲ့ ဆုံးဖြတ်ချက်မချခင် အခြေအနေတွေကို သူကိုယ်တိုင် မြင်တွေ့လိုတဲ့ သဘောကို ပြသလိုက်တာလဲ ဖြစ်ပါတယ်။”

ဒါဟာ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် ခရီးစဉ်အဖြစ်လည်း ပါမောက္ခ Silverstein က သုံးသပ်ပါတယ်။

“အမေရိကန်သမ္မတယောက်အနေနဲ့ မြန်မာနိုင်ငံကိုသွားပြီး ခေါင်းဆောင်တွေအပါအဝင် မြန်မာနိုင်ငံသားတွေနဲ့ တွေ့မယ်၊ ဆွေးနွေးမယ်၊ အခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လေ့လာမယ်ဆိုတာ မြန်မာလူမျိုးတွေအတွက် အင်မတန် ကောင်းပါတယ်။”

တချိန်တည်းမှာပဲ အာရှတိုက်အတွင်းမှာ ပြဿနာတွေ အများအပြား ဖြစ်နေတာကြောင့် အမေရိကန်သမ္မတအနေနဲ့ အခုလို မြန်မာနိုင်ငံကို သွားလည်လိုက်တာကြောင့် ဒေသတွင်းက တရုတ်-အမေရိကန်ဆက်ဆံရေး၊ အိန္ဒိယ-အမေရိကန်တွေ ဘယ်လို ဖြစ်လာမလဲ၊ သမ္မတ အိုဘားမားအနေနဲ့ မြန်မာနိုင်ငံကိုသွားတယ်ဆိုတာ အနာဂတ်မှာ ဘယ်လို မူဝါဒတွေ ချမှတ်သင့်တယ်ဆိုတာကို လေ့လာဖို့အတွက် သွားတယ်ဆိုတာကို သူတို့ သဘောပေါက်ကြပါ့မလား၊ ဒါမှမဟုတ် မြန်မာနိုင်ငံကိုသွားတဲ့အစီအစဉ်ထဲမှာ သူတို့ မသိနိုင်တဲ့ တခြား အကြောင်း အချက်တွေများ ရှိနေသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ တယောက်က တနေရာရာကိုသွားပြီဆိုရင် အဲဒီဒေသအတွက်ရော အမေရိကန်အတွက်ပါ အင်မတန် အရေးကြီးပါတယ်လို့ ပါမောက္ခ Silverstein က သုံးသပ်ပါတယ်။

“ကျနော်အမြင်အရကတော့ အမေရိကန်သမ္မတက တိုင်းပြည်တခုခုကိုသွားပြီး အဲဒီက ခေါင်းဆောင်တွေ၊ လူထုတွေနဲ့ တွေ့ဆုံတယ်ဆိုတာဟာ အမေရိကန်အတွက်ရော၊ အဲဒီတိုင်းပြည်အတွက်ပါ အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့် သူအခုလို သွားမယ်ဆိုတဲ့ အစီအစဉ်ကို ကျနော် အပြည့်အ၀ ထောက်ခံပါတယ်။ အဲဒီလို ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံ ဆွေးနွေး လိုက်မှလဲ နှစ်ဖက်စလုံးက ရည်မှန်းချက်တခုတည်းကို အတူတူ ဦးတည်ပြီး လုပ်ဆောင်နိုင်မယ့် မူဝါဒတွေ ချမှတ် ကျင့်သုံးနိုင်မှာပါ။”

အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီဒေသအခြေစိုက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ဦးတင်မောင်သော်ကတော့ သမ္မတ အိုဘားမား မြန်မာပြည်သွားမယ့် ခရီးစဉ်အပေါ် အားတက်မိသလို တဖက်မှာ စိုးရိမ်ပူပန်မှုတွေလည်း ဖြစ်မိတယ်လို့ ပြောပါတယ်။

“အမေရိကန်သမ္မတအိုဘားမား မြန်မာပြည်ကိုသွားမယ်ဆိုတာဟာ ကျနော်တို့ကြားတော့ အားတက်စရာဖြစ်သလို၊ တချိန်တည်းမှာပဲ စိုးရိမ်စရာတွေရှိပါတယ်။ ဘာကြောင့် အားတက်စရာတွေရှိသလဲဆိုတော့ မြန်မာပြည်က ဘာပဲဖြစ်ဖြစ် စပြီးတော့ ပြောင်းလဲမှုကို ပြတယ်ဆိုပေမယ့် ဒီမိုကရေစီပြည့်ပြည့်ဝဝတော့ မဖြစ်သေးပါဘူး။ အိုဘားမားအနေနဲ့ကလည်း သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒ ပေါ်လစီမှာ သူ့ရဲ့အောင်မြင်မှုတခုအနေနဲ့ မြန်မာကို ဂုဏ်ယူပြီး အမြဲပြောလေ့ရှိတဲ့အတွက်ကြောင့်။ ဒါပေမယ့် တချိန်တည်းမှာ ကျနော်တို့ စိုးရိမ်တာကတော့ မြို့တွေမှာ နည်းနည်းသက်သာရာရပေမယ့် နယ်တွေမှာ ကချင်ပြည်နယ်တို့ ဘာတို့ဆိုလည်း ဆက်ပြီးတော့ လူတွေ ဒုက္ခရောက်နေတာရှိတယ်။ နောက်ပြီး ရခိုင်ပြည်နယ်မှာလည်း ဒီအတိုင်းပဲ။”

သမ္မတ အိုဘားမားအနေနဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံတွေကို သီးခြား သွားရောက်ပြီးရင် ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲကို တက်ရောက်ပြီး အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

သမ္မတအနေနဲ့ မြန်မာနိုင်ငံကိုသွားတဲ့အခါ ရန်ကုန်မြို့ကို သွားမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ ဖော်ပြထားပေမယ့် နေပြည်တော်ကို သွားမသွား ဆိုတာတော့ အခုချိန်ထိ မသိရသေးပါဘူး။

ဒီခရီးစဉ်အတွင်းမှာ မြန်မာသမ္မတ ဦးသိန်းစိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံမယ် ဆိုတာကို ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။ သမ္မတရဲ့ ဒီခရီးစဉ်နဲ့ဆိုင်တဲ့ အသေးစိတ် အချက်အလက်တွေကို မကြာခင် ထုတ်ပြန်ပေးသွားမယ်လို့ပဲ သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG