သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ နယ်စပ် အနီး ရုရှားလေယာဉ် ပစ်ချခံရ


တူရကီနဲ့ဆီးရီးယား နှစ်နိုင်ငံကြားနယ်စပ်မှာ ရုရှား Su-24 တိုက်လေယာဉ် ပစ်ချခံရ (နိုဝင်ဘာ ၂၄၊ ၂၀၁၅)
တူရကီနဲ့ဆီးရီးယား နှစ်နိုင်ငံကြားနယ်စပ်မှာ ရုရှား Su-24 တိုက်လေယာဉ် ပစ်ချခံရ (နိုဝင်ဘာ ၂၄၊ ၂၀၁၅)

တူရကီ နဲ့ ဆီးရီးယား နယ်စပ်မှာ ရုရှားတိုက်လေယာဉ်တစင်းကို တူရကီဘက်က ပစ်ချလိုက်ပြီး၊ အဲဒီလေယာဉ်ဟာ သူတို့ရဲ့ လေပိုင်နက်ထဲကို ကျူးကျော် လာ တာကြောင့်ဖြစ်တယ်လို့ တူရကီအစိုးရက ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ရုရှား ဘက်ကတော့ သူတို့လေယာဉ်ဟာ ဆီးရီးယားနယ်နိမိတ်ထဲကနေ မထွက်သွားဘူး လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး - တူရကီဟာ ရုရှားနိုင်ငံအပေါ် နောက်ကျောကို ဓါးနဲ့ ထိုးတာဖြစ်ပြီး၊ IS အဖွဲ့အပါအဝင် အကြမ်းဖက်အဖွဲ့တွေကို အထောက်အပံ့ပေးနေ တယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က စွပ်စွဲလိုက်ပါတယ်။

အစောပိုင်းတုန်းကတော့ ရုရှားတိုက်လေယာဉ်ကို ပြေပြင်ကနေ ပစ်ချခဲ့ တာကြောင့်ဖြစ်တယ်လို့ ရုရှားတာဝန်ရှိသူတွေက အစောပိုင်း မှာပြောကြား ခဲ့ပေမယ့်လည်း၊ တူရကီ F-16 တိုက်လေယာဉ်တွေက ပစ်ချခဲ့တာဖြစ်တယ်လို့ မစ္စတာပူတင်ကဝန်ခံသွားပါတယ်။

သူတို့ရဲ့ လေပိုင်နက်ထဲကို ကျူးကျော်လာတဲ့သူမှန်သမျှကို တူရကီအနေနဲ့ ပစ်ချပိုင်ခွင့် ရှိတယ်လို့ တူရကီဝန်ကြီးချုပ် အာမက်ဒါဗူတိုဂလူက အလေးပေးပြောကြား လိုက်ပါတယ်။

အဲ့ဒီဒေသကထွက်လာတဲ့ ဗွီဒီယို မှာတော့ လေယာဉ်မှူးနှစ်ဦး ကောင်းကင် ကနေ လေထီးနဲ့ ဆင်းလာတာကို ရိုက်ယူထားတာ တွေ့ရပါတယ်။ ဆီးရီးယား သူပုန်တွေက နောက်ပိုင်းမှာ ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုထဲမှာတော့ - လေယာဉ်မှူး တစ်ယောက်ကတော့ သေဆုံးသွားတယ်လို့ ဖော်ပြထားခဲ့ပါတယ်။

ဒါပေမဲ့ လေယာဉ်မှူးတွေဟာ တွန်းကန်စနစ်နဲ့ လေယာဉ်ထဲကနေ ထွက်လိုက်နိုင်ကြပေမဲ့ သူတို့ရဲ့အခြေအနေကိုတော့ မသိသေးဘူးလို့ ရုရှားကပြောပါတယ်။ ဒီဖြစ်ရပ်ကို ဆွေးနွေးဖို့အတွက် နေတိုးအဖွဲ့က အင်္ဂါနေ့မှာ အရေးပေါ် အစည်းအဝေးကျင်းပသွားဖို့ရှိပါတယ်။

တူရကီနိုင်ငံရဲ့ ပန်ကြားချက်အရ နေတိုး မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ဟာ အထူးအစည်းအဝေးကို ကျင်းပသွားမှာဖြစ်ပြီး ၊ ရည်ရွယ်ချက်ကတော့ တူရကီက ရုရှားစစ်လေယာဉ်ကို ပစ်ချခဲ့တာနဲ့ ပတ်သက်ပြီး အသိပေးဖို့ဖြစ် တယ်လို့ နေတိုးတပ်ဖွဲ့က ပြောပါတယ်။

XS
SM
MD
LG