သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူငယ် ၂ ဦးအတွက် အာမခံ ထိုင်းတရားရုံးပယ်ချ


ထိုင်းနိုင်ငံ ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာလူငယ် ၂ ဦးကို မြန်မာသံရုံး ဒုတိယကောင်စစ်ဝန် ဦးဆောင်တဲ့အဖွဲ့က အာမခံရဖို့အတွက် ကြိုးစားခဲ့ရာမှာ ကော့စမွေ တရားရုံးကနေ ပထမဦးဆုံးအကြိမ်အဖြစ် ပယ်ချခဲ့ပါတယ်။

ဒါပေမဲ့ နောက်ထပ် အချက်အလက်တွေ သေချာပြင်ဆင်ပြီး ထပ်မံလျှောက်လဲသွားမယ့်အကြောင်း မြန်မာသံရုံးက တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ စက်တင်ဘာလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရမှုမှာ တရားခံတွေအဖြစ် မြန်မာနိုင်ငံသား လူငယ် ၂ ဦးကို စွပ်စွဲထားပြီး ကော့စမွေ အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါ။ ပြီးခဲ့တဲ့ရုံးချိန်ကနေစပြီး အာမခံ လျှောက်ထားနိုင်ဖို့အတွက် အစိုးရရှေ့နေတွေက ကန့်ကွက်စရာ မရှိဘူး ပြောခဲ့တာကြောင့် မြန်မာသံရုံးရဲ့ အထူးစုံစမ်းရေးကော်မတီ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ မြန်မာသံရုံးရဲ့ ဒုတိယကောင်စစ်ဝန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ကော့စမွေတရားရုံးမှာ အာမခံရဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အာမခံရဖို့ ပယ်ချခံရကြောင်း ဒုတိယကောင်စစ်ဝန် ဦးထွန်းအေးက ဆိုပါတယ်။

“အစိုးရအနေနဲ့ ကျနော်ကနေပြီးမှ သံအမတ်ကြီး ညွှန်ကြားချက်နဲ့အညီ ကျနော်တို့ ဆောင်ရွက်တာပေါ့။ ဆောင်ရွက်တဲ့အခါကျတော့ ဒီအမှုဟာ အမှုကြီးဖြစ်တဲ့အတွက်ကြောင့်တပိုင်း၊ ပြီးတော့ နိုင်ငံခြားသား ဖြစ်တာကြောင့်တပိုင်း အဲ့ဒီအခြေခံတွေကြောင့်ပေါ့ ဒီတခါတော့ သူတို့က ဒီဟာကို reject လုပ်တယ်ပေါ့။ ဆိုတော့ ကျနော်တို့ ထပ်ကြိုးစားမှာပါ။ ကျနော်တို့ သံအမတ်ကြီးဆီ ပြန်တင်ပြပြီးတော့မှ ရှေ့နေများကောင်စီတွေနဲ့ ကျနော်တို့ ပြန်ညှိနှိုင်းပြီးတော့မှ ကျနော်တို့ ထပ်ကြိုးစားဖို့ ရှိပါတယ်။ ထောင်ကိုလည်း ကျနော်တို့အားလုံးက သွားတွေ့ကြတယ်လေ။ ဒီအမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖွဲ့က အကြံပေး လူကြီး ၂ ယောက်လည်း ပါတယ်။ ကျနော် သူတို့လည်း အားလုံးတွေ့ကြတယ်။ ကလေးတွေလည်း အခြေအနေ အားလုံး ကောင်းပါတယ်။ သူတို့လည်း ပျော်ပျော်ရွှင်ရွင် လန်းလန်းဆန်းဆန်းပဲ။ သူတို့တွေကလည်း လူကြီးတွေရှေ့မှာပဲ ထပ်မံပြီးတော့မှ အရင်တုန်းကပြောတဲ့ အဖေအမေတွေနဲ့ တွေ့တုန်းက ပြောတဲ့အတိုင်းပါပဲ။ သူတို့ မလုပ်ပါဘူးဆိုတာ confirm လုပ်ပါတယ်။”

မြန်မာလူငယ် ၂ ဦးဟာ ကော့စမွေ အကျဉ်းထောင်မှာ ချုပ်နှောင်ခံထားရတာကြောင့် သူတို့ကို အာမခံနဲ့ထုတ်ပြီးရင် မြန်မာသံရုံးထဲမှာ ထားဖို့အတွက် ဒုတိယ ကောင်စစ်ဝန်ကိုယ်တိုင် အာမခံကြောင်း တရားရုံးမှာ တင်ပြခဲ့တယ်လို့ မြန်မာအလုပ်သမားရေး ဆောင်ရွက်သူ ဦးကျော်သောင်းလည်း ဆိုပါတယ်။

“ဒီနှစ်ယောက်ကို သံရုံးထဲမှာ ထားပါမယ်။ တရားရုံးချိန်းတိုင်းကို လာပြီးတော့ ပို့ပါမယ်။ နောက်ပြီးတော့ သံရုံးက အထူးစုံစမ်းရေး ကော်မတီရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးထွန်းအေးဟာ သံရုံးရဲ့ ကိုယ်စားလှယ် ဖြစ်ပါတယ်။ သူက တာဝန်ယူပါတယ်၊ တာဝန်ခံပါတယ် ဆိုပြီးတော့ ကျနော်တို့ ရှေ့နေတွေ သွားကြတာပေါ့လေ။ ဒါပေမဲ့ မရခဲ့ဘူးပေါ့။”

ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကတော့ မြန်မာနိုင်ငံက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းတက္ကသိုလ်တခုဖြစ်တဲ့ Ramkhamhaeng တက္ကသိုလ်ကပေးတဲ့ ဘွဲ့တခုကို လက်ခံရယူရင်း ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့ပါတယ်။ ခရီးစဉ်အတွင်းမှာ ထိုင်းနိုင်ငံဝန်ကြီးချုပ် Prayut Chan-o-cha နဲ့လည်း တွေ့ဆုံပြီး လိပ်ကျွန်းလူသတ်မှုနဲ့ ထိန်းသိမ်းခံထားရတဲ့ မြန်မာလူငယ် ၂ ဦးရဲ့ အရေးကိစ္စနဲ့ပတ်သက်လို့ တရားမျှတမှုရှိဖို့နဲ့ အာမခံထုချေခွင့် ရဖို့အတွက် ပြောဆိုခဲ့ပါတယ်။ ဒီနေ့မှာပဲ အမျိုးသားလွှတ်တော်က အကြံပေး ၂ ဦးဟာ မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့နဲ့အတူ မြန်မာလူငယ်တွေကို တွေ့ဆုံခဲ့တာပါ။

လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ ၂ ပတ်ကြာတဲ့အထိ တရားခံတွေ ဖမ်းဆီးနိုင်ခြင်းမရှိတဲ့ အများဝေဖန်မှု ခံနေရတာပါ။ ဒီ့နောက်မှာတော့ မြန်မာလူငယ် ၂ ဦးဟာ သူတို့သတ်ပါတယ် ဆိုတာကို ဝန်ခံကြောင်း ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာသံရုံးက အထူးစုံစမ်းရေးအဖွဲ့က လူငယ်တွေကို အကျဉ်းထောင်မှာ လိုက်လံတွေ့ဆုံပြီး နောက်ပိုင်းမှာတော့ မြန်မာလူငယ်တွေဟာ ခြိမ်းခြောက်မှု၊ နှိပ်စက်ခံရမှုတွေကြောင့် ဝန်ခံရတာဖြစ်ကြောင်း သူတို့လွတ်မြောက်အောင် ကြိုးစားပေးဖို့ ပြောဆိုခဲ့ပါတယ်။ သူတို့လွတ်မြောက်ရေးအတွက် ထိုင်းလူ့အခွင့်အရေးကော်မတီ ထိုင်းရှေ့နေများကောင်စီကလည်း လိုက်ပါဆောင်ရွက်ပေးနေပြီး နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် ထွက်ဆိုရတယ်လို့ သံသယရှိတဲ့အတွက် ရှေ့နေ ၁၂ ဦးပါတဲ့ မြန်မာသံရုံးက ကိုယ်စားလှယ်တွေက ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI ကို အမှုဖွင့် တိုင်ကြားထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG