သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးပေါ် ရေဘေးကယ်ဆယ်ရေး မြန်မာအတွက်လိုအပ်


အလှူရှင်တွေက ရေနစ်မြုပ်နေတဲ့ကောလင်းနဲ့ ပတ်ဝန်းကျင်ရွာတွေက ကျောင်းသားကလေးငယ်တွေကို စားသောက်စရာများ ဝေခြမ်းပေးနေစဉ်။ (ဇူလိုင် ၂၃၊ ၂၀၁၅)
အလှူရှင်တွေက ရေနစ်မြုပ်နေတဲ့ကောလင်းနဲ့ ပတ်ဝန်းကျင်ရွာတွေက ကျောင်းသားကလေးငယ်တွေကို စားသောက်စရာများ ဝေခြမ်းပေးနေစဉ်။ (ဇူလိုင် ၂၃၊ ၂၀၁၅)

မြန်မာနိုင်ငံတဝှမ်းက ရေဘေးဒုက္ခသည်တွေအတွက် အစာရေစာ၊ နေရာထိုင်ခင်းအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု စတဲ့ အရေးပေါ် ကယ်ဆယ်ရေး တွေကို ချက်ချင်းလက်ငင်းဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ ကုလသမဂ္ဂ UNHCR က မနေ့က သတိပေး ပြောဆိုလိုက်ပါတယ်။ မြန်မာအစိုးရရဲ့ တနိုင်ငံလုံး ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေ ထိရောက်အောင် အကူအညီပေးနိုင်ရေး ကုလသမဂ္ဂအေဂျင်စီအဖွဲ့တွေအနေနဲ့ အလျင်အမြန် စီစဉ် ဆောင်ရွက်နေတယ်လို့လည်း UNHCR ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Adrian Edwards ကပြောပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။

ရေလွှမ်းမိုးနေတဲ့ မြန်မာနိုင်ငံအနှံ့အပြားမှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် ရေဘေးသင့်နေရာ အနည်းငယ်ကိုပဲ ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်နိုင်ပြီး အရေးပေါ်ကယ်ဆယ်ရေးတွေ အမြန်ဆုံး လိုအပ်နေသေးတယ်လို့ ဂျီနီဗာအခြေစိုက်ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR ရဲ့မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် Adrian Edwards က သတင်းထောက်တွေကိုပြောသွားပါတယ်။

“ကျနော်တို့မှာရှိနေတဲ့ အစောပိုင်း အကဲဖြတ်တွက်ချက်မှုတွေအရ ရေဘေးဒုက္ခသည်တွေအတွက် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုအပါအဝင် အစာရေစာ၊ နေရာထိုင်ခင်း၊ ရေနဲ့မိလ္လာသန့်စင်ရေး စတာတွေ ချက်ချင်းလက်ငင်း ဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်။”

ပြီးခဲ့တဲ့သီတင်းပတ်က တိုက်ခတ်ခဲ့တဲ့ ကိုမန်ဆိုင်ကလုန်မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုအကြီးအကျယ်ခံရတဲ့ ရခိုင်ပြည်နယ် ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ ဗူးသီးတောင် မြို့နယ်တွေမှာရှိနေတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီးအရေးပေါ်အကူအညီတွေပေးနိုင်ရေး UNHCR အနေနဲ့ ဆောင်ရွက်နေတယ်လို့ Mr. Edwards ကပြောပါတယ်။ အထူးသဖြင့် ဘူးသီးတောင်မြို့နယ်မှာ ရေဆက်ပြီးကြီးနေဆဲရှိသေးတယ်လို့သူကပြောပါတယ်။ ကုလသမဂ္ဂနဲ့ အစိုးရ မဟုတ်တဲ့ NGO အဖွဲ့တွေအနေနဲ့ အဲဒီဒေသက ရွာပေါင်း (၆၈) ရွာကို ရောက်ရှိခဲ့ပြီး ရေဘေးသင့် ဒုက္ခသည်ပေါင်း ၁၈,ဝဝဝကျော်ရှိနေတာ တွေ့ခဲ့ရတယ် လို့လည်း ဆိုပါတယ်။ UNHCR အနေနဲ့ ရေဘေးဒဏ်ခံနေရတဲ့ ရခိုင်ပြည်နယ်က အိုးအိမ်စွန့်ခွာထွက်ပြေးကြရသူတွေရဲ့ ဒုက္ခသည်စခန်း ၂၄ ခုကို သွားရောက်ကြည့်ရှုခဲ့ရမှာ ယာယီတဲစုစုပေါင်းအရေအတွက် လေးပုံတစ်ပုံ ပျက်စီးခဲ့တာ တွေ့ခဲ့ရပြီး ဒုက္ခသည်ဦးရေ ၂၁,ဝဝဝ ဟာ ရေဘေးဒုက္ခ ရောက်နေတယ်လို့ Mr. Edwards ကဆိုပါတယ်။

လက်ရှိမှာလည်း ရေဘေးဒဏ် အဆိုးရွားဆုံးခံရတဲ့ ရခိုင်ပြည်နယ်အပါအဝင် အခြားတိုင်းနဲ့ပြည်နယ် ဒေသတွေမှာ ကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းတွေ ဘယ်လောက်လိုအပ်နေသလဲသိရအောင် အကဲဖြတ် တွက်ချက်ရေးအဖွဲ့တွေ စေလွှတ်ထားပါတယ်။ ဒီအဖွဲ့တွေဆီက အဖြေထွက်လာပြီဆိုတာနဲ့ UNHCR အနေနဲ့ ကယ်ဆယ်ရေး အထောက်အပံ့ ပစ္စည်းတွေကို ပို့ဆောင် ဖြန့်ဝေသွားမှာဖြစ်တယ်လို့ Mr. Edwards က သတင်းစာရှင်းလင်းပွဲမှာ ပြောသွား ပါတယ်။

“နိုင်ငံတကာအကူအညီတွေကို မြန်မာအစိုးရအနေနဲ့ ဒီကနေ့မှာ တရားဝင် တောင်းခံလိုက်ပါတယ်။ ကုလသမဂ္ဂနဲ့ သူ့ လက်အောက်ခံအဖွဲ့အစည်းတွေ၊ လူသားချင်းကူညီစာနာမှု အထောက်အကူပေးနေတဲ့ အဖွဲ့အစည်းတွေကတော့ ရေဘေးသင့် နေရာတွေမှာ အကူအညီပေးနိုင်ရေး ဒေသဆိုင်ရာအပါဝင် ပြည်ထောင်စုအဆင့် အစိုးရအာဏာပိုင်တွေနဲ့ အရင်ကတည်းက အနီးကပ်ပူးပေါင်းဆောင်ရွက်နေတာပါ။”

ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ ရန်ပုံငွေကို ဒီနှစ်အစပိုင်းကတည်းက လျာထား သတ်မှတ်ထားတာပါ။ ဒါပေမဲ့ အခုလို တနိုင်ငံလုံးအတိုင်းအတာနဲ့ရေကြီးပြီး ဘေးဒုက္ခရောက်ကြတဲ့အခြေအနေအတွက် ရန်ပုံငွေ နိုင်ငံတကာကို သီးသန့်ထပ်ပြီးတောင်းခံဖို့ လောလောဆယ်မှာတော့ မရှိဘူးလို့ Mr. Edwards က ပြောပါတယ်။

“လက်ရှိအခြေအနေမှာတော့ နောက်ထပ် ရန်ပုံငွေတောင်းခံဖို့ မရှိသေးပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံက ရေဘေးသင့် ဒေသတွေမှာ သွားရောက် ကူညီ လုပ်ကိုင်နေတဲ့ ကုလသမဂ္ဂရုံးခွဲအနေနဲ့ ဗဟိုအရေးပေါ် တုံ့ပြန်မှု ရန်ပုံငွေတောင်းခံဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ ငွေပမာဏဘယ်လောက်ရှိမလဲဆိုတာ အတိအကျမသိရသေးပေမဲ့ မြန်မာအစိုးရကို ကူညီဖို့ အရေးပေါ်ပိုက်ဆံ အမြန်ဆုံးလိုအပ်နေတယ်လို့ ကျနော်တို့ သိရပါတယ်။”

မုတ်သုန်မိုး သည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအနှံ့ရေကြီးခဲ့ရာမှာ အင်္ဂါနေ့က အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရေဘေးကြောင့် လူပေါင်း (၃၉) ဦးသေဆုံးခဲ့ပြီး ရေဘေးဒုက္ခသည် နှစ်သိန်းကျော်ရှိတယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်း ရေလွှမ်းမိုးတဲ့နေရာတွေ ပိုပြီး သွားရောက်နိုင်လေ သေဆုံးသူနဲ့ ဒုက္ခသည်အရေအတွက် ဒီထက်မက ပိုပြီးများလာနိုင်တယ်လို့ UNHCR က ခန့်မှန်းထားပါတယ်။ UNHCR အနေနဲ့ ရွက်ဖျင်တဲ၊ စောင်၊ ဖျာ၊ ရေပုံးစတာတွေကို အစိုးရကဖွင့်လှစ်ထားတဲ့ ရေဘေးဒုက္ခသည်စခန်းတွေမှာ ကူညီ ထောက်ပံ့ ပေးထားပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာရေဘေးကူညီဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ရန်ပုံငွေတွေ စတင်လှူဒါန်းရာမှာ စင်္ကာပူ ကြက်ခြေနီအသင်းကနေအစားအစာ၊ ဆေးဝါး၊ စောင်၊ သောက်ရေသန့်နဲ့ အရေးပေါ်ကျန်းမာရေး ကုသတဲ့ ဆေးပုံး စတဲ့ အမေရိကန် ဒေါ်လာ တသိန်းတန်ဖိုးနဲ့ညီတဲ့ အကူအညီတွေကို ရေဘေးသင့်နေရာတွေမှာ ထောက်ပံ့မှာဖြစ်တယ်လို့ စင်္ကာပူကြက်ခြေနီအသင်းက မနေ့ကကြေညာချက်ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG