သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူတွေလည်း ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ USAID တိုက်တွန်း


USAID အေဂျင်စီ ရန်ကုန်ရုံးခွဲဒါရိုက်တာ Chris Milligan
USAID အေဂျင်စီ ရန်ကုန်ရုံးခွဲဒါရိုက်တာ Chris Milligan

မကြာခင်ကျင်းပတော့မယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲဟာ ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီစနစ် တိုးတက်ရေးအတွက် အရေးကြီးတာကြောင့် ပြည်သူတွေအနေနဲ့လည်း ရွေးကောက်ပွဲစောင့်ကြည့်အကဲဖြတ်ဖို့ လိုအပ်တယ်လို့ အမေရိကန်ပြည်ထောင်စုဖွံ့ဖြိုးမှုအေဂျင်စီ USAID က ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုရော နိုင်ငံရေးပါတီတွေကိုပါ လိုအပ်တဲ့အထောက်အပံ့တွေ ပေးနေတဲ့အကြောင်း အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။

ပြုပြင်ပြောင်းလဲရေးအတွက် ရွေးကောက်ပွဲဟာ အရေးကြီးတာကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် ဖြစ်စေဖို့ ပြည်သူတွေကလည်း စောင့်ကြည့်ဖို့ လိုအပ်တယ်လို့အမေရိကန်ပြည်ထောင်စုဖွံ့ဖြိုးမှုအေဂျင်စီ USAID ရန်ကုန်ရုံးခွဲဒါရိုက်တာ Chris Milligan က အခုလို ပြောဆိုလိုက်ပါတယ်။

“ရွေးကောက်ပွဲဆိုတာဟာ ပြုပြင်ပြောင်းလဲရေးကာလမှာ အရေးကြီးတဲ့ ဆောင်ရွက်ချက်တစ်ခုဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးကို အဆုံးသတ်လိုက်မှာ မဟုတ်ဘဲ အရေးကြီးတဲ့ အကောင်အထည်ဖော်မှု တစ်ခုသာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ လက်တွေ့ကျကျပဲ စဉ်းစားပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရှေ့မှာ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေ အများကြီးရှိမယ်၊ အခက်အခဲတွေလည်း ရှိမယ်ဆိုတာ သတိပြုမိပါတယ်။ ဒါပေမယ့်လည်း လာမယ့်ရွေးကောက်ပွဲဟာ ယုံကြည်ရသလား၊ ပွင့်လင်းမြင်သာမှုရှိသလား ပြီးတော့ ပြည်သူတွေရဲ့ ဆန္ဒတွေကို အမှန်တကယ်ကိုယ်စားပြုရဲ့လားဆိုတာကို ပြည်သူတွေကိုယ်တိုင်ပဲ ဆန်းစစ် ဆုံးဖြတ်ကြရမှာဖြစ်ပါတယ်။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စွမ်းရည်မြင့်တင်ရေးနဲ့ ပိုမိုပွင့်လင်းမြင်သာလာရေးတို့အတွက်လည်း ကူညီနေတယ်လို့ Chris Milligan က ပြောပါတယ်။

“ကျွန်တော်တို့နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးရှိပါတယ်။ ကျွန်တော်တို့က ရွေးကောက်ပွဲကော်မရှင်ရဲ့ စွမ်းရည်တိုးမြင့်လာဖို့၊ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ ပိုပြီး ထိရောက်စေဖို့ အဓိကထားပြီး ကူညီထောက်ပံ့နေပါတယ်။ ဒါကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကော်မရှင်ရဲ့ ယုံကြည်စိတ်ချရမှု၊ ပွင့်လင်းမြင်သာမှုတွေ တိုးတက်အောင်ကို ဆိုလိုတာပါ။ ကော်မရှင်အနေနဲ့ လုပ်ငန်းစဉ်တွေနဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးတွေကို ပြည်သူတွေနဲ့ အခြားပါဝင်ပတ်သက်မယ့် အဖွဲ့အစည်းတွေ သိအောင် ချပြပေးဖို့ အားပေးထားပါတယ်။ ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲအပေါ် ယုံကြည်မှုရှိအောင် လုပ်ငန်းစဉ်တွေကို သမာသမတ်ကျကျ ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။”

ဒါ့အပြင် USAID ဟာ ရွေးကောက်ပွဲကော်မရှင်နဲ့ရော အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းပြီး ရွေးကောက်ပွဲပညာပေးသင်တန်းတွေ ပို့ချရာမှာ ကူညီထောက်ပံ့နေတာလည်းဖြစ်ပါတယ်။

တစ်ဖက်မှာလည်း နိုင်ငံရေးပါတီတွေကိုလည်း မဲဆွယ်စည်းရုံးရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေကိုလည်း ထောက်ပံ့ပေးနေတယ်လို့ Chris Milligan က ပြောပါတယ်။

“နိုင်ငံရေးပါတီ တွေအနေနဲ့ ဒီ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်အောင် ၂၀၁၃ ခုနှစ်ကတည်းက စွမ်းရည်မြှင့်တင်ရေးမှာ ကူညီပေးနေပါတယ်။ သူတို့တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် မဲဆန္ဒနယ်တွေက ဒေသခံတွေနဲ့ ထိတွေ့ဆက်ဆံရာမှာ အဆင်ပြေအောင်၊ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒတွေကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအခင်းအကျင်းမျိုးဖြစ်အောင်၊ မဲဆွယ်စည်းရုံးရေး စီမံခန့်ခွဲမှုတွေနဲ့ အခြားကဏ္ဍတွေမှာ ကူညီထောက်ပံ့နေတာပါ။ ပြီးတော့ နိုင်ငံရေးပါတီ အားလုံးကို အကူအညီတွေ ပေးနေပါတယ်။ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံသားတွေအတွက်ဖြစ်တယ်၊ မြန်မာနိုင်ငံသားတွေ ကိုယ်တိုင်က ဒီရွေးကောက်ပွဲမှာ အဆုံးအဖြတ်ပေးရမှာဖြစ်တယ်၊ ဒါကြောင့် ကျွန်တော်တို့ဟာ နိုင်ငံရေးပါတီ အားလုံးကို အကူအညီပေးနေတာဖြစ်ပါတယ်။”

USAID အဖွဲ့ဟာ ၂၀၀၀ ပြည့်နှစ်ကတည်းက မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနေတာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာတော့ ရွေးကောက်ပွဲဆိုင်ရာ အကူအညီတွေကိုပေးဖို့ ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီတွေအပြင် အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နေပါတယ်။

XS
SM
MD
LG