သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ရေး ရပ်ဆိုင်းနေလား အမေရိကန် အကောင်းမြင်လွန်းသလား


အမေရိကန်သမ္မတ အိုဘားမား နှင့် မြန်မာသမ္မတ ဦးသိန်းစိန် (နေပြည်တော်)
အမေရိကန်သမ္မတ အိုဘားမား နှင့် မြန်မာသမ္မတ ဦးသိန်းစိန် (နေပြည်တော်)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ရပ်တန့်နေတယ်။ အမေရိကန်အစိုးရကလည်း မြန်မာနိုင်ငံအပေါ် အကောင်းမြင်လွန်းတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်တာဟာ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ မကျေနပ်စရာ ကြုံတွေ့နေရလို့ ဖြစ်မယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ David Steinberg က သုံးသပ်လိုက်ပါတယ်။ ပါမောက္ခ David Steinberg ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးဟာ ရှေ့ကိုလည်း မတိုးဘူး၊ နောက်ကိုလည်း မဆုတ်ဘူး။ ရပ်တန့်နေတယ်လို့ မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပါမောက္ခ Steinberg ဘာပြောလိုပါလဲ ခင်များ။

Prof. Steinberg ။ ။ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တရပ်ဟာ အတွန့်အဆုတ် အတက်အကျ မရှိဘဲနဲ့ ဘက်စုံတပြိုင်နက်ထဲ တိုးတက်နေမယ်လို့ မျှော်လင့်ခြင်းဟာ လက်တွေ့မကျနိုင်ပါဘူး။ တိုးတက်တဲ့အခါ တိုးတက်တယ်။ ဆုတ်တဲ့အခါ ဆုတ်မြဲရှိတတ်စမြဲပါ။ ပြုပြင်ရေးကို ဆန့်ကျင်မှ အကျိုးရှိမယ်ဆိုတဲ့ အစိတ်အပိုင်းတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့်မို့ တချို့ကဏ္ဍတွေမှာ ရပ်ဆိုင်းနေတဲ့အတွက် တခြားကဏ္ဍတွေ ရှေ့မတိုးဘူးလို့ ဆိုလိုရာ မရောက်ပါဘူး။ ညည်းညူနေတာထက် တိုးတက်အောင်လုပ်ဖို့က ပိုအရေးကြီးပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့ကဏ္ဍတွေမှာ ရပ်ဆိုင်းနေတယ်ဆိုတာကို လက်ခံတယ်ဆိုရင် ဘယ်လိုနေရာတွေမှာ ရပ်ဆိုင်းနေသလဲဆိုတာကို နည်းနည်းပြောပြပါခင်များ။

Prof. Steinberg ။ ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ။ သမ္မတ အရည်းအချင်းသာမက စစ်တပ်က ၂၅ ရာခိုင်နှုန်း ယူထားတဲ့ကိစ္စ။ တခြားလူနည်းစုတွေကို ကိုယ်ပိုင်အုပ်ချုပ်မှု ပိုပေးရမယ့်ကိစ္စ ဒါတွေကို ပြောတယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့ စီးပွားရေးနဲ့ ပတ်သက်လို့ ပိုပြီးတော့ ကောင်းမွန်တဲ့ဝန်းကျင် ဖန်တီးပေးဖို့ကိစ္စ။ မီဒီယာ လွတ်လပ်ခွင့်ပြဿနာ။ အောက်ခြေစစ်ဗိုလ်တချို့က သူတို့ဒေသမှာ သူတို့ထင်သလို လုပ်လို့ရတယ်လို့ ထင်နေသေးတဲ့ကိစ္စ ဒါတွေက ရပ်ဆိုင်းနေသေးတဲ့ ကိစ္စတွေပါ။ ကျနော်လည်း ဒါကို သဘောတူပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုအခါမှာ အမေရိကန်ပြည်ထောင်စုက ဥပဒေပြုအမတ်တချို့က အိုဘားမားရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်ပြင်ဖို့ တောင်းဆိုနေကြပါတယ်။ သူတို့ဟာ အမေရိကန်လွှတ်တော်နှစ်ရပ်လုံးမှာ လူများစု ဖြစ်လာကြပါတယ်။ ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ဘယ်လို ရိုက်ခတ်စေမယ်လို့ ထင်ပါသလဲ ခင်များ။

Prof. Steinberg ။ ။ ဖြစ်နိုင်ပါတယ်။ အထက်လွှတ်တော် လူများစုခေါင်းဆောင် ဆီနိတ်တာ Mitch McConnell က တခြားအမတ်တွေထက် ပိုပြီးတော့ စစ်အစိုးရကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူ ဖြစ်ပါတယ်။ ဒါဟာ အရေးကြီးပါတယ်။ သမ္မတအိုဘားမား က အခုအခါမှာ ဆီနိတ်တာ Mitch McConnell ကို မြန်မာ့အရေးအတွက်သာမက တခြားအရေးတွေအတွက်လည်း ပိုပြီးတော့ လိုအပ်လာပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်ဆိုင်ရာ မူဝါဒကို ထိခိုက်နိုင်ပါတယ်။ စောင့်ကြည့်ရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်မရှိရင် စစ်တပ်ကို အရပ်သားလက်အောက် မထားနိုင်ရင် မြန်မာကို အကူအညီရပ်ဆိုင်းဖို့ အဆိုတင်ခဲ့ကြတာ ရှိပါတယ်။ အခု ဖွဲ့စည်းပုံက စစ်တပ်အာဏာမြဲဖို့ ဆွဲထားတဲ့ ဥပဒေပါ။ စစ်တပ်နဲ့ အရပ်သား နိုင်ငံရေးသမားတွေ ယုံကြည်မှု တည်ဆောက်နိုင်မှ ဒါဖြစ်လာနိုင်မှာပါ။ အခု ယုံကြည်မှု မရှိကြသေးပါဘူး။ အချိန်ယူရပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ အမေရိကန်လွှတ်တော် အမတ်တချို့ကဆိုလို့ရှိရင် အမေရိကန်စစ်တပ်နဲ့ မြန်မာစစ်တပ် ဆက်သွယ်မယ့်ကိစ္စကို ဆက်မလုပ်ဖို့ တောင်းဆိုနေကြတာကို ကြားရပါတယ်။

Prof. Steinberg ။ ။ ကျနော် ပြောမယ်ဗျာ။ လူတစ်ယောက် ရာဇဝတ်မှု ကျူးလွန်လို့ ထောင်ချထားတယ် ဆိုပါစို့။ ဒီလူကို ပြန်လည်ပြုပြင်ဖို့ ထောင်က လွတ်လာတဲ့အထိ စောင့်နေမလား။ ထောင်ကျနေဆဲမှာပဲ ပြုပြင်သွားမလား ဆိုတာပါ။ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးဆိုတာလဲ အခုအချိန်မှာ စတင်ပြုလုပ်ခြင်းအားဖြင့် သူတို့ နိုင်ထက်စီးနှင်းလုပ်မယ့် လူသတ်လက်နက်တွေကို မပေးဘဲနဲ့ တခြားဘက်တွေမှာ လေ့ကျင့်ပေးနိုင်တာတွေ အများကြီး ရှိပါတယ်။ လူ့အခွင့်အရေးကိစ္စတွေ။ တရားဥပဒေ စိုးမိုးရေးကိစ္စ။ အေးချမ်းသာယာရေး ထိန်းသိမ်းရေးကိစ္စတွေကို လေ့ကျင့်ကူညီနိုင်ပါတယ်။ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ကိုပါ ဒီကိစ္စအတွက် လေ့ကျင့်ပေးနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အမေရိကန်မှာသာမက ကမ္ဘာမှာပါ သိပ်ပြီးတော့ လူသူလေးစား အထင်ကြီးတဲ့ ဟားဗတ်တက္ကသိုလ်ကြီးက ပညာရှင်တွေက အစီရင်ခံစားတစ်ခု ရေးသားထုတ်ပြန်ခဲ့ကြပါတယ်။ အဲဒီအထဲမှာ မြန်မာစစ်တပ်က ဗိုလ်ချုပ်ကြီး (၃) ယောက်။ စစ်ဗိုလ်ချုပ် (၃) ယောက်ဟာ စစ်ရာဇဝတ်မှုတွေ၊ လူသားတို့အပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှုတွေလည်း ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး ICC ကို တင်နိုင်တဲ့ အထောက်အထားတောင် သူတို့မှာ ရှိတယ်လို့ ဆိုပါတယ်။ ဆိုတော့ ဒီတွေ့ရှိချက်ဟာ ဒီအစီရင်ခံစာဟာ အိုဘားမားအစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ သဘောထားအပေါ် တစုံတရာ ရိုက်ခတ်မှု ရှိနိုင်ပါလား။ အိုဘားမား က ဒီကိစ္စကို ပံ့ပိုးပေးမလား။ သို့တည်းမဟုတ်..

Prof. Steinberg ။ ။ ဒီကိစ္စအပေါ် အမေရိကန်အစိုးရရဲ့ တရားဝင်ရပ်တည်ချက်ကိုတော့ ကျနော် မသိပါဘူး။ ဒီ စစ်ဗိုလ်တွေ ပြစ်မှုကျူးလွန်တယ်ဆိုတာနဲ့ ပတ်သက်တဲ့ အထောက်အထားလည်း ကျနော်မှာ မရှိပါဘူး။ ဟားဗတ်ပါမောက္ခတွေရဲ့ အစီရင်ခံစာကို ကျနော် တွေ့ပါတယ်။ ကျနော်အနေနဲ့ ပြောရရင် အမေရိကန်အစိုးရက လူ့အခွင့်အရေးကို အထူးစိတ်ဝင်စားပါတယ်။ လူ့အခွင့်အရေးကိစ္စဟာ အမေရိကန်ရဲ့ နိုင်ငံတကာ ဆက်ဆံရေး ကျောရိုးမူဝါဒပါ။ အဲဒီ မူဝါဒကို ပြည်သူလူထုရဲ့အကျိုး၊ အမေရိကန်ပြည်ထောင်စုအကျိုးကို ငဲ့ကွက်ပြီးတော့ တခြားအချက်တွေနဲ့ ထိန်းညှိရပါတယ်။ အစိုးရတရပ်ကို ပြုပြင်ပြောင်းလဲစေချင်တယ်။ အာဏာလက်ရှိထဲက တချို့ကို ရာထူးစွန့်လွှတ်စေချင်တယ်ဆိုရင် ထောင်ချမယ်ဆိုပြီးတော့ ခြိမ်းခြောက်သင့်ပါ့မလား။ မှတ်မိပါလိမ့်မယ် ၁၉၉၀ ပြည့် ရွေးကောက်ပွဲအပြီးမှာ ဗိုလ်မှူးကြီးကြည်မောင် က Nuremberg ခုံရုံးမျိုး မရှိနိုင်ပါဘူးလို့ ပြောတာပါ။ ဒါကိုတောင်မှ စစ်ဗိုလ်ချုပ်တွေက ကြောက်လန့်သွားတယ်လို့ ထင်ပါတယ်။ အဲဒီ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်လိုက်ဖို့ စဉ်းစားတဲ့နေရာမှာ ဒါဟာလဲ အချက်တချက်ဖြစ်တယ်လို့ ကျနော် ယုံကြည်ပါတယ်။ နိုင်ငံတကာခုံရုံး တင်ခံရမှာကို သူတို့ ကြောက်ပါတယ်။ နောက်တခုက စစ်ဗိုလ်ချုပ်တွေ ပြည်ပကို ထွက်ကြမှာလဲ မဟုတ်ပါဘူး။ အာဆီယံနိုင်ငံတွေကလည်း သူတို့ကို အရေးယူဖို့လုပ်တာ ပြည်တွင်းရေး ဝင်စွက်တယ်လို့ပဲ ပြောကြမှာပါ။ ချီလီကိစ္စနဲ့ မတူပါဘူး။ ဟုတ်ပါတယ် ကျနော်တို့က လူ့အခွင့်အရေးကို အလေးထားပါတယ်။ ဒါပေမဲ့ လက်တွေ့အကြပ်အတည်းနဲ့ ပြန်ညှိရပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည် ပြောတာကို ပြန်ကောက်ရမယ်ဆိုရင် သူက ပြောပါတယ်။ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒဟာ အကောင်းမြင်လွန်းတယ်လို့ ဆိုပါတယ်။ တကယ်တော့ ဒါ ပထမဦးဆုံးပြောတာ မဟုတ်ပါဘူး ဒီကိစ္စကို။ ဒါပေမဲ့လဲ ဒီတကြိမ်ပြောတာဟာ အပြင်းထန်ဆုံး၊ အကျယ်လောင်ဆုံး ပြောတယ်လို့ ထင်ပါတယ်။ ဆရာကြီး ဘာပြန်ပြောချင်ပါသလဲ။

Prof. Steinberg ။ ။ ဒါမျိုး သူပြောခဲ့တာ ကြာပါပြီ။ အမေရိကန်နဲ့ ပတ်သက်ပြီးတော့ သူတုန့်နှေးစေချင်တာတွေ ရှိပါတယ်။ သမ္မတအိုဘားမား မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ် သွားတုန်းကလဲ သူက မသွားစေချင်ခဲ့ပါဘူး။ ဒီဟာကို အထောက်အထားတွေနဲ့တကွ သက်သေမပြနိုင်ပေမဲ့ ကျနော်က ဒီလိုပဲ ယုံကြည်ပါတယ်။ ဒီကိစ္စဟာ ဝါရှင်တန်အသိုင်းအဝိုင်းမှာ ကောလဟာလတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီခရီးဟာ သူ့အတွက်ရော၊ မြန်မာပြည်သူတွေအတွက်ပါ အကျိုးရှိမယ်ဆိုတာ သူ သဘောပေါက်ခဲ့ပါတယ်။ အခုလဲ သူဟာ တင်းမာလာတယ်။ ဖြစ်ထွန်းလာတဲ့ ရလဒ်တွေကို သူ စိတ်ပျက်လာတယ်လို့ ကျနော် ထင်ပါတယ်။ သူ သမ္မတ ဒါမှမဟုတ် ဒုတိယသမ္မတ ဖြစ်ရေးကို လော်ဆော်တာတွေလည်း လုပ်လာတဲ့အတွက် နိုင်ငံတကာပုံရိပ် နည်းနည်းကျဆင်းလာတာတွေလည်း တွေ့နေရပါတယ်။ ကျနော် အရင်က ရေးခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ သြဇာရှိတယ်။ Moral authority ရှိတယ်။ စစ်တပ်မှာ အာဏာရှိတယ်။ ပါဝါ ရှိတယ်လို့ သမ္မတဖြစ်ရေး လော်ဆော်မှုကြောင့် အခုအခါမှာ သြဇာမှေးမှိန်လာတယ်လို့ ကျနော် ထင်ပါတယ်။ သူဟာ နိုင်ငံရေးသမားပါ။ နိုင်ငံရေးကစားကွက် ဆင်နိုင်ပါတယ်။ မူစလင်ပြဿနာ၊ တခြားပြဿနာတွေနဲ့ နိုင်ငံရေးကစားနေပါတယ်။ နိုင်ငံရေးသမားဆိုတာ ဒါတွေ လုပ်လို့ရပါတယ်။ ဒါပေမဲ့ သိက္ခာကို ထိခိုက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ သမ္မတအိုဘားမား ပထမဦးဆုံး လာမယ့်ခရီးကို ဒေါ်အောင်ဆန်းစုကြည် က မကြိုဆိုခဲ့ဘူး။ မလာစေချင်ခဲ့ဘူးဆိုတော့ သမ္မတအိုဘားမား အခုသွားတဲ့ခရီးကိုကြတော့ ဒေါ်အောင်ဆန်းစုကြည် က ကြိုဆိုတယ်ထင်ပါသလား။ ဒီခရီးစဉ်က ဘယ်လိုရလဒ်တွေ ပေါ်ထွက်လာမယ်လို့ ထင်ပါသလဲ။

Prof. Steinberg ။ ။ သမ္မတအိုဘားမား ဟာ ရိုဟင်ဂျာကိစ္စ၊ ရွေးကောက်ပွဲကိစ္စတွေကို သမ္မတဦးသိန်းစိန်နဲ့ ပြောလိမ့်မယ် ထင်ပါတယ်။ တိုင်းရင်းသားပြဿနာတွေကို အမြန်ဆုံးဖြေရှင်းဖို့လည်း ပြောလိမ့်မယ် ထင်ပါတယ်။ သမ္မတဦးသိန်းစိန်ကလည်း ဒါကို ဖြေရှင်းဖို့ လိုလားတယ်ဆိုတာ သေချာပါတယ်။ အပစ်အခတ်ရပ်စဲရေး ကိုင်တွယ်နေတာ အတော်ကြာခဲ့ပါပြီ။ အမေရိကန် ဒါတွေအတွက် ထပ်ပြီးတော့ ဖိအားပေးနေလဲ မြန်မာပြည်တွင်းရေး အခြေအနေအပေါ်မှာ အများကြီး မူတည်နေတာပါ။ ဒီနှစ် မေလတုန်းက West Point စစ်တက္ကသိုလ်မှာ သမ္မတအိုဘားမား ပြောသွားတာ မှတ်မိပါလိမ့်မယ်။ အဲဒီမှာ သူဟာ မြန်မာနိုင်ငံ အပြောင်းအလဲနဲ့ ပတ်သက်ပြီးတော့ အမှတ်ယူလွန်းတယ်လို့ ထင်ပါတယ်။ တိုးတက်မှုတွေနဲ့ ပတ်သက်လို့ ဒါဟာ မှားယွင်းမှုတရပ်ပဲလို့ ကျနော် ထင်ပါတယ်။ အမေရိကန်ရဲ့ လွှမ်းမိုးမှုကို ပုံကြီးချဲ့သွားပါတယ်။ တကယ်တော့ မြန်မာပြည်၊ မြန်မာလူထု ကောင်းစားရေးအတွက် အပြောင်းအလဲ လုပ်ရမယ်ဆိုတာ တိုင်းပြည်ခေါင်းဆောင်တွေ ကောင်းကောင်းကြီး သဘောပေါက်ပါတယ်။ အားထုတ်နေကြပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါကို တချို့က ဘယ်လိုပြောကြသလဲဆိုတော့ အိုဘားမားအစိုးရဟာ နိုင်ငံခြားရေးမူဝါဒမှာ အောင်မြင်မှုဆိုလို့ မြန်မာတနိုင်ငံတည်းရှိတယ်။ မြန်မာတနိုင်ငံတည်းပဲ ပြစရာရှိတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မြန်မာနိုင်ငံမှာ တကယ်တမ်း ပြောင်းလဲမှုတွေ ဖြစ်ထွန်းနေသည်ဖြစ်စေ၊ မဖြစ်ထွန်းသည်ဖြစ်စေ ဇွတ်မိတ်ပြီးတော့ မြန်မာပြည်ကို ပင့်တင်ပေးနေတယ်။ မြှောက်ပေးနေတယ်လို့ ဝေဖန်ကြပါတယ်။

Prof. Steinberg ။ ။ ဒါက မှန်ပါတယ်။ တနည်းအားဖြင့် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးအခြေအနေတွေ တိုးတက်ကောင်းမွန်မှုဟာ တခုတည်းသော အောင်မြင်မှု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနဲ့ ဆက်ဆံရေးအပေါ် မူတည်ပြီးတော့ ဖြစ်ထွန်းလာပါတယ်။ အရင်တုန်းက အမေရိကန်က အာဆီယံနဲ့ ချစ်ကြည်ရေး စာချုပ်လက်မှတ် မထိုးခဲ့တာဟာ ၁၉၉၇ ဇူလိုင်လမှာ မြန်မာနိုင်ငံ အာဆီယံကို ဝင်လာလို့ ဖြစ်ပါတယ်။ နောက် မြန်မာနဲ့ ဆက်ဆံရေးကောင်းလာတော့မှ အာဆီယံနဲ့ ချစ်ကြည်ရေးစာချုပ် လက်မှတ်ထိုးမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဟေလာရီ ကလင်တန် က ကြေညာခဲ့ပါတယ်။ ဒါကြောင့်လဲပဲ မြန်မာနိုင်ငံဟာ အိုဘားမားအစိုးရအတွက် အရှေ့အာရှမှာ တခုတည်းသော ပထမဦးဆုံးသော အောင်မြင်မှုလို့ ဆိုနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီလိုဆိုရင် ဒီလိုဆိုနိုင်တဲ့အတွက် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ လူ့အခွင့်အရေးကိစ္စတွေကို ဘေးဖယ်ပြီးတော့ ဇွတ်ထောက်ခံနေတယ်လို့ဆိုတာ မှန်တယ်ပေါ့။

Prof. Steinberg ။ ။ မဟုတ်ပါဘူး။ လူ့အခွင့်အရေးကိစ္စကို ဂရုမစိုက်တာ မဟုတ်ပါဘူး။ ဂရုစိုက်ပါတယ်။ Balance ဖြစ်အောင် ထိန်းညှိပေးတယ်လို့ပဲ ဆိုရမှာပါ။ ခင်များသိတဲ့အတိုင်းပဲ ကျနော်ဟာ အစိုးရအရာရှိ မဟုတ်ပါဘူး။ ကျနော် ပြောတာကိုလည်း အစိုးရရဲ့ တရားဝင်သဘောထားလို့ မယူဆသင့်ပါဘူး။ ကျနော် ခံစားရတာကတော့ ပြုပြင်ပြောင်းလဲမှုကို အားပေးဖို့ လိုအပ်ချက်နဲ့ လူ့အခွင့်အရေး အခြေအနေစတာတွေ ကောင်းမွန်ဖို့ ထိန်းညှိပေးနေတယ်ဆိုတာပဲ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးတခု မေးပါရစေခင်များ။ ဆိုတော့ သမ္မတအိုဘားမား က မြန်မာနိုင်ငံကို ဒီလို ဖိအားတွေပေးနေတယ်။ တိုက်တွန်းနေတယ် ဆိုတဲ့နေရာမှာ အခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်အောင် ကန့်သတ်ထားတဲ့ကိစ္စတွေကို ဖယ်ရှားပေးဖို့ သမ္မတဦးသိန်းစိန်နဲ့ ဒီတခါတွေ့ရင် ဖိအားပေးလိမ့်မယ်၊ တောင်းဆိုပြောကြားလိမ့်မယ်လို့ ထင်ပါသလား ခင်များ။

Prof. Steinberg ။ ။ ဒါကို သူတို့ ပြောနေကြတယ် ထင်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ကလည်း ဒါကို လူသိရှင်ကြား ပြောထားပြီးပါပြီ။

ဦးကျော်ဇံသာ ။ ။ ဒီတကြိမ်မှာ သမ္မတအိုဘားမား က ..

Prof. Steinberg ။ ။ သူပြောပါလိမ့်မယ်။ တချိန်တည်းမှာပဲ ကျနော် အရင်ပြောခဲ့သလိုပဲ မြန်မာနိုင်ငံမှာ ဒုတိယသမ္မတ ခန့်အပ်တဲ့ လူတယောက်ကို သူ့ရဲ့ သားသမီး သြစတေးလျနိုင်ငံသား ဖြစ်လို့ဆိုပြီး ငြင်းဆန်ခဲ့ဖူးပါတယ်။ ဒါက နမူနာ ရှိပြီးသာပါ။ တခါ ဗိုလ်ချုပ်ကြီးခင်ညွှန့်လည်း အတွင်းရေးမှူး (၁) ဖြစ်တုန်းက သူ့ရဲ့သားကို စင်္ကာပူအမျိုးသမီးနဲ့ လက်ထပ်လို့ဆိုပြီး လူသိရှင်ကြား အမွေဖြတ်ကြေညာခဲ့ပါတယ်။ ဒါကို အမေရိကန်အစိုးရ မေ့လျော့နေပါတယ်။ ဖွဲ့စည်းပုံဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်အောင် တမင်ရေးထားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့လဲ အစိုးရက ဒီအချက်ကို တစိုက်မတ်မတ် လုပ်ခဲ့တာလည်း ရှိပါတယ်။

XS
SM
MD
LG