သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်နယ် ပဋိပက္ခအတွင်း အရပ်သား ၅ ဦး သေဆုံး


စစ်ပွဲတွေရပ်ရေး ငြိမ်းချမ်းစွာဆန္ဒပြကြစဉ်။
စစ်ပွဲတွေရပ်ရေး ငြိမ်းချမ်းစွာဆန္ဒပြကြစဉ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းမှာ မိုင်းယော်ကျေးရွာ အနီးက ပြောင်းခင်းမှာ မြှုပ်နှံထားတဲ့ အလောင်းတွေ ကို တွေ့ရှိကြောင်း ဒေသခံတွေ က ပြောပါတယ်။ သေဆုံးသူတွေဟာ မိုင်းယော်ရွာက ပြောင်းခင်း လုပ်သားတွေဖြစ်ပြီး ပစ်ခတ် တိုက်ခိုက် သံတွေကြားရပြီးနောက် အိမ်ပြန်မလာဘဲ ရှိနေရာက ၄ရက်အကြာ သွားရောက် ရှာဖွေရာမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မိုးယော်ကျေးရွာဟာ လားရှိုးမြို့အရှေ့ဘက်က မိုင်၃၀လောက်အကွာမှာတည်ရှိပြီး လူ၅ယောက် ရဲ့ အလောင်းတွေကိုတော့ ဗုဒ္ဓဟူးနေ့ နေ့ခင်းပိုင်းက တွေ့ရှိခဲ့ တာဖြစ်ပါတယ်။ ဒီလိုတွေ့ရှိတဲ့အကြောင်းကို မိုင်းယော်ရွာသားတဦးက အခုလို ပြောပါတယ်။

" မိုင်းယော်၊ မိုင်းယော်၊ ရွာအဝင် ပြောင်းခြံနားမှာ တွေ့တာ။ တောင်ပေါ်မှာ။ မနေ့က နှစ်နာရီခွဲ၊ သုံးနာရီလောက်မှာ။ မြေကြီးထဲမှာ မြှုပ်ထားတာ။ သိပ်ပြီးတော့ မနက်တော့ ယင်ကောင်တွေ တလောင်းလောင်းနဲ့ အပုတ်နံ့ပါ ရတယ်လေ။ အဲ့ဒီ့မိုင်းယော် ရွာထဲကပဲဗျ။ ရပ်ကွက်ထဲက ကလေးတွေ ရှမ်းနှစ်ယောက်၊ ပလောင်ဝ်သုံးယောက်ဗျ။ "

ရွာသား၅ယောက် ပျောက်ဆုံးတဲ့ဖြစ်စဉ်ကိုတော့ မိုင်းယော်ရွာခံက အခုလို ဆက်ပြောပါတယ်။

" ၂၅ရက်နေ့က အဲ့တာ ပစ်တာခတ်တာ တချက်ဖြစ်သေးတယ်။ ပြောင်းခြံ နားမှာပေါ့။ အဲ့မှာ သူတို့ငါးယောက်ကို ဖမ်းသွားတာ။ အဲ့ကတည်းက သတင်းမကြားတော့ ၂၉ရက်နေ့ စစ်ကြောင်းတွေ အကုန်လုံး ထွက်သွားတော့မှ သူ့မိဘတွေ၊ ရွာသားတွေ လိုက်ရှာတာပေါ့ဗျာ။ အဲ့ဒီ့ပြောင်းခြံအပေါ်မှာ အပုတ်နံ့ရတော့ အဲ့မှာ သွားဖော်ကြည့်တော့မှ ငါးယောက်စလုံး သေသွားမှန်း သိတယ်။"

ပြောင်းခြံ အနီးအနားမှာလည်း သေနတ်ကျည်ဆံခွံ အတော်များများ ကို တွေ့ရှိရကြောင်း ပြောပါတယ်။

သေဆုံးသူတွေရဲ့ ဈာပနကို မိုင်းယော်ရွာမှာ ဒီကနေ့ပြုလုပ်ပြီး ဒီဈာပနကို တက်ရောက်ခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်ခမ်း က ဖြစ်ပျက်တဲ့ အခြေအနေကို အခုလို ပြောပါတယ်။

"ဒေသခံတွေ ပြောပြချက်ပေါ့လေ မျက်မြင်ကိုယ်တွေ့ အဲ့ဒီ့ ထိတွေ့မှုတွေဖြစ်တယ်ဆိုတဲ့ ၂၅ရက် မိုင်းယော်၊ လားရှိုးလမ်းမကြီးပေါ်မှာ ကားတွေရပ်ထားတယ်။ ဆိုင်ကယ်တွေရပ်ထားတယ်။ အဲ့ဒီ့ရွာသားငါးဦးကို ပြောင်းခြံထဲကနေ ဖမ်းသွားတာလို့ပြောပါတယ်ခင်ဗျ။ ဖမ်းသွားတာကတော့ တပ်မတော်စစ်ကြောင်းပေါ့လေ။ ဖမ်းသွားပါတယ်။ ဒါပေမဲ့ သတ်တာဖြတ်တာတော့ ကျနော်တို့ အတိအကျတော့ မသိရဘူးပေါ့လေ။ ဖမ်းသွားပြီးနောက်ပိုင်း ပြီးခဲ့တဲ့ မနေ့ကပေါ့လေ ၂၉ရက်နေ့က အလောင်းတွေ မြှုပ်ထားတာ တွေ့ရတာပေါ့လေ။ "

ဒီသေဆုံးမှုတဲ့ပတ်သက်ပြီး သေဆုံးသူတွေရဲ့ မိဘဆွေမျိုးသားချင်းတွေက ရဲတပ်ဖွဲ့နဲ့ တခြားသက်ဆိုင်ရာအာဏာပိုင်တွေကို အကြောင်းကြားတိုင်ကြားတာမရှိကြောင်းနဲ့ ဦးစိုင်းဝမ်းလှိုင်ခမ်း အနေနဲ့လည်း ဒီလိုအဖြစ်မျိုးတွေ ထပ်မံမဖြစ်ပွားအောင် မိခင်ပါတီနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ပြင်ဆင်နေကြောင်း ဆက်ပြောပါတယ်။

ဒီအခင်းဖြစ်ပွားတာနဲ့ပတ်သက်ပြီး လားရှိုးမြို့ ပြည်နယ်ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာတော့ ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက အခုလို ပြောပါတယ်။

" အတည်ပြုလို့တော့ မရသေးဘူးပေါ့နော်။ အဲ့ဒီ့နေရာက သောင်းကျန်းသူ ဧရိယာဖြစ်တော့ သွားဖို့ခက်တယ်။ အဲ့တာကို တရားဝင် တိုင်ချက်လာဖွင့်မလားလို့ ကျနော်တို့ကလည်း စောင့်နေတယ်။ အခုအချိန်အထိကတော့ တရားဝင် ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ သတင်းလာပေးတာတို့ တိုင်ကြားတာတို့ မရှိသေးဘူးခင်ဗျ။ hear say တွေပဲ ကြားနေရတယ်။"

အခင်းဖြစ်ပွားတဲ့ မိုင်းယော်ရွာတိုက်နယ်အတွင်းမှာ မန်ပန်ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်စစ်ကြောင်းတွေသွားလာလှုပ်ရှားနေပြီး ပလောင်၊ ရှမ်းနဲ့ ကချင်စတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကတော့ မိုင်းယော်ရွာနဲ့ မိုင်၃၀အကွာ တောင်ပေါ်ဒေသတွေမှာ လှုပ်ရှားတာတွေရှိကြောင်း ရှမ်းသံတော်ဆင့်သတင်းဌာနက ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG