သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရွေးကောက်ပွဲ ရလဒ် နိုင်ငံတကာစောင့်ကြည့်


နော်ေ၀ အမျိုးသမီးဝန်ကြီးချုပ်နဲ့ ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ အင်္ဂါနေ့က ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင်း အမေရိကန်ရွေးကောက်ပွဲအကြောင်း ပြောဆို။ ( နိုဝင်ဘာ ၈၊ ၂၀၁၆)
နော်ေ၀ အမျိုးသမီးဝန်ကြီးချုပ်နဲ့ ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ အင်္ဂါနေ့က ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင်း အမေရိကန်ရွေးကောက်ပွဲအကြောင်း ပြောဆို။ ( နိုဝင်ဘာ ၈၊ ၂၀၁၆)

နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပတဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲကို ကမ္ဘာ့ခေါင်းဆောင်တွေက စောင့်ကြည့်နေကြသလို ဥရောပနဲ့ အာရှ နိုင်ငံတချို့က မြန်မာနိုင်ငံသားတွေကလည်း အလားတူ စိတ်ဝင်တစား စောင့်ကြည့်နေတာပါ။ ရွေးကောက်ပွဲပေါ် သူတို့ရဲ့အမြင်တွေနဲ့ ပတ်သက်လို့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ဥရောပ နိုင်ငံကြီးတခုဖြစ်တဲ့ ဂျာမဏီနိုင်ငံကတော့ အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ်ကို စိတ်ဆန္ဒစောပြီး စောင့်ကြည့်နေတယ်လို့ ဂျာမန်ဝန်ကြီးချုပ် Angela Merkel က ပြောပါတယ်။ နော်ေ၀ အမျိုးသမီးဝန်ကြီးချုပ်နဲ့ ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ အင်္ဂါနေ့က ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဂျာမန်ဝန်ကြီးချုပ် မာကဲလ်က ခုလို ပြောသွားတာပါ။

“ ဟီလာရီ ကလင်တန်သာ အနိုင်ရမယ် ဆိုရင်တော့ နိုင်ငံံ့ရဲ့ခေါင်းဆောင် ရာထူးတွေမှာ အမျိုးသားနဲ့ အမျိုးသမီးတွေကြား အရေအတွက် ညီမျှ လာဖို့ နီးစပ်လာမှာ ဖြစ်ပါတယ်”

နော်ေ၀ ဝန်ကြီးချုပ် Erna Solberg ကလည်း အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အခုလို မှတ်ချက်ပေးပါတယ်။

“ ဟီလာရီ ကလင်တန် အနိုင်ရခဲ့ရင် ဒါဟာ အမျိုးသမီးငယ်တွေအတွက် အများကြီး အားကျစရာ ဖြစ်လာပါလိမ့်မယ်။ နိုင်ငံရေးဟာ အမျိုးသားတွေနဲ့ပဲ သက်ဆိုင်တယ်လို့ သူတို့က သဘောပေါက် ထားကြတဲ့အတွက် လူ့အဖွဲ့အစည်းအတွင်း အဆုံးအဖြတ်ပေးနိုင်မယ့် ရာထူး တွေမှာ အမျိုးသမီးတွေလည်း ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်ဆိုတာကို ပိုသဘောပေါက် လာကြမှာဖြစ်ပါတယ် ”

ဂျာမဏီနိုင်ငံမှာနေထိုင်တဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ဦးနွယ်အောင်က အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ ခုလို သုံးသပ်ပါတယ်။

" တည့်တည့်ပြောရင်တော့ ဟီလာရီကလင်တန်ပေါ့လေ။ သူ့ရဲ့ နိုင်ငံရေး နောက်ခံရော ဘာရော ကြည့်လိုက်လို့ရှိရင် ဒေါနယ်ထရမ့်နဲ့က တခြားစီပဲ။ ထရမ့်လို စီးပွားရေးသမားလို ကြီးပြင်းလာတာမဟုတ်တော့ ကျနော်တို့က ဟီလာရီကလင်တန်ပဲ နိုင်မယ်လို့ကို မျှော်လည်း မျှော်လင့်တယ် ဆုလည်း ဆုတောင်းပါတယ်။ ဒေါနယ်ထရမ့်က နိုင်ငံရေးအကြောင်းတောင် ဘာမှ သိမှာမဟုတ်ဘူး။ ဟီလာရီကလင်တန်ကတော့ မြန်မာပြည်နဲ့လည်း ရင်းနှီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နီးနီးစပ်စပ် ခင်ခင်မင်မင် ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဟီလာရီကလင်တန်ကတော့ ဗမာပြည်အတွက် တိုးတက်အောင် လုပ်မယ်လို့တော့ ကျနော်တို့က ယုံကြည်ပါတယ်။

နော်ဝေနိုင်ငံက မြန်မာ့အရေးလုပ်ဆောင်သူ ဦးမြင့်အေးကလည်း အမေရိကန်ရွေးကောက်ပွဲအပေါ် သူ့အမြင်ကို ပြောပါတယ်။

" အမေရိကန်သမိုင်းမှာတော့ တော်တော်လေးတော့ ကသိကအောက်တော့ ဖြစ်တယ်လို့ ကျနော်ကတော့ ထင်တယ်လေ။ ကလင်တန်ကလည်း သူ အီးမေးလ်သုံးတဲ့ ကိစ္စတွေနဲ့ ရင်ဆိုင်နေရတာဆိုတော့ နည်းနည်းတော့ ကသိကအောက်ဖြစ်စရာရှိတယ်။ ဒါပေမဲ့ ဒေါနယ်ထရမ့်ကတော့ နည်းနည်းကြမ်းလွန်းတယ်လို့ ကျနော်ထင်တယ်။ အဲ့တော့ ကလင်တန်နိုင်မယ်လို့ ထင်တယ်လေ။ နော်ဝေ အနေနဲ့က သူတို့ကတော့ ကလင်တန်ကို နိုင်စေချင်တယ်လို့ ထင်တယ်။ မြန်မာပြည်လို ကိစ္စတွေကတော့ အဲ့လောက်ကြီး သိသိသာသာပြောင်းသွားမယ်လို့ မထင်ဘူး။ ကလင်တန်ပဲ တက်သည်ဖြစ်စေ၊ ထရမ့်ပဲ တက်သည်ဖြစ်စေပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ထရမ့်တို့ဘက်ကလည်း ဗမာပြည်ဒီမိုကရေစီရေးကို အများကြီးထောက်ခံခဲ့တဲ့ အစဉ်အလာက ရှိခဲ့တာပဲ။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာနေထိုင်တဲ့ ကိုဇော်ဝင်းလတ်ရဲ့ အမေရိကန်ရွေးကောက်ပွဲပေါ် အမြင်ကတော့ -

" ဟီလာရီကလင်တန်ပဲ နိုင်မယ်လို့ ကျနော်မျှော်လင့်မိပါတယ်။ ဟီလာရီကလင်တန်ကတော့ အရင်ကတော့ နိုင်ငံရေးအစဉ်အလာရှိခဲ့တယ်။ ဒေါနယ်ထရမ့်အနေနဲ့ကတော့ ထုံးစံအတိုင်း စကားပြောတာတွေ၊ မဆင်မခြင်ပြောတာတွေပေါ့။ ပါစင်နယ်အနေနဲ့ကတော့ ဟီလာရီကလင်တန်ကို နိုင်စေချင်ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေးဆိုတာ တခါတလေကျတော့ မမျှော်မှန်းတာတွေ ဖြစ်တတ်တော့လည်း ဒေါနယ်ထရမ့်လည်း နိုင်သွားနိုင်တာပဲ။ သူတို့က တအားကြီးလည်း ကွာတာမဟုတ်ဘူးလေ။ အဲ့တော့ ကျနော့်အထင်ပြောရရင်တော့ မြန်မာပြည် ဒီမိုကရေစီရေးအတွက် အများကြီး အထောက်အကူဖြစ်မယ်လို့ ကျနော် ယုံကြည်တယ်။"

အာရှနိုင်ငံထဲက ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ ကိုဖုန်းမြင့်ထွန်းက အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ်အပေါ် ခုလိုမြင်ပါတယ်။

" အမေရိကန်ရွေးကောက်ပွဲမှာတော့ ဟီလာရီကလင်တန်ကို အီးမေးလ်ကိစ္စနဲ့ပတ်သက်ပြီးတော့ FBI က စုံစမ်းစစ်ဆေးတဲ့ဟာတွေကို အနီးကပ် လုပ်တယ်ဆိုတဲ့အတွက်ကြောင့် လူထုရဲ့ထောက်ခံအားက တော်တော်ကျသွားတယ်။ နောက်ပိုင်းမှာ ဒေါနယ်ထရမ့်က ပြန်တက်လာတယ်ပေါ့နော်။ ကျနော်တို့က ဘာဖြစ်လဲဆိုရင် ဟော့ဟော့ရမ်းရမ်း ပြောတတ်တဲ့ဟာကို အမျိုးသားရေးဝါဒီတွေက စိတ်ဝင်စားတဲ့အခါကျတော့ မထင်မှတ်ပဲနဲ့လည်း နိုင်သွားနိုင်တယ်ပေါ့နော်။ အဲ့ ကျနော်တို့ ဂျပန်နိုင်ငံမှာ ရှိတဲ့ မီဒီယာတွေမှာကတော့နော် ဟီလာရီကလင်တန်ကိုတော့ ပိုပြီးတော့ အားပေးတယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ဒေါနယ်ထရမ့်က ဂျပန်နဲ့ပတ်သက်ပြီးတော့ ဂျပန်မှာ သွားပြီးတော့ စစ်စခန်းတွေ ဖွင့်ထားတာ ဂျပန်အစိုးရကနေပြီးတော့ သူတို့ကို စခန်းအတွက် စားရိတ်တွေ ပေးရမယ်ဆိုပြီး ပြောလာတဲ့ဟာမျိုးတွေ ဂျပန်လူထုက သိပ်ပြီးတော့ မကြိုက်ဘူးဗျ။ အဲ့လိုအနေအထားမျိုးတော့ရှိတယ်ဗျ။ ကျနော်တို့ ဗမာပြည်ဒီမိုကရေစီရရှိရေးအတွက်ကို ဟီလာရီကလင်တန်က ပိုကောင်းတာပေါ့ဗျာ။"

တောင်ကိုရီးယားနိုင်ငံက ကိုရန်နိုင်ထွန်းကလည်း အမေရိကန်ရွေးကောက်ပွဲကို ခုလိုသုံးသပ်ပါတယ်။

"လက်ရှိ သမ္မတရွေးကောက်ပွဲမှာ ဟီလာရီကလင်တန်ပဲ အနိုင်ရမယ်လို့ ကျနော်ကတော့ ထင်မြင်ယူဆပါတယ်။ ပထမဦးဆုံး အမျိုးသမီးသမ္မတလောင်းလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ အမေရိကန်မှာရှိတဲ့ အမျိုးသမီးထုကနေပြီးတော့ အများဆုံး အင်တိုက်အားတိုက်နဲ့ မဲပေးမှုတွေ ဖြစ်ပေါ်လာလိမ့်မယ်။ နောက်ပြီး ထရမ့်ရဲ့ မူဝါဒအချို့ကလည်း အမျိုးသားရေးဝါဒီစိတ်ဓာတ်ထက်သန်နေတဲ့သူတွေကသာလျှင် အားပေးမှုဖြစ်လိမ့်မယ်။ အများစုကတော့ ကြိုက်လိုက်မှာမဟုတ်ဘူးလို့ ကျနော်ကတော့ ယူဆပါတယ်။ တောင်ကိုရီးယားနိုင်ငံအနေနဲ့ကတော့ ဟီလာရီကလင်တန်ကိုပဲ သမ္မတဖြစ်စေချင်ပါတယ်။ ဒေါနယ်ထရမ့်သာ သမ္မတဖြစ်လာမယ်ဆိုလို့ရှိရင် သူ့ရဲ့ မဲဆွယ်ချိန်ကာလမှာ တခြားသော တခြားသောနိုင်ငံတွေကို ကူညီထောက်ပံ့မှုတွေက ဖြတ်သင့်တဲ့ဟာတွေ ဖြတ်ရမယ်ဆိုတဲ့ တောင်ကိုရီးယားပြည်သူနဲ့သတင်းမီဒီယာကတော့ အမျိုးသမီးသမ္မတဖြစ်မယ့် ဟီလာရီကလင်တန်ကိုပဲ သဘောကျကြပါတယ်ခင်ဗျ။"

အမေရိကန် သမ္မတရွေးကောက်ပွဲရလဒ်ကတော့ အမေရိကန်စံတော်ချိန် ညသန်းခေါင်ကျရင် သိကြရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG