သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းသားတွေ လွတ်ငြိမ်းခွင့်ပေးဖို့ အစီအစဉ်မရှိသေးဟု ပြည်ထဲရေးဌာနပြော


အင်းစိန်အကျဉ်းထောင်
အင်းစိန်အကျဉ်းထောင်

မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရသူတွေကို လတ်တလောမှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အစီအစဉ် မရှိသေးတဲ့အကြောင်း၊ မြန်မာအစိုးရ တာဝန်ရှိသူတဦးက ပြောဆိုလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ အစီအစဉ် ရှိမရှိ လွှတ်တော်မှာ မေးခွန်းထုတ်ချိန်မှာပဲ အခုလို တုံ့ပြန်ခဲ့တာပါ။ အကြောင်းစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခက သတင်းပေးပို့ထားပါတယ်။

ပြည်သူ့လွှတ်တော်မှာ ကော့သောင်းမဲဆန္ဒနယ်က ဦးခင်ဇော်က အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ဦးတည်ကာ ၂၁ ရာစုပင်လုံကို
ကြိုဆိုတဲ့ အနေနဲ့ နိုင်ငံတော်သမ္မတ အနေနဲ့နိုင်ငံရေးအကျဉ်းသားတွေအပြင် အကျဉ်းသူအကျဉ်းသားတွေကို လတ်တလောမှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အစီအစဉ်ရှိမရှိ အစိုးရကို မေးခွန်းထုတ်ခဲ့တာပါ။

" ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကြိုဆိုထောက်ခံသောအားဖြင့် အကျဉ်းထောင် အတွင်း မှာ ရှိတဲ့ အကျဉ်းကျနေတဲ့ အကျဉ်းသားအကျဉ်းသူများကို နံပတ်တစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အစီအစဉ်ရှိမရှိ၊ နံပတ် နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ အရ နိုင်ငံတော်သမ္မတဟာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ထောက်ခံချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ် ရှိမရှိကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှ တဆင့် မေးခွန်း ကို မေးမြန်းရခြင်းဖြစ်ပါတယ်။"

ထောင်တွေနဲ့ အကျဉ်းသားတွေ မမျှမတ ဖြစ်နေတဲ့ အခြေအနေတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေမှာ တိုးတက် လာစေဖို့ ပြည်တွင်းပြည်ပက အကျဉ်းသားအခွင့်အရေး လှုပ်ရှားသူတွေ တိုက်တွန်းနေချိန်မှာပဲ လွှတ်တော်မှာ အကျဉ်းသားတွေ အရေး ဆွေးနွေးခဲ့ကြတာပါ။ မေးခွန်းနဲ့ပတ်သက်လို့ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး ကတော့ လတ်တလောမှာ အစီအစဉ်မရှိသေးတဲ့အကြောင်း ဖြေကြားခဲ့ပါတယ်။

"နိုင်ငံတော်သမ္မတဟာ ၂၀၀၈ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) နဲ့ (ခ)တို့အရ အကျဉ်းသူ အကျဉ်းသားများ ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်များကို ပေးပိုင်ခွင့်ရှိပါတယ်။ ဒါ့အပြင် နိုင်ငံတော် သမ္မတဟာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ (၄၀၁) ပုဒ်မခွဲ ၁ အရ နောက်တကြိမ်ပြစ်မှု ကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ယခုကျခံရမည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းချက် ထားပြီးလည်းကောင်း သို့မဟုတ် စည်းကမ်းချက် မထားပြီးသော်လည်းကောင်း အကျဉ်းသူ အကျဉ်းသားများ ကျခံသည့် ပြစ်ဒဏ်များအပေါ်မှာ လျော့ပေါ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်များ ပေးနိုင်ခဲ့ပါသည်။

သို့သော် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံကို ၂၀၁၆ခုနှစ် သြဂုတ်လ ၃၁ရက်နေ့ မှာ စတင်ပြီး ကျင်းပခဲ့ပြီး ဖြစ်ပါသဖြင့် အခုချိန်တွင် ကြိုဆိုသောအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား ပြန်လည်ရှင်းလင်းတင်ပြအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။"

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာတော့ အကျဉ်းထောင်တွေနဲ့ အကျဉ်းသားဦးရေမမျှတမှု၊ အပါအဝင် ထောင်တွင်းအခြေအနေတွေ တိုးတက်စေမယ့် အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့နဲ့ ပြန်လည်ပြင်ဆင်ရေးဆွဲနေတဲ့ အကျဉ်းထောင် ဥပဒေမူကြမ်းကိုလည်း နိုင်ငံတကာ စံနှုန်းတွေနဲ့ အညီဖြစ်အောင် ရေးဆွဲဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းကြည် ကတော့ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံရသူတွေ အပါအဝင် အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အာဏာပိုင်တွေဘက်က လိုလိုလားလား မရှိတဲ့အပေါ် အခုလို ပြောဆိုခဲ့ပါတယ်။

" နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ အပေါ်မှာ ပြည်ထဲရေးအနေနဲ့က ရန်သူလို အာဃာတ တရားတွေကို ရှေ့ ထားပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်ပေးဆွဲထားတဲ့ ဓားစာခံသဖွယ် ပြန်ပေးဆွဲ ထားတာဟာ အခုအချိန်အထိ ဆက်လက်ပြီးတော့ ရှင်သန်နေဦးမယ်ဆိုရင်တော့ ဒီကာကွယ်ရေးဦးစီးချုပ်ကပဲပြောပြော ဒီဘက်မှာ အစိုးရသစ်ကပဲဆိုဆို အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာတော့ စစ်မှန်တဲ့ ခိုင်မာတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ထွန်းပေါ်ပေါက်လာဖို့ဆိုတာကတော့ ခုနကလိုမျိုး လွှတ်တော်မှာ ဖြေဆိုသွားတဲ့ ဖြေဆိုချက်ကို ကြည့်ခြင်းအားဖြင့် ထင်ဟပ်ပေါ်လွင်စေပါတယ်။"

NLD အစိုးရတက်လာပြီးနောက်မှာတော့ ဧပြီလမှာ ၂ ကြိမ် အကျဉ်းသားတွေ ကို ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း လက်ရှိစာရင်းတွေအရ ထောင်ကျနေ သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၈၀ကျော်အထိ ရှိနေဆဲပြီး အမှုရင်ဆိုင်နေရသူဦးရေဟာ ၁၀၀ကျော်ရှိတာကြောင့် နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၂၀၀နီးပါးရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG