သုံးရလွယ်ကူစေသည့် Link များ

ဂျပန်နဲ့ တောင်ကိုရီးယားက မြောက်ကိုရီးယားကို ပိတ်ဆို့ဒဏ်ခတ်


မြောက်ကိုရီးယားဘက်က ဒုံးကျည် ပစ်လွှင့်မှု တောင်ကိုရီးယားဘက်က စောင့်ကြည့်။

မြောက်ကိုရီးယားဘက်က ဒုံးကျည် ပစ်လွှင့်မှု တောင်ကိုရီးယားဘက်က စောင့်ကြည့်။

နျူးကလီးယားလက်နက်ပိုင်ဆိုင်တဲ့ အိမ်နီးချင်း မြောက်ကိုရီးယားနိုင်ငံ အပေါ်မှာ တောင်ကိုရီးယား နဲ့ ဂျပန်နိုင်ငံတို့က တနိုင်ငံချင်းစီအလိုက် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ အသီးသီးချမှတ်လိုက်ပါတယ်။

ကုလသမဂ္ဂက အခုသီတင်းပတ်အစောပိုင်းမှာ မြောက်ကိုရီးယားနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေလုပ်မယ်လို့ ကြေငြာတာကို မြောက်ကိုရီးယားအစိုးရက တုံ့ပြန်သွားမယ်လို့ ကတိပြုပြောကြားလိုက်ပြီးတဲ့နောက် အခုလို ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဖို့ကြေညာချက်တွေ သောကြာနေ့က ထွက်လာခဲ့တာပါ။

တောင်ကိုရီးယား နဲ့ ဂျပန်နိုင်ငံတွေက မြောက်ကိုရီးယားနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ထားပြီးသားဖြစ်ပါတယ်။ ကုလသမဂ္ဂ ကနေ မြောက်ကိုရီးယားနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ထား တာကြောင့် တောင်ကိုရီးယား နဲ့ ဂျပန် ၂ နိုင်ငံဟာ မြောက်ကိုရီးယား နဲ့ ကုန်သွယ်မှုမရှိသလောက်ဖြစ်တာကြောင့်၊ အခုထပ်ပြီးတော့ ချမှတ်လိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဟာ တကယ်တမ်းတော့ ပြယုဂ် သပ်သပ်သာ ဖြစ်တယ် လို့ ပြောရမှာဖြစ်ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားရဲ့ နောက်ဆုံးအကြိမ်နျူးကလီးယားစမ်းသပ်မှုက အဲဒီ ၂ နိုင်ငံအနေနဲ့ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ လုပ်စေခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအွန်းရဲ့ ထိပ်တန်းအကြံပေး ၂ ယောက်ဖြစ်တဲ့ Choe Ryong Hae နဲ့ Hwang Pyong So တို့ကိုလည်း တောင်ကိုရီးယားအစိုးရက တားမြစ်ပိတ်ပင်လိုက်သလို၊ပြည်ပက ဒုံးကျည် နဲ့ နျူးကလီးယားအရေး ကျွမ်းကျင်သူတွေ မြောက်ကိုရီးယားကိုမသွားရဘူးလို့ တားမြစ်လိုက်ပါတယ်။

ဂျပန်နိုင်ငံကတော့ မြောက်ကိုရီးယားက ဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ရဖို့ရှိတဲ့ သင်္ဘောတွေကို ဂျပန်နိုင်ငံထဲကို ပေးဝင်မှာ မဟုတ်သလို၊ မြောက်ကိုရီးယား ရဲ့ နျူးကလီးယား နဲ့ ဒုံးကျည်အစီအစဉ်တွေ နဲ့ ပတ်သက်ဆက်နွယ်သူတွေ နဲ့ အဖွဲ့တွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်တယ် လို့ သောကြာနေ့က ကြေညာ လိုက်ပါတယ်။

XS
SM
MD
LG