သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး အခြေအနေ ကန်ဝေဖန်


အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်ဝန်ကြီး Tom Malinowski
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်ဝန်ကြီး Tom Malinowski

မြန်မာနိုင်ငံက လုံခြုံရေးတပ်ဖွဲ့တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သမားရိုးကျ လုပ်ရိုးလုပ်စဉ်လို ဆက်လုပ်နေပြီး၊ လုပ်ခွင့်ပေးထားပုံရတယ်လို့ အမေရိကန် ထိပ်တန်း တာဝန်ရှိသူတယောက်က ပြောလိုက်ပါတယ်။ ရခိုင်ပြည်နယ် မောင်တော ခရိုင်ထဲကနယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံခဲ့ရပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းစဉ် ကိုးတန်ကောက်ကျေးရွာမှာ မွတ်ဆလင်တွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက နိုင့်ထက်စီးနင်းပြုမူနေတဲ့ Video ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီလို လူ့အခွင့်အရေးချိုးဖောက်နေတဲ့လုပ်ရပ်ဟာ သူတို့လုပ်နေကျ ခွင့်ပြုချက် ရထားတဲ့ လုပ်ရပ်မို့သာ သူတို့ကိုယ်တိုင် Video ရိုက်ပြနေတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်ဝန်ကြီး Tom Malinowski က AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အီရတ်က Abu Ghraib အကျဉ်းထောင်မှာ အမေရိကန်စစ်သားတွေ အီရတ် အကျဉ်းသားတွေကို နိုင့်ထက်စီးနင်းလုပ်နေတဲ့ ဓါတ်ပုံတွေကြောင့် သင်ခန်းစာရ စရာဖြစ်ခဲ့သလို ကိုးတန်ကောက်ရွာကိုစစ်ဆေးခဲ့တဲ့ တပ်ဖွဲ့ထဲမှာ ဒီလို အပြုအမူတွေ ကို ခွင့်ပြုထားတယ်လို့ သူ့အနေနဲ့ထင်ကြောင်း Mr. Malinowski ကအေပီသတင်းဌာနကို ပြောတာကို ဝါရှင်တန်ပို့စ်သတင်းစာမှာ ကိုးကားဖော်ပြပါတယ်။ မြန်မာအစိုးရကတော့ ဒီ Video ထွက်ပေါ်လာခဲ့ပြီးနောက် သက်ဆိုင်သူတွေကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာလည်း အဲဒီတနေရာမှာဖြစ်ခဲ့တာလို့ ဆိုပါတယ်။

မွတ်ဆလင်တွေဖက်က နစ်နာခံစားချက်တွေကို ဖြေရှင်းဖို့လိုတယ် ဆိုတာကို မြန်မာအစိုးရကို အမေရိကန်ဖက်က လွန်ခဲ့တဲ့ ၂ နှစ်လောက်ထဲက ပြောကြားခဲ့တယ်လို့လည်း နိုင်ငံခြားရေးဌာနရဲ့ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲက AP သတင်းဌာနကိုပြောပါတယ်။

အဲဒီလိုမှ မဖြေရှင်းရင် ခံစားနေရသူကို ပြည်ပအဖွဲ့အစည်းတွေက အခွင့်ကောင်းယူပြီး အကြမ်းဖက်တုံ့ပြန်အောင် လုပ်လာလိမ့်မယ်လို့ ပြောခဲ့တယ်လို့သူကဆိုပါတယ်။ အခုလက်ရှိမှာ ကြီးမားတဲ့ အတိုင်းအတာနဲ့ မဟုတ်ပေမဲ့ အဲဒီလိုအခြေအနေမျိုး ဖြစ်လာပုံရတယ်လို့ Mr. Malinowski ကပြောပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေနဲ့ နယ်စပ်လုံခြုံရေးအတွက် အကူအညီပေးဖို့အဆင်သင့်ပဲလို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်ဝန်ကြီး Tom Malinowski က AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

တချိန်က အထီးကျန်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်အောင် အမေရိကန်က ကူညီပြောင်းလဲပေးနိုင်ခဲ့တယ်လို့ သမ္မတအိုဘားမားနဲ့ သူ့ရဲ့အကြံပေးတွေက ပြောနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ခုလိုလူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေဆဲဖြစ်တဲ့အတွက် သမ္မတအိုဘားမားရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အောင်မြင်မှုမှာ ထောက်ပြစရာဖြစ်တယ်လို့ အဲဒီ AP သတင်းထဲမှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG