သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားတည်ငြိမ်ရေးနဲ့ ဆင်းရဲမှုလျှော့ချရေး ဒေါ်လာသန်း ၂၀၀ ချေးမည်


ကမ္ဘာ့ဘဏ်ရုံးစိုက်ရာ ဝါရှင်တန်ဒီစီ။
ကမ္ဘာ့ဘဏ်ရုံးစိုက်ရာ ဝါရှင်တန်ဒီစီ။

မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ စီးပွားရေးတည်ငြိမ်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျော့ကျရေးဆိုင်ရာ လုပ်ငန်းတွေမှာ အသုံးပြုဖို့ အမေရိကန်ဒေါ်လာ သန်း (၂၀၀) ထုတ်ချေးပေးဖို့ ကမ္ဘာ့ဘဏ်က ကြာသပတေးနေ့မှာ အတည်ပြုကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ငွေကြေးဖေါင်းပွမှုအပါအဝင် မြန်မာအစိုးရ လက်ရှိ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်ကြောင်း ကမ္ဘာ့ဘဏ်တာဝန်ရှိသူတွေက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မြန်မာအစိုးရက လက်ရှိ ဆောင်ရွက်နေတဲ့ Microeconomics စီးပွားရေး တည်ငြိမ်ရေးနဲ့ ဘဏ္ဍာရေး ဆိုင်ရာ ခံနိုင်ရည်ရှိဖို့ ကြိုးပမ်းဆောင်ရွက်ရာမှာ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားနိုင်ဖို့ ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း (၂၀၀) ထုတ်ချေးပေးရတာဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံရုံးခွဲ ပြန်ကြားရေး တာဝန်ခံ ဦးကျော်စိုးလင်းက VOA ကိုပြောပါတယ်။

"မနေ့က ဝါရှင်တန်ဒီစီမှာ ကမ္ဘာ့ဘဏ် ဘုတ်အဖွဲ့ကနေ မြန်မာနိုင်ငံ အစိုးရကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချေးငွေအဖြစ်ပေးဖို့ သူတို့သဘောတူခဲ့ပါတယ်။ ဒီချေးငွေရဲ့အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ စီးပွားရေးတည်ငြိမ်မှုနောက် ဘဏ္ဍာရေး ဆိုင်ရာ ခံနိုင်ရည်ရှိမှုတွေကို ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတဲ့ဟာကို ဆက်လက်ပြီးတော့ အရှိန်မြှင့်ပြီးတော့ ဆောင်ရွက်တဲ့နေရာမှာ အထောက်အကူဖြစ်ဖို့ပေါ့ အဓိက မြန်မာနိုင်ငံအစိုးရကို ပေးအပ်သွားမယ့် ချေးငွေ အမျိုးအစားဖြစ်ပါတယ်။"

ကမ္ဘာ့ဘဏ်ရဲ့ပံ့ပိုးမှုနဲ့ မြန်မာအစိုးရက ဆောင်ရွက်မယ့် လုပ်ငန်းစဉ်မှာ အဓိက ကဏ္ဍ၂ ခုပါဝင်ပြီး၊ အစိုးရက ဘာတွေကို တာဝန်ခံ လုပ်ဆောင်ရမလဲ ဆိုတာနဲ့ ပတ်သက်လို့ ဦးကျော်စိုးလင်းက ရှင်းပြပါတယ်။

"အဓိက အနေနဲ့ အပိုင်း ၂ခုပါတာပေါ့နော်။ ပထမတပိုင်းကတော့ Microeconomics မိုက်ခရိုစီးပွားရေးတည်ငြိမ်ဖို့ ဆိုတဲ့ကဏ္ဍတခုပါမယ်။နောက်တခုကကျတော့ ဘဏ္ဍာရေး ဆိုင်ရာ ခံနိုင်ရည်ရှိမှုဆိုတဲ့ ကဏ္ဍပေ့ါ အဓိက ဒီကဏ္ဍနှစ်ခုအောက်ကနေ ဆောင်ရွက်သွားရမယ့် လုပ်ငန်းစဉ်တွေ ပါမှာဖြစ်ပါတယ်။ မိုက်ခရိုစီးပွားရေးတည်ငြိမ်ဖို့ ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားဖို့ဆိုတဲ့ အဲ့ဒီ့အပိုင်းမှာတော့ ဘာတွေပါမလဲဆိုရင် လက်ရှိ အစိုးရဆောင်ရွက်နေတဲ့ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲရေးကို ပိုမိုပြီးတော့မှ ထိရောက်တဲ့ခန့်ခွဲတဲ့ဆောင်ရွက်မှုတွေဖြစ်အောင် ဆိုတာ တခုပါပါမယ်။ နောက်တခုက ကျတော့ ဘတ်ဂျက်လိုငွေပြမှုကို ဗဟိုဘဏ်ကနေ ငွေစက္ကူတွေ ရိုက်နှိပ်ပြီးတော့မှ ဖြည့်ဆည်းပေးနေရတဲ့ဟာကို ရပ်တန့်သွားအောင်ဆိုတဲ့ မူဝါဒတခုပြောင်းလဲဖို့အတွက် ပါမှာဖြစ်ပါတယ်။"

ဒါ့အပြင် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ဘဏ္ဍာရေး စည်းမျည်းစည်းကမ်းတွေ အားကောင်းလာအောင်လုပ်ဖို့နဲ့ မူဝါဒ အခြေပြု ဘတ်ဂျက်ရေးဆွဲမှု စနစ် တည်ဆောက်နိုင်အောင် ကမ္ဘာ့ဘဏ်က အားပေးကူညီသွားမှာဖြစ်ပါတယ်။ ဘဏ္ဍာရေး ခံနိုင်ရည်ရှိမှု ပိုအားကောင်းလာအောင် မြန်မာအစိုးရက လုပ်ဆောင်ရမယ့် အပိုင်းနဲ့ပတ်သက်လို့ ဦးကျော်စိုးလင်းက အခုလိုရှင်းပြပါတယ်။

"နောက်တခုက ဘဏ္ဍာရေး ဆိုင်ရာ ခံနိုင်ရည်ရှိမှု အားကောင်းစေဖို့ ဆိုတဲ့ ကဏ္ဍမှာကျတော့ အစိုးရကနေပြီးတော့မှ အခွန်အကောက်တွေ ကောက်ခံတဲ့နေရာမှာ ပိုပြီးတော့မှ ထိရောက်တဲ့စနစ်တွေ ဖြစ်အောင် ပိုပြီးတော့အခွန်အကောက်တွေ ပိုပြီးရရှိအောင် ဆိုတာတွေပါမယ်။ နောက်တခုက ကျနော်တို့မြန်မာနိုင်ငံကနေပြီးတော့ ရောင်းချနေတဲ့ သဘာဝဓာတ်ငွေ့ကရတဲ့ရငွေတွေပေါ့နော် စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ ဆိုတဲ့အပိုင်း တွေပါမယ်။ နောက်တခုကကျတော့ လျှပ်စစ်ဓာတ်အားကဏ္ဍ စွမ်းအင် ကဏ္ဍမှာ ဘဏ္ဍာရေးအရ အလားအလာကောင်းတွေပေါ့ အဲ့တာတွေ ဖြစ်ပေါ်ဖို့အတွက်ကို အဲ့ဒီ့တပိုင်း ပါပါမယ်။ နောက်ဆုံးတပိုင်းကကျတော့ ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲမှုပေါ့ အဲ့တာကိုလည်း ထိရောက်တဲ့စနစ်တွေဖြစ်လာအောင် ဆိုပြီးတော့မှ အဲ့ဒီ့မူဝါဒ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။"

ဒီချေးငွေဟာ ဝင်ငွေနည်းတဲ့ တိုင်းပြည်တွေအတွက် ရည်ရွယ်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးရံပုံငွေထဲက ပေးအပ်တဲ့ အတိုးမဲ့ ချေးငွေ ဖြစ်ပြီး သက်တမ်းကာလ ၃၈ နှစ်ဖြစ်ပါတယ်။ အစိုးရဘတ်ဂျက်ထဲကို တိုက်ရိုက်ထည့်ဝင်ပေးမယ့် ဘဏ္ဍာငွေဖြစ်တာကြောင့် မြန်မာနိုင်ငံအတွက် ပိုပြီး အကျိုးရှိစေမယ့် ချေးငွေ အမျိုးအစားဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။ ဒီချေးငွေကို လက်ခံသင့်/မသင့် မြန်မာအစိုးရ အဖွဲ့အတွင်းမှာ အကြေလည် ဆွေးနွေးခဲ့ပြီး၊ လွှတ်တော်က အတည်ပြု ဆုံးဖြတ်ချက်နဲ့ ကမ္ဘာ့ဘဏ်ရဲ့ ဒီချေးငွေကို လက်ခံခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG