သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူအစား စက်အသုံးပြုမှုအကျိုးဆက် ကမ္ဘာ့ဘဏ်သတိပေး


ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ အလုပ်အကိုင် သုံးပုံ ၂ ပုံလောက်ဟာ စက်တွေကို အသုံးပြုလာကြရာ ကနေ ပျောက်ကွယ်သွားနိုင်ပြီး ဒီအခြေနေဟာ ပဋိပက္ခတွေကိုရော ဒုက္ခသည် ဝင်ရောက်မှုကိုပါ တိုးလာစေနိုင်တယ်လို့ ကမ္ဘာ့ ဘဏ်ဥက္ကဌ Jim Kim က သတိပေးလိုက်ပါတယ်။

ဝါရှင်တန် ဒီစီမှာ ကြာသပတေးနေ့ ကျင်းပတဲ့ ကမ္ဘာ့ဘဏ်နဲ့ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကြီးရဲ့ အစည်းဝေးကို ကမ္ဘာ့နိုင်ငံသီးသီးက စီးပွါးရေးနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ တက်ရောက်လာချိန်မှာ ဒေါက်တာ ကင်မ်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒါပေမယ့် စက်ပစ္စည်း သုံးစွဲမှုကြောင့် အလုပ်အကိုင်လျော့ပါးတဲ့ နှုန်း ဘယ်လောက်မြန်မြန် ကျဆင်းတယ်ဆိုတာကိုတော့ သေသေချာချာ မသိရဘူးလို့လည်း ပြောပါတယ်။ အဆင်းရဲဆုံး နိုင်ငံတွေမှာ နေထိုင်သူတွေ အင်တာနက်ကို လက်လှမ်း မီလာပြီး သူတို့ရဲ့ လူနေမှု ဘဝပိုပြီး အဆင်ပြေ ချောမော လာချိန်မှာပဲ အခုလို အလုပ်အကိုင်အခွင့်အလမ်းအတွက် ခြိမ်းခြောက်မှုတွေ တွေ့လာရတာမို့ ရလဒ်ကတော့ မျှော်လင့်ချက်တွေ တိုးလာတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ စီးပွါးရေးကြီးထွားမှုနဲ့ အခွင့်အလမ်းတွေ မရှိရင် သူတို့ရဲ့ မျှော်လင့်ရည်မှန်းချက်တွေ မပြည့်ဝနိုင်တော့ပဲ စိတ်ပျက်မှုတွေ၊ မတည်ငြိမ်မှုတွေ ဒါမှမဟုတ် တခြားနိုင်ငံသွားပြီး အလုပ်အကိုင်ရှာဖွေတဲ့ ဒုက္ခသည် တွေတိုးလာ နိုင်တယ်လို့လည်းပြောပါတယ်။

ကမ္ဘာကြီးအနေနဲ့ ပဋိပက္ခတွေ၊ ရာသီဥတု ဖေါက်ပြန်မှု ဒဏ်တွေ၊ အငတ်ဘေးကြုံရတာတွေနဲ့ ဒုတိယ ကမ္ဘာစစ်ပြီးချိန်ကစလို့ အဆိုးရွားဆုံး ဒုက္ခသည် ပြဿနာနဲ့ ရင်ဆိုင်နေရတာတွေလို ပြဿနာ မျိုးစုံနဲ့ ရင်ဆိုင်နေရတာမို့ ဒီကိစ္စကို အရေးတကြီး ကိုင်တွယ်ဖို့ လိုအပ်တယ်လို့ ကမ္ဘာ့ဘဏ် ဥက္ကဌက ပြောပါတယ်။

ဒီပြဿနာအတွက် အဖြေကတော့ လက်ရှိမှာ အတိုးနည်းနည်း၊ ဒါမှမဟုတ် အတိုးမဲ့ ဖြစ်နေတဲ့ ပုဂ္ဂလိက အရင်းအနှီးတွေအတွက် ဒေါ်လာ ထရီလီယံ နဲ့ ချီပြီး ချထားပေးဖို့ ဖြစ်တယ်လို့ မစ္စတာ ကင်မ် ကပြောပါတယ်။ စီးပွါးဖြစ် ငွေချေးသူတွေ အရှုံးနည်းပြီး စီးပွါးလုပ်နိုင်ချေ ရှိမယ့် ပုံစံတွေနဲ့ ရင်းနှီး မြှုပ်နှံမှု လုပ်နိုင်အောင် ကူညီဖို့ ကမ္ဘာ့ဘဏ် ကျွမ်းကျင်သူတွေက နည်းလမ်းတွေ ရှာနေတယ်လို့လည်း ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ၁၉၉၉ ခုနှစ်ကစပြီး ကွန်ပြူတာတွေ အလိုအလျှောက် စက်တွေနဲ့ လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေ တိုးလာတာကနေ စက်မှု လုပ်ငန်းတွေမှာ လုပ်ကိုင်နေသူ သန်းပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်တဲ့ နှုန်း တိုးလာတာကို စိုးရိမ်နေရတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG