သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား ကာကွယ်ရေး ကန် အစီအစဉ် တရုတ်ကန့်ကွက်


အမေရိကန်ရဲ့ ဒုံးလက်နက်ရန်ကာကွယ်ရေးစနစ် (THAAD)
အမေရိကန်ရဲ့ ဒုံးလက်နက်ရန်ကာကွယ်ရေးစနစ် (THAAD)

အမေရိကန်ရဲ့ ဒုံးလက်နက်ရန်ကာကွယ်ရေးစနစ် တောင်ကိုရီးယားမှာထားမယ့်ကိစ္စအပေါ် တရုတ်နိုင်ငံဘက်က ကန့်ကွက်ဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်နေပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာရောက်နေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးသစ် James Mattis နဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Han Minkoo တို့ ဒီကနေ Seoul မြို့တော်မှာ တွေ့ဆုံကြတဲ့အခါ အမေရိန်ကန်ရဲ့ ဒုံးလက်နက်ရန်ကာကွယ်ရေး THAAD စနစ် တောင်ကိုရီးယားမှာ ထားရှိရေး ရှေ့ဆက်ဆောင်ရွက်ဖို့ကိစ္စတွေကို အဓိက ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

ဒီစနစ်အပေါ် တရုတ်ဖက်က ကန့်ကွက်နေတာ ဘာကြောင့်လဲဆိုတာကို VOA သတင်းထောက် Bill Ide ဘေဂျင်းမြို့တော်ကနေ ပေးပို့တဲသတင်းကိုအခြေခံပြီး မစုမြတ်မွန် ကတင်ပြပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး James Mattis တောင်ကိုရီးယားခရီးစဉ်မစခင်ရက်ပိုင်းအလိုမှာ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး Han Minkoo နဲ့တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့ကြစဉ်ထဲက မြောက်ကိုရီးယားရဲ့ Nuclear လက်နက်ရန်ရှိနေချိန်မှာ တောင်ကိုရီးယားနဲ့အမေရိကန်ကြား အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပြီး အမေရိန်ကန်ရဲ့ ဒုံးလက်နက်ရန်ကာကွယ်ရေး THAAD စနစ်ကို တောင်ကိုရီးယားမှာတပ်ဆင်သွားရေးကို ဆက်ပြီးလုပ်ဆောင်သွားကြဖို့ ဝန်ကြီး ၂ ယောက် သဘောတူထားကြပါတယ်။

ဒီကနေ့ Seoul မြို့တော်မှာ လူချင်းတွေ့ဆုံကြတဲ့အခါမှာလည်း ဒီကိစ္စကို အဓိကထား ဆွေးနွေးကြလိမ်မယ်လို့ မျှော်လင့်ရပါတယ်။ ခုလိုအခြေအနေမှာ တောင်ကိုရီးယားမှာ အမေရိကန်ဒုံးရန်ကာကွယ်ရေးစနစ်ကို မထားဖို့ တရုတ်က တောင်ကိုရီးယားကို စီးပွားရေးအရဖိအားပေးနေသလို သံတမန်ရေးအရ အကျိုးဆက်တွေရှိလာနိုင်တယ်လို့ သတိပေးနေပါတယ်။

မြောက်ကိုရီးယားရဲ့ Nuclear နဲ့ ပဲ့ထိန်းတပ်ဒုံးကျည်ရန်ကို ကာကွယ်ဖို့ THAAD စနစ် တောင်ကိုရီးယားမှာ ထားဖို့လိုတယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပြောနေချိန်မှာ တရုတ်တို့ဖက်ကတော့ ဒုံးလက်နက်ရန်ကာကွယ်ရေးအစီအစဉ်မှာ ဒိထက်ပိုတဲ့စိုးရမ်စရာတွေရှိနေတယ်လို့ ပြောနေပါတယ်။ တရုတ်ဖက်က စိုးရိမ်နေတဲ့ အကြောင်းအရင်း ၂ ချက်ကို နိုင်ငံတကာလေ့လာရေး တရုတ်သိပ္ပံက အမေရိကန်လေ့လာရေးဌာန ညွှန်ကြားရေးမှူး နိုင်ငံရေးသိပ္ပံပညာရှင် Tang Jianqun က ခုလိုသုံးသပ်ပြပါတယ်။

“မြောက်ကိုရီးယားရန်တခုတည်းကို ကာကွယ်မယ့် စစ်ရေးစနစ်မဟုတ်ပါဘူး။ တဖက်ကအန္တရာယ်ကိုကာကွယ်ပြီး တဖက်က လက်နက်ကိုင်ထားမယ့် အမေရိကန်ရဲ့ ဒေသတွင်းသာမက တကမ္ဘာလုံးနဲ့ဆိုင်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ ဒီစနစ်ကိုထားမယ်ဆိုရင် Nuclear လက်နက်တွေပိုင်ဆိုင်ထားတဲ့ တရုတ်၊ Russia တို့လို နိုင်ငံတွေရဲ့ အနေအထားကို ထိခိုက်သွားနိုင်တာကချက်၊ နောက်တချက်ကတော့ Nuclear စစ်ဟန့်တားရေး မဟာဗြူဟာချ ဆောင်ရွက်နေတဲ့ တရုတ်စစ်တပ်ရဲ့ ဆောင်ရွက်မှုတွေကို ထိခိုက်စေနိုင်တာကြောင့်ဖြစ်ပါတယ်။”

THAAD ဒုံးလက်နက်ရန်ကာကွယ်ရေးစနစ်မှာ အင်အားကောင်းတဲ့ ရေဒါစနစ်လည်းပါဝင်ပါတယ်။ အဲဒီစနစ်ကြောင့် အမေရိကန်အနေနဲ့ မြောက်ကိုရီးယားကိုတင်မက တရုတ်နဲ့ ရုရှားပိုင်နက်တွေအထိကို မြင်နိုင်မှာဖြစ်တယ်လို့ တရုတ်ဖက်ကပြောပြီး ကန့်ကွက်နေပါတယ်။ အလားတူရေဒါစနစ်တွေက ဂျပန်၊ Alaska နဲ့ထိုင်ဝမ်ကျွန်းတို့မှာလည်း တပ်ဆင်ထားတဲ့အတွက် အာရှတိုက်နဲ့ ဥရောပတိုက်ကို ချိတ်ဆက်ဖြန့်ကြက်ထားတဲ့ ကျယ်ပြန့်တဲ့ ဒုံးလက်နက်ရန်ကာကွယ်ရေးစနစ်အပေါ် တရုတ်တို့ စိုးရိမ်နေရတာဖြစ်တယ်လို့လည်း တရုတ် နိုင်ငံရေးသိပ္ပံပညာရှင် Tang Jianqun ကသုံးသပ်ပါတယ်။

အမေရိကန်နဲ့ တရုတ်အစိုးရကြား အင်အားပြိုင်ဆိုင်နေကြတာမှန်ပေမဲ့ ဒီ ၂ နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကလည်း ရှိနေပါတယ်။ ဒါ့အပြင် တောင်တရုတ်ပင်လယ်ကိစ္စလို သဘောထားကွဲနေကြပေမဲ့ ၂ နိုင်ငံကြား တိုက်ရိုက် စစ်ရေးခြိမ်းခြောက်မှုမျိုးလဲ ရှိမနေပါဘူး။ လာမယ့် ၂ နှစ်အတွင်း မြောက်ကိုရီးယားဖက်က အမေရိကတိုက်အပေါ် လာမယ့် ၂ နှစ်အတွင်း Nuclear တိုက်ခိုက်မှုတွေ လုပ်နိုင်စွမ်းရှိလာနိုင်တယ်လို့ ကာကွယ်ရေးလေ့လာသူတွေက ပြောထားတဲ့အတွက် အမေရိကန်အတွက် လာမယ့် ၂ နှစ်အတွင်း အကြီးမားလုံး လုံခြုံရေးစိန်ခေါ်မှုကြီးကို ရင်ဆိုင်ရမယ့်ပုံရှိနေပါတယ်။

အမေရိကန်ရဲ့ THAAD ဒုံးလက်နက်ရန်ကာကွယ်ရေးစနစ်ဟာ တရုတ်အပေါ်အသုံးပြုလာနိုင်တဲ့ ကမ္ဘာ့ဒုံးလက်နက်ရန်ကာကွယ်ရေးစနစ်ဖြစ်မှာကို တရုတ်ဖက်က စိုးရိမ်နေတဲ့ တချိန်ထဲမှာ တောင်ကိုရီးယားအပေါ် တရုတ်အစိုးရရဲ့သြဇာလွှမ်းမိုးနိုင်ဖို့ ကြိုးပမ်းမှုကို ထိခိုက်နိုင်တယ်လို့လည်း မြင်နေပုံရပါတယ်။ နိုင်ငံရေးပြဿနာတွေရှိနေတဲ့ တောင်ကိုရီးယားနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲကနေ THAAD ဒုံးလက်နက်စနစ်တပ်ဆင်မယ့်ကိစ္စ ပျက်သွားတာ ဒါမှမဟုတ် နှောင့်နှေးသွားတာဖြစ်နိုင်ပေမယ့် တရုတ်ဖက်ကတော့ စိုးရိမ်နေတယ်လို့ မြောက်ကိုရီးယားလေ့လာရေး Yonsei တက္ကသိုလ်က နိုင်ငံရေးသုံးသပ်သူ Bong Young-shik ကပြောပါတယ်။

“တောင်ကိုရီးယားကို တရုတ်နဲ့ပိုပြီးနီးနီးကပ်ကပ်ဆက်ဆံဖို့ ရှီဂျင်ပင်းအစိုးရဖက်က ထပ်တလဲလဲကြိုးစားခဲ့တာတွေရပါတယ်။ အမေရိကန် ဂျပန် တောင်ကိုရီးယား ၃ နိုင်ငံ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကနေ ခပ်ခွာခွာနေပြီး တရုတ်နဲ့ပို အနီးကပ်ဆက်ဆံဖို့ပါ။ တရုတ်ကိုဝိုင်းထားတဲ့ ၃ နိုင်ငံမှာ တောင်ကိုရီးယားက အင်အားအနည်းဆုံးဖြစ်တယ်လို့ တရုတ်အစိုးရကမြင်နေပါတယ်။”

တောင်ကိုရီးယားမှာ THAAD စနစ်တပ်ဆင်ဖို့ စတင်လုပ်နေထဲက တရုတ်က တောင်ကိုရီးယားအပေါ် ဖိအားပေးမှုတွေရှိခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်နဲ့နီးတဲ့ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းမှာ တိုက်ချင်းပြစ် DF-41 ဒုံးကျည်တွေထားလိုက်ပြီလို့ တရုတ်က မကြာခင်ကပဲကြေညာခဲ့တာက တရုတ်ဖက်က လက်တုံ့ပြန်မှုတခုဖြစ်တယ်လို့ India နိုင်ငံ New Delhi မြို့က ကာကွယ်ရေးဆိုင်ရာသိပ္ပံက Jagannath Panda က သုံးသပ်ပါတယ်။

“ခုလိုအစပြုဆောင်ရွက်မှုကို တရုတ်တို့ဖက်ကလုပ်လိုက်တာက THAAD နဲ့ပါတ်သက်လို့ တုံ့ပြန်လိုက်တာ ဒါမှမဟုတ် အမေရိကန်သမ္မတသစ်ကို အချက်ပြလိုက်တာဖြစ်ပါတယ်။ တချိန်ထဲမှာ တောင်ကိုရီးယားကို သူတို့သဘောထားသိအောင်ပြလိုက်တာဖြစ်ပါတယ်။”

THAAD စနစ်ထားရှိဖို့ တောင်ကိုရီးယားမှာ စတင်ခဲ့ပြီးနောက် တရုတ်ကမ္ဘာလှည့်ခရီးသည်တွေ တောင်ကိုရီးယားကို သွားလည်တာနည်းသွားတဲ့အတွက် တောင်ကိုရီးယားစီးပွားရေးကို အထိနာစေခဲ့တယ်လို့လည်း သူကပြောပါတယ်။ 2016 ခုနှစ် July လမှာ အမေရိကန်ဒုံးလက်နက်ရန်ကာကွယ်ရေး THAAD စနစ်ထားရှိဖို့ တောင်ကိုရီးယားဖက်က ဆုံးဖြတ်ခဲ့ပြီးနောက် တောင်ကိုရီးယားဖျော်ဖြေရေးလုပ်ငန်းတွေက အနုပညာရှင်တွေတရုတ်နိုင်ငံဆီသွားတာ။

တောင်ကိုရီးယားကလာတဲ့ လေယာဉ်ခရီးစဉ်တွေကို ကန့်သတ်တာအပြင် ကိုရီးယားကအကြီးဆုံးစီးပွားရေးလုပ်ငန်းကြီးတခုဖြစ်တဲ့ Lotte Group ရဲ့တရုတ်နိုင်ငံထဲကဆောင်ရွက်မှုတွေကို ကန့်သတ်တာစတဲ့ တရုတ်ဖက်ကနေ ဆောင်ရွက်ခဲ့တယ်လို့ဆိုတဲ့ စာရင်းကို မကြာခင်ကပဲ တောင်ကိုရီးယား ထုတ် Hankyoreh နေ့စဉ်သတင်းစာ ထဲမှာ ဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG