သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောမှာ နိုင်ငံသားကဒ်ပြားထုတ်ပေးမှု ဥပဒေနဲ့ မညီဟု ANC ပြော


လဝကအရာရှိများ ရခိုင်ပြည်နယ်မှာ နိုင်ငံသားစိစစ်ရေးလုပ်စဉ်
လဝကအရာရှိများ ရခိုင်ပြည်နယ်မှာ နိုင်ငံသားစိစစ်ရေးလုပ်စဉ်

မောင်တောခရိုင်အတွင်းက ဒေသခံမွတ်စလင်တွေကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ မညီဘဲ နိုင်ငံသားကတ်ပြားတွေ ထုတ်ပေးခဲ့တာကြောင့် ဒါကိုကန့်ကွက်ကြောင်းနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ ပြန်လည်စိစစ်မှုတွေလုပ်ပြီး နိုင်ငံသားဖြစ်ခွင့်ရရေး လုပ်ငန်းစဉ်မှာ ဥပဒေချိုးဖေါက် သူတွေကို အရေးယူပေးဖို့ ရခိုင်အမျိုးသားပါတီ ANP က တောင်းဆိုလိုက်ပါတယ်။ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနကတော့ သူတို့အနေနဲ့ အဆင့်ဆင့် စိစစ်ဆောင်ရွက်ပြီးမှ အတည်ပြုခဲ့ ခြင်းသာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။ ဆက်သွယ်မေးမြန်း ထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ ပြီးခဲ့တဲ့ လပိုင်းအတွင်း ဒေသခံမွတ်စလင် အနည်းဆုံး ၅၃ ဦးကို နိုင်ငံသားကဒ်ပြား ဒါမှမဟုတ် နိုင်ငံသားပြုခွင့် ကတ်ပြားတွေ ထုတ်ပေးခဲ့တာနဲ့ ပတ်သက်လို့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေက ရခိုင်ပြည်နယ် လွှတ်တော်ကို စာရေးသား တိုင်ကြား ကန့်ကွက် ခဲ့ကြပြီး အဲဒီကိစ္စ ပြန်လည် စိစစ်ပေးဖို့ တောင်းဆိုခဲ့တာပါ။

အခုလို နိုင်ငံသားကဒ်ပြားနဲ့ နိုင်ငံသားပြုခွင့် ကတ်ပြားတွေ ထုတ်ပေးတဲ့ကိစ္စမှာ ဥပဒေနဲ့ အညီ ဆောင်ရွက်ခဲ့ခြင်း မရှိဘူးလို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ဒုဥက္ကဌ ဒေါ်အေးနုစိန် က ဝေဖန်ပြော ဆိုပါတယ်။

“ဒီနိုင်ငံသားဖြစ်ခြင်းဆိုတဲ့ ဥပဒေမှာ ပြဌာန်းထားတဲ့အချက်တွေနဲ့ မညီပဲနဲ့ ထုတ်ပေး လိုက်တယ်။ ဥပမာ ပုဒ်မ ၄၂ မှာဆိုရင် လွတ်လပ်ရေးမရမှီ ၁၉၄၈ မတိုင်ခင်က အခြေ တကျနေထိုင်ပြီးတော့ မိမိတို့ရဲ့မိဘနှစ်ပါးပါ၊ ဒီနိုင်ငံအတွင်းမှာ မွေးဖွားတယ်၊ သူတို့ ဆီက မွေးဖွားပြီးတော့ ၄၈ နိုင်ငံသားဖြစ်မှု ဥပဒေအရ ဘာကြောင့် မလျှောက်ထားခဲ့ ဘူးလဲဆိုတာကို ခိုင်လုံတဲ့ အထောက်အထားပြနိုင်တဲ့ သူတွေမှသာလျှင် နိုင်ငံသားပြု ခွင့်ကို လျှောက်နိုင်တယ်။ ဥပဒေနဲ့ ညီတယ်ဆိုရင် နိုင်ငံသားပြုခွင့်ပေးနိုင်တာ။ ဒါပေမယ့် အဲဒီလို မစိစစ်ပဲနဲ့ ဘိုးဘွား ၄ယောက်ကို စိစစ်ပြီးတော့ ဒါတွေသည် နိုင်ငံသားဖြစ်သင့် တယ်ဆိုပြီးတော့ ပေးနေတဲ့ အထောက်အထားတွေ ၊ မြင်ကွင်းတွေကို ကျမတို့ မြင်နေ ရတယ်၊ သိနေရတယ်။ ဒါဥပဒေနဲ့ မညီဘူး ဆိုတာမျိုးနဲ့ ကျမတို့က နိုင်ငံသားကိစ္စကို ကန့်ကွက်နေရတာ၊ ဒီလို လုပ်တဲ့လူတွေကို အရေးယူပေးပါလို့ ပြောနေရတာ။”

ဒါကြောင့်မို့ ဒီလိုကဒ်ပြားတွေ ထုတ်ပေးရာမှာ ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်း ရှိမရှိ သိရအောင် ရခိုင်ပြည်နယ် လွှတ်တော်ထဲမှာ ဖွဲ့စည်းထားတဲ့ နိုင်ငံသားများ၏ မူလ အခွင့်အရေးနဲ့ အထူးကြားနာ စုံစမ်းရေးကော်မတီကနေ ဖေဖော်ဝါရီ ၂၄ ကနေ ၂၆ ရက် အထိ သုံးရက်ကြာ စုံစမ်းနေပြီး တွေ့ရှိချက်တွေကို မကြာခင် ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌထံ အစီရင်ခံစာ တင်သွင်းသွားမယ်လို့ သိရပါတယ်။

အဲဒီ နိုင်ငံသားများ၏ မူလအခွင့်အရေးနဲ့ အထူးကြားနာစုံစမ်းရေးကော်မတီနဲ့ အလုပ် သမား လူဝင်မှု ပြည်သူ့အင်အား ဝန်ကြီးဌာန အဆင့်မြင့် တာဝန်ရှိသူတွေဟာ ဖေဖေါ်ဝါရီ ၂၆ တနင်္ဂနွေနေ့က ရခိုင်ပြည်နယ်မှာတွေ့ဆုံပြီး အပြန်အလှန် ဆွေးနွေးရှင်းလင်း ခဲ့ကြ ပါတယ်။ သူတို့အနေနဲ့ ဥပဒေအတိုင်းသာ အဆင့်ဆင့် စိစစ်ဆောင်ရွက် ခဲ့ခြင်းမျိုးသာ ဖြစ်ကြောင်း အလုပ်သမား လူဝင်မှု ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝင် ဦးမြင့်ကြိုင်က VOA ကိုရှင်းပြပါတယ်။

“ဒီ ၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားလျှောက် လာမယ်ဆိုရင် ပထမဦးဆုံးစစ် တာက မြို့နယ်မှာ မြို့နယ်အဆင့် နိုင်ငံသားစိစစ်ရေး ကေ်ာမတီ ကနေပြီးတော့ ၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ကိုက်ညီမှုရှိမရှိ အထောက် အထားတွေ၊ စာရွက်စာတန်းတွေ၊ မိသားစု ဓါတ်ပုံတွေ နဲ့ အဆင့်ဆင့် သူတို့ စစ်ဆေး တယ်။ ကိုက်ညီပါပြီဆိုရင် ပြည်နယ် နိုင်ငံသား စိစစ်ရေးကေ်ာမတီကို ဆက်ပြီးတော့ တင်ရတယ်ခင်ဗျ။ အားလုံး ဥပဒေနဲ့ညီတယ် ၊ စာရွက်စာတန်းတွေ ပြည့်စုံတယ်၊ ကိုက်တယ် ဆိုရင် ဗဟိုကော်မတီကို တင်ရတယ်ခင်ဗျ၊ ဗဟိုကော်မတီမှာလည်း အလုပ် သမား လူဝင်မူကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား၊ လူဝင်မူ ကြီးကြပ်ရေးနဲ့ ပြည်ထောင်စု ဝန်ကြီးပါတယ်၊ နိုင်ငံခြားရေး ဝန်ကြီးပါတယ်၊ ကာကွယ်ရေး ဝန်ကြီးပါတယ်၊ ပြည်ထဲရေး ဝန်ကြီးပါတယ်။ အဲလိုသက်ဆိုင်ရာ ဝန်ကြီးဌာနပေါင်းစုံက ဝန်ကြီး အကြီးအကဲတွေ ကနေပြီးတော့ တခါထပ်ပြီးတော့ စစ်တယ်ခင်ဗျ။ စစ်ပြီးတော့ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ ကိုက်ညီတယ် ၊ စာရွက်စာတန်း ပြည့်စုံတယ်ဆိုတော့မှ ဗဟိုကနေပြီးတော့ ခွင့်ပြုပေး လိုက်တာ။ ခွင့်ပြုပေးလိုက်ပြီ ဆိုတော့မှ အဲဒီကဒ်ပြားတွေကို သက်ဆိုင်ရာ ပြည်နယ်တွေ ကနေတဆင့် သက်ဆိုင်ရာမြို့နယ်တွေကို ပို့ပေးပြီးတော့မှ အဲဒီကတ်ပြားက အဲဒီတော့မှ ထုတ်ပေးလို့ ရတာခင်ဗျ။ သူတို့ ထင်နေတာက မြို့နယ်မှူး တယောက်ပဲ၊ ပြည်နယ်မှူး တယောက်ပဲ လုပ်ချင်ရာလုပ်ပြီးတော့ လာဘ်စားပြီးတော့ ပေးတယ်ထင်တာ၊ အဲဒီလို လုပ်လို့မရဘူး အဲဒါတွေလည်း ကျနော်တို့ ရှင်းပြပြီးပြီ။”

နိုင်ငံတွင်းဥပဒေအရ နိုင်ငံသားဖြစ်ထိုက်သူတွေကို ခွင့်ပြုသွားရေးကိစ္စကို ANP ပါတီအနေ နဲ့ ဘာမှကန့်ကွက်စရာ မရှိဘူးပဲ သဘောတူကြောင်း ANP ဒုဥက္ကဌ ဒေါ်အေးနုစိန် က ပြောပါတယ်။

“ဥပဒေနဲ့ ညီတဲ့လူတွေကို နိုင်ငံသားပေးပါ ၊ နိုင်ငံသားဖြစ်သင့်တဲ့ လူတွေကို .. မြန်မာ တပြည်လုံးမှာ အသက်ရှင်နေ ထိုင်ခွင့်ပေးပါ၊ ပေးပြီးရင် နိုင်ငံသားအခွင့် အရေးတွေကို ေ ပးပါ။ တရားဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ဘင်္ဂလီဟူသမျှ ရခိုင်တပြည်ထဲမှာနေကြ ဆိုတဲ့သဘောမျိုးကို မလုပ်ပါနဲ့ ဆိုတာ ကျမတို့ ANP ကတလျှောက်လုံး ပြောလာတာ။ မဖြစ်သင့်တဲ့ လူတွေကျတော့ ဥပဒေမှာ မဝင်တဲ့ လူတွေကို လူသားချင်းစာနာမှုအရ ညီတူညီမျှ ဖြစ်အောင် ဆောင်ရွက်ပေးပေါ့။ ဒါအစိုးရရဲ့ Rule of Law ကိစ္စပဲ။”

ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ အထူးကြားနာ စုံစမ်းရေးကော်မတီအဖွဲ့ဟာ ဘူးသီးတောင် ေ မာင်တော မြို့နယ်တွေက ဒေသခံတွေ၊ လူမှုအဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံပြီး အစိုးရရဲ့ နိုင်ငံသားစိစစ်ရေး အဖွဲ့ဝင်တွေနဲ့လည်း လိုက်လံတွေ့ဆုံ ကြပါတယ်။ လောလောဆယ် ေ မာင်တောမြို့နယ် အတွင်း ဒေသခံ မွတ်စလင်တွေထဲမှာ နိုင်ငံသားအသိအမှတ်ပြု ကတ်ပြားရထားသူ ၂၁ ဦး၊ နိုင်ငံသားပြုခွင့် ရသူ ၁၄ ဦးနဲ့ သူတို့တွေထဲက သားသမီး ၁၈ ဦးဟာလည်း နိုင်ငံသားပြုခွင့် ရသူတွေအဖြစ် အသိအမှတ်ပြု ကတ်ပြားတွေ ရထားပါတယ်။

ဒီလို ရရှိတာဟာ ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ခဲ့ခြင်း မရှိဘူးလို့ ယုံကြည်နေကြ တာကြောင့် နိုင်ငံသား အသိအမှတ်ပြုကတ်ပြား ထုတ်ပေးရေးအစီအစဉ်တွေကို ယာယီ ရပ်ဆိုင်း ထားပေးဖို့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေက တောင်းဆိုနေကြပြီး ဒါနဲ့ ပတ်သက်လို့ မောင်တောမှာ ကန့်ကွက်ဆန္ဒပြတာတွေ လုပ်သွားမယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG