သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးအစီအစဉ်သစ်ပြင်ဖို့ ကုလတိုက်တွန်း


၂၀၁၆ ဇူလိုင်လာတုန်းက အင်ဒိုနီးရှားမှာ အသေခံဗုံးခွဲမှုဖြစ်စဉ်
၂၀၁၆ ဇူလိုင်လာတုန်းက အင်ဒိုနီးရှားမှာ အသေခံဗုံးခွဲမှုဖြစ်စဉ်

အီရတ်နဲ့ ဆီးရီးယား နိုင်ငံတို့က အာရှတိုက်သား တိုက်ခိုက်ရေးသမားတွေ ဌာနေပြန်လာနေတာကြောင့် အရှေ့တောင် အာရှ ဒေသမှာ အစွန်းရောက် အကြမ်းဖက် ခြိမ်းခြောက်မှုတွေ များလာနေတာကို ကိုင်တွယ်နိုင်ဖို့ ဒေသတွင်မှာ ကျယ်ပြန့် ထိမိတဲ့ အစီအစဉ် တခုရှိဖို့ လိုအပ်နေပြီလို့ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။ ဒေသတွင်းမှာ အယ်လ်ခိုက်ဒါးနဲ့ IS အဖွဲ့ဝင်တွေလို့ ဆိုသူတွေ၊ အစ္စလာမ် အစွန်းရောက် အဖွဲ့အစည်းတွေကြား ကြီးဌားလာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အပေါ် စိုးရိမ်ချက်တွေ အပေါ်မှာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး UNODC က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ Rom Corben ရဲ့ သတင်းလွှာကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။

အရှေ့တောင် အာရှ နိုင်ငံတွေဟာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ထောက်လှမ်းရေး အချက်အလက် မျှဝေခြင်းတို့မှာ တိုးတက်လာပေမယ့်လည်း လက်တွေ့ ဆောင်ရွက်မှုတွေကတော့ အစီအစဉ်တကျ မဟုတ်ဘဲ ကြုံရာ ကျဘမ်း ဖြစ်နေတယ်လို့ UNODC ရဲ့ ဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က ပြောဆိုပါတယ်။ အထူးသဖြင့် အရှေ့အလယ်ပိုင်း ဒေသက ပြန်လာနေတဲ့ တိုက်ခိုက်ရေး သမားတွေကို ကိုင်တွယ်တဲ့ နေရာမှာ အစီအစဉ် တကျ မဖြစ်သေးတာလို့လည်း သူက ပြောပါတယ်။

"ဒေသတွင်းမှာ ပြည်ပ တိုက်ခိုက်ရေး သမားတွေကို ကိုင်တွယ်နိုင်မယ့် မဟာဗျူဟာ မရှိပါဘူး။ အမျိုးသား အဆင့် မဟာဗျူဟာတွေ အတိုင်းအတာ တခုအထိ ရှိပေမယ့်လည်း ဒေသတလွှားမှာတော့ ဒီမဟာဗျူဟာတွေက လိုက်လျောညီထွေ မရှိပါဘူး။ နောက်ပြီး ဒေသတခုလုံး အနေနဲ့ ဒီအခြေအနေကို ကိုင်တွယ်နိုင်မယ့် မဟာဗျူဟာ တရပ် မရှိပါဘူး။"

အရှေ့အလယ်ပိုင်း ဒေသမှာ အာရှတိုက်သား တိုက်ခိုက်ရေး သမား ၁၀၀၀ လောက် ရှိမယ်လို့ သုံးသပ်သူတို့က ခန့်မှန်းကြပါတယ်။ ပြီးခဲ့တဲ့ နှစ် အတွင်း အင်ဒိုနီးရှားနိုင်ငံမှာ အကြမ်းဖက် သမားတွေ အဖြစ် ဖမ်းဆီးခဲ့သူ၊ သေဆုံးခဲ့သူပေါင်း ၁၇၀ အထိ ရှိခဲ့ပြီး ဒီအရေအတွက် ၂ ဆ ဖြစ်လာတာလို့ UNODC က ပြောပါတယ်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလထဲ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ပထမဆုံး အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ရဲ့ တိုက်ခိုက်မှုလို့ ဆိုတဲ့ အသေခံ ဗုံးဖောက်ခွဲမှုကြောင့် တိုက်ခိုက်သူ ၄ ဦးနဲ့ အရပ်သား ၄ ဦးတို့ သေဆုံးခဲ့ရတာပါ။

ဇူလိုင်လမှာတော့ ဘင်္ဂလားဒေရှ့်နိုင်ငံမှာ IS တို့ရဲ့ တိုက်ခိုက်မှုကြောင့် လူ ၂၀ ကျော် သေခဲ့ရပြန်ပါတယ်။ ဇူလိုင်လထဲမှာဘဲ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ဗုံးခွဲတိုက်ခိုက်ခံရပြီး လူ ၈ ဦးထိခိုက်ဒဏ်ရာရပါတယ်။ မလေးရှား အစိုးရက ဒီအကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးလိုက်တဲ့ ၁၅ ဦးထဲမှာ ရဲဝန်ထမ်း ၂ ဦးလည်း ပါဝင်ခဲ့တာပါ။ ဆီးရီးယား နိုင်ငံက မလေးရှားနိုင်ငံသား IS အဖွဲ့ဝင် Muhammad Wanndy Mohamed Jedi ရဲ့ ညွှန်ကြားချက်နဲ့ တိုက်ခိုက်တာဖြစ်တယ်လို့ မလေးရှား အာဏာပိုင်တို့က စွပ်စွဲပါတယ်။

ဆီးရီးယားနဲ့ အီရတ် နိုင်ငံတို့မှာ ထိုးစစ်တွေနဲ့ ရင်ဆိုင်လာရတဲ့ အတွက် အရှေ့တောင်အာရှ ဒေသက IS တိုက်ခိုက်ရေး သမားတွေ ဌာနေ ပြန်လာမယ့်ဘက်ကို ဦးတည်လာစေတယ် လို့ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်က နိုင်ငံရေး သိပ္ပံပညာရှင် Thitinan Pongsudhirak က ပြောတာပါ။

"နေရာမရွေး တိုက်ခိုက်လာနိုင်ပါတယ်။ ကိုယ်ထူကိုယ်ထ၊ တကိုယ်တည်း တိုက်ခိုက်တဲ့ ပုံစံမျိုးတွေ ပိုတွေ့လာရနိုင်ပါတယ်။ တချိန်တည်းမှာဘဲ အဖွဲ့အစည်းရှိတဲ့ တိုက်ခိုက်ရေးသမားတွေလည်း သူတို့ နိုင်ငံတွေကို ပြန်လာကြမှာပါ။ ဒါကြောင့် အရှေ့တောင် အာရှ ဒေသ အနေနဲ့ ရှေ့လျှောက် အကြမ်းဖက် တိုက်ခိုက်ခံရနိုင်ခြေတွေ အပေါ်မှာ အဆင်သင့် ကိုင်တွယ်နိုင်ဖို့ ပြင်ဆင်ကြရမှာပါ။"

အရှေ့တောင် အာရှ ဒေသ အနေနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်က အစ္စလာမ္မစ် အစွန်းရောက် အဖွဲ့ Jemaah Islamiyah အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ချေမှုန်းကိုင်တွယ်ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်ပြီး အသုံးချဖို့ လိုအပ်တယ်လို့လည်း Thitinan Pongsudhirak က ပြောပါတယ်။ ၂၀၀၂ ခုနှစ်မှာ အင်ဒိုနီးရှား ဘာလီကျွန်းမှာ ဗုံးခွဲတိုက်ခိုက်မှု အတွင်း လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ရမှု အပါအဝင် Jemaah Islamiyah အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရှေ့တောင် အာရှ ဒေသတွင်း တုန်လှုပ်ခြောက်ခြားခဲ့ရတာပါ။

ဒါပေမယ့်လည်း အခုအချိန်မှာတော့ အရှေ့တောင်အာရှ နိုင်ငံတွေက ခေါင်းဆောင်မှု အသစ်၊ ကွဲပြားတဲ့ အကျိုးစီးပွားတွေနဲ့ ပိုပြီး ခြားနာလာနေတာကြောင့် အရှေ့တောင်အာရှ ဒေသ အနေနဲ့ ဒီတကြိမ်မှာ ဘယ်လို ဖြစ်လာမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်လို့လည်း နိုင်ငံရေး သိပ္ပံပညာရှင် Thitinan Pongsudhirak က ပြောပါတယ်။ စာရေးဆရာ၊ လူ့အခွင့်အရေး ရှေ့နေ Banjamin Zawacki ကလည်း ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုမှာ အခက်အခဲ ရှိလာနိုင်တယ်ဆိုတဲ့ အပေါ်မှာ သဘောတူပါတယ်။

"ISIS ပြသနာက အသစ်ဖြစ်လေတော့ အာဆီယံ ၁၀ နိုင်ငံ စလုံး အနေနဲ့ တူညီတဲ့ ဘုံ မူဝါဒ တရပ်ရဖို့တော့ ခက်ပါဦးမယ်။"

အင်ဒိုနီးရှား နိုင်ငံ ဂျကာတာ အခြေစိုက် မူဝါဒရေးရာသုံးသပ်ရေး အဖွဲ့ကြီးရဲ့ ၂၀၁၆ ခုနှစ် အစီရင်ခံစာမှာတော့ အရှေ့တောင်အာရှ ဒေသ ပင်လယ်ပြင် အတွင်း အစွန်းရောက်တွေကြားမှာ ISIS ကို ထောက်ခံမှု ပူးပေါင်းဆောင်ရွက်မှု ပိုပြီး ခိုင်မာလာတယ်လို့ ထောက်ပြပြီး လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ နိုင်ငံပြင်ပက အဖွဲ့အစည်းတွေကို အရင်ကထက် ပိုပြီး သိရှိထားဖို့ အရေးကြီးလာနေတယ်လို့ ထောက်ပြထားပါတယ်။ ဖိလစ်ပိုင်က မင်ဒါနာအို ဒေသကို အထူး အာရုံစိုက်ဖို့ လိုအပ်ပြီး အထူးသဖြင့် IS အဖွဲ့ကို လိုလားတဲ့ ဒေသတွင်းက ချိတ်ဆက် အဖွဲ့တွေကြားမှာ ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG