သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအစည်းအဝေး မြောက်ကိုရီးယားအရေး လွှမ်းမိုးဖွယ်ရှိ


၂၈ ဧပြီလ ၂၀၁၇ တုန်းက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး
၂၈ ဧပြီလ ၂၀၁၇ တုန်းက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး

ကိုရီးယားကျွန်းဆွယ်က တင်းမာမှုတွေနဲ့၊ ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ သြဇာကြီးထွားလာနေတာကို စိုးရိမ်မှုတွေ ထွက်ပေါ်လာနေချိန်မှာပဲ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson တို့ ဒီသီတင်းပတ်ထဲ ဝါရှင်တန်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။

အမေရိကန်သမ္မတ Donald Trump တက်ရောက်ဖို့ စီစဉ်ထားတဲ့ နိုဝင်ဘာ ထိပ်သီးအစည်းအဝေးပွဲတွေ မတိုင်မီ နိုင်ငံခြားရေးဝန်ကြီးအဆင့် တွေ့ဆုံကြမှာပါ။ အမေရိကန်အစိုးရသစ်နဲ့ ဒေသတွင်း နိုင်ငံတွေကြား ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းတဲ့အနေနဲ့ တွေ့ဆုံဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းခဲ့တာလို့လည်း အမေရိကန် အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

တွေ့ဆုံမှုအတွင်း ကုန်သွယ်ရေး၊ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ်ပြင်အရေး၊ တရားမဝင် မှောင်ခိုမှုတွေ၊ ရာဇဝတ်မှုတွေ အပါအဝင် တခြားကိစ္စရပ်တွေကို ဆွေးနွေးနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ဝန်ကြီး Tillerson က အစောပိုင်းမှာ ပြောဆိုထားတာပါ။

အင်ဒိုနီးရှားအပါအဝင် အာရှ-ပစိဖိတ်ဒေသကို အမေရိကန် ဒုတိယသမ္မတ Mike Pence သွားရောက်ခဲ့ပြီး နောက်မှာပဲ နိုင်ငံခြားရေး ဝန်ကြီးတွေ ဝါရှင်တန် မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ ဒုသမ္မတရဲ့ ခရီးစဉ် အတွင်းမှာတော့ စီးပွားရေး ဆက်ဆံ မှုတွေ တိုးမြှင့်ဖို့၊ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေးလို လုံခြုံရေး ကိစ္စတွေနဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ပိုင်ဆိုင်မှုအတွက် အငြင်းပွားမှုတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ အာဆီယံနဲ့ ရင်းနှီးမှုတွေ တိုးမြှင့်သွားမယ့်အကြောင်း ပြောဆိုထားတာပါ။

သမ္မတ Trump အစိုးရက အမေရိကန်သာ ပထမဦးစားပေး မူဝါဒကို ကျင့်သုံးဖို့ ကြွေးကြော်ထားပြီး၊ သမ္မတဟောင်း ဘရက်ခ် အိုဘားမား လက်ထက်က ပစိဖိတ်ရပ်ဝန်း နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (TPP) ကနေ အမေရိကန်နှုတ်ထွက်လိုက်တဲ့အတွက် ဒေသတွင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် ရိုက်ခတ်လာမှာကို စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အာဆီယံဟာ အမေရိကန်နဲ့ ကုန်သွယ်မှုပမာဏ နှစ်စဉ် ၂၂၅ ဘီလီယံ ရှိနေပါတယ်။ ဒါပေမဲ့လည်း အမေရိကန်က ကိုယ်ကျိုးစီးပွား ကာကွယ်တဲ့ မူဝါဒတွေကို ဦးစားပေးလာတဲ့အခါ အပြန်အလှန်ကုန်သွယ်မှုတွေကို ထိခိုက်လာနိုင်သလို၊ အမေရိကန်ရဲ့ပြိုင်ဘက် တရုတ်နိုင်ငံက ဒေသတွင်းမှာ ပိုမိုသြဇာကြီးထွား လာနိုင်တယ်လို့လည်း သုံးသပ်သူတွေ ခန့်မှန်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG