သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံဒေသ မူးယစ်ဆေးကင်းစင်ရေး ထိပ်သီးတွေဆွေးနွေး


အာဆီယံခေါင်းဆောင်များအား မနီလာမြို့ ထိပ်သီးညီလာခံမှာ တွေ့ရစဉ် (29-April-2017)
အာဆီယံခေါင်းဆောင်များအား မနီလာမြို့ ထိပ်သီးညီလာခံမှာ တွေ့ရစဉ် (29-April-2017)

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်က ၄ ရက်ကြာ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN အစည်းအဝေးပွဲတွေရဲ့ နောက်ဆုံးနေ့အဖြစ် ကျင်းပနေတဲ့ ထိပ်သီးညီလာခံမှာ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ ဖိလစ်ပိုင်သမ္မတက မိန့်ခွန်းထဲမှာ အလေးထား ပြောကြားသွားပါတယ်။

မူးယစ်ဆေးဝါး မှောင်ခိုမှုတွေဟာ ဖြေရှင်းလို့မရနိုင်တဲ့ ပြဿနာမဟုတ်သလို ပူးပေါင်းဆောင်ရွက်မှုတွေ၊ နိုင်ငံရေး ဆန္ဒတွေနဲ့ တိုက်ဖျက်လို့ ရနိုင်တဲ့အကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက သမ္မတ Rodrigo Duterte ကပြောဆိုခဲ့တာပါ။ မူးယစ်ဆေးဝါးကင်းစင်တဲ့ အာဆီယံဒေသအဖြစ် ထူထောင်သွားဖို့လည်း အသင်းဝင် ၁၀ နိုင်ငံက တက်ရောက်လာတဲ့ ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။

အာဆီယံ ထိပ်သီးညီလာခံ တက်ရောက်နေတဲ့ မြန်မာနိုင်ငံက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတော့ အိမ်ရှင်ဖိလစ်ပိုင်နိုင်ငံက သမ္မတ Duterte အပြင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့တဲ့ အင်ဒိုနီးရှားသမ္မတ Joko Widodo ကတော့ မြန်မာနိုင်ငံက မတည်မငြိမ် ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းမှုရှိအောင် ကြိုးပမ်းဖို့ တိုက်တွန်းခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံက Antara သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေ ထွက်ပေါ်နေတဲ့ ရခိုင်ပြည်နယ် အရေးဟာ ကိုင်တွယ်ရ ခက်ခဲပေမဲ့လည်း၊ အခြေအနေတွေ တိုးတက်လာအောင် ဆောင်ရွက် ဖို့ မြန်မာ အစိုးရအနေနဲ့ စိတ်ပိုင်းဖြတ်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ တယ်လို့လည်း သတင်းက ဖော်ပြခဲ့တာပါ။

အာဆီယံ ထိပ်သီးညီလာခံ မတိုင်မီ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွေ မနေ့က အဆုံးသတ်ရာမှာတော့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းတပ် ဒုံးနဲ့ နျူကလီးယား စမ်းသပ်မှုတွေ အပေါ် စိုးရိမ်ကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG