သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တောင်အာရှ နှင့် IS အန္တရာယ်


အီရတ်နိုင်ငံ Muosul မြို့တွင်း IS ထောက်ခံသူများ။
အီရတ်နိုင်ငံ Muosul မြို့တွင်း IS ထောက်ခံသူများ။

IS အစွန်းရောက်အဖွဲ့နဲ့ ပူးပေါင်းဖို့ - အရှေ့တောင်အာရှက ရာနဲ့ချီတဲ့ တိုက်ခိုက်ရေးသမားတွေဟာ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေဆီ သွားရောက်ခဲ့ကြပါ တယ်။ လုံခြုံရေးသုံးသပ်သူတွေကတော့ - သူတို့အနေနဲ့ - အကြမ်းဖက် အဖွဲ့နဲ့ ဒေသတွင်း စစ်သွေးကြွအုပ်စုတွေကြား ကြီးထွားလာနေတဲ့ ကွင်းဆက်တွေကို ခြေရာခံတွေ့ရှိထားတဲ့အကြောင်း - ဗွီအိုအေသတင်းထောက် Ron Corben - ဘန်ကောက်ကနေ ပေးပို့ထားတဲ့ သတင်းလွှာကို မနန္ဒာချမ်း က တင်ပြထားပါတယ်။

IS ထောက်ခံသူ ရာပေါင်းများစွာဟာ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေဆီ သွားရောက်ခဲ့ကြသလို၊ မူရင်းနိုင်ငံမှာရော ဘယ်နှစ်ယောက်ရှိ နေမလဲ - ဒီအပေါ် လုံခြုံရေးကျွမ်းကျင်သူတွေက သုံးသပ်နေကြတာပါ။ ဆက်နွယ်မှုတွေကြောင့် ခြိမ်းခြောက်မှု ကြုံနေရတဲ့ အခြေအနေကို လိုတာထက်ပို မပြောချင်ကြပေမဲ့လည်း ပိုမိုအလေးထား အာရုံစိုက်သင့်တဲ့ အကြောင်းရင်းတခု ရှိနေတယ်လို့လည်း လေ့လာ သူတွေ ပြောကြပါတယ်။ ဂျကာတာအခြေစိုက် ပဋိပက္ခအပေါ် မူဝါဒရေးရာ အကဲဖြတ် ဌာန ညွှန်ကြားရေးမှူး Sidney Jones ကတော့ - IS နဲ့ သွားပေါင်းသူတွေ နေရပ်ပြန်လာတဲ့အပေါ် အရှေ့တောင်အာရှ အစိုးရတွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

“ပြည်ပကနေ ပြန်လာကြတဲ့ တိုက်ခိုက်ရေးသမားတွေကို အရှေ့တောင်အာရှ အစိုးရတွေ စိုးရိမ်နေကြတာ အခုဆိုရင် နှစ်အတန်ကြာနေပါပြီ။ အခုအချိန်မှာ အရှေ့အလယ်ပိုင်းကနေ အစုလိုက်အပြုံလိုက် ထွက်ခွာနေကြတဲ့ အထောက်အထား ခိုင်ခိုင်မာမာ မရှိပေမဲ့လည်း စိုးရိမ်မှုအဆင့်ကတော့ တိုးလာနိုင်ပါတယ်။” - လို့ သူက ပြောဆိုခဲ့တာပါ။

IS အဖွဲ့ကို အားကြကြတဲ့ တိုက်ခိုက်ရေးသမားတွေဟာ မကြာသေးခင်နှစ်တွေ အတွင်း အရှေ့တောင်အာရှမှာ တိုက်ခိုက်မှုတွေလုပ်ဖို့ ကြိုးပမ်းခဲ့ကြ ပေမဲ့လည်း တောင်အာရှ၊ အရှေ့အလယ်ပိုင်း၊ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ တိုက်ခိုက်ခံရတဲ့ အရေအတွက်ထက်တော့ အတော်လေး နည်းသလို - အရှေ့တောင်အာရှကနေ အီရတ်နဲ့ ဆီးရီးယားကို သွားကြတဲ့ IS ထောက်ခံသူ အရေအတွက်ဟာလည်း သိသိသာသာ နည်းပါတယ်။

၂၀၁၆ ခုနှစ်အတွင်းမှာတော့ အရှေ့အလယ်ပိုင်း ဒေသက စစ်သွေးကြွတွေရန်က ကင်းလွတ်တယ်လို့ အများက ယူဆထားတဲ့ ဖိလစ်ပိုင်နိုင်ငံက နေရာတော်တော် များများနဲ့ အင်ဒိုနီးရှားနိုင်ငံမြို့တော်နဲ့ ဂျာဗားအလယ်ပိုင်းဒေသက ရဲစခန်းတခုတို့ကို IS အဖွဲ့တွေကို အားကြသူတွေရဲ့ တိုက်ခိုက်ခံခဲ့ရတာပါ။

ဒါပေမဲ့လည်း IS တွေကို စာနာပြီး အရှေ့တောင်အာရှကနေ အီရတ်နဲ့ ဆီးရီးယားကို သွားကြတဲ့သူ အရေအတွက်ကတော့ နည်းပါးလှပါတယ်။ အရှေ့အလယ်ပိုင်းကို သွားကြသူတွေထဲမှာ - အင်ဒိုနီးရှားနဲ့ မလေးရှားက အယောက် ၈၀၀၊ သြစတြေးလျက ခန့်မှန်းချေ ၁၀၀ လောက်နဲ့ စင်္ကာပူနဲ့ ဖိလစ်ပိုင်နိုင်ငံတွေဆီက အနည်းငယ် ပါဝင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြတာပါ။

ဒါပေမဲ့လည်း IS အဖွဲ့အနေနဲ့ အရှေ့တောင်အာရှမှာ တခြား စစ်သွေးကြွအဖွဲ့တွေနဲ့ ပေါင်းပြီး တိုက်ခိုက်မှုတွေ ပိုလုပ်လာမှာ၊ အထူးသဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ရထားတဲ့ ဒေသတွေမှာ စိုးရိမ်မှုတွေလည်း တိုးလာနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် - မလေးရှားရဲ့ Sabah ပြည်နယ်နဲ့ အင်ဒိုနီးရှားရဲ့ Sulawesi ကျွန်းတို့နဲ့ နယ်နမိတ်ချင်းဆက်နေတဲ့ ဖိလစ်ပိုင်တောင်ပိုင်းက Sulu ပင်လယ်ပြင်ပဲ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံက Basilan ခရိုင်မှာရှိတဲ့ မတူတဲ့ လူမျိုးနွယ်စုတွေကို ကိုယ်စားပြုထားတဲ့ စစ်သွေးကြွ အနည်းဆုံး ၄ ဖွဲ့ကနေ ၅ ဖွဲ့လောက်အထိဟာ IS စစ်သွေးကြွအဖွဲ့အပေါ် သစ္စာခံခဲ့ကြတဲ့အတွက် - ဒါဟာဆိုရင် - လုံး၀ မတူတဲ့ အုပ်စုတွေကို IS အဖွဲ့က ပေါင်းစည်းပေးနိုင်စွမ်း ရှိတယ်ဆိုတာ ခိုင်မာတဲ့ သက်သေတခုပါပဲ။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း - Basilan မှာရှိတဲ့ ဖိလစ်ပိုင်လုံခြုံရေး တပ်ဖွဲ့တွေကို IS အပေါ် သစ္စာခံထားတဲ့ အဖွဲ့တွေက တိုက်ခိုက် ခဲ့တာဖြစ်တယ်လို့ ပြောဆိုထားတာပါ။ ဒီတိုက်ခိုက်မှုဟာ - အရှေ့တောင်အာရှ အသိုင်းအဝိုင်းအပေါ် ဆက်တိုက် ခြိမ်းခြောက် အကြမ်းဖက်မှုတွေ လုပ်မယ်ဆိုတာကို သတိပေးချက်တခုပဲလို့ - စင်္ကာပူနိုင်ငံ နန်ယန်းနည်းပညာတက္ကသိုလ် ပါမောက္ခ Joseph Liow ကလည်း မကြာသေး ခင်က Brookings Institute အစီရင်ခံစာထဲမှာ ပြောဆိုခဲ့ဖူးပါတယ်။

မလေးရှားနဲ့ အင်ဒိုနီးရှားက အကြမ်းဖက်သမားအများစု ပါဝင်တဲ့ Katibah Nusantara အရှေ့တောင်အာရှအဖွဲ့ခွဲတခုကို IS အဖွဲ့က ၂၀၁၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာပါ။ အရှေ့တောင်အာရှအပေါ် IS ရဲ့ အာရုံစိုက်မှု တိုးလာပေမဲ့လို့လည်း - ဒေသတွင်းအစိုးရတွေက - လုံခြုံရေး တင်းကြပ်ထားပြီး၊ အကြမ်းဖက်ခြိမ်းခြောက်မှုကို ထိန်းချုပ်ခဲ့တာပါ။ အစိုးရတွေဘက်က ဒီလိုတွေ လုပ်ဆောင်နေပေမဲ့လို့လည်း အန္တရာယ်လွန်မြောက် သွားပြီလို့ မဆိုနိုင်တဲ့အကြောင်း ပါမောက္ခ ဂျိုးဇက် က သတိပေးပါတယ်။

ထိုင်းတောင်ပိုင်းက မူဆလင်သူပုန်အဖွဲ့တွေနဲ့ IS အဖွဲ့တို့ ဆက်နွယ်နေတဲ့ အထောက်အထားတွေဟာလည်း သြစတြေးလျအာဏာပိုင်တွေရဲ့ မကြာသေးခင်က စုံစမ်းစစ်ဆေးမှုမှာ ထွက်ပေါ်လာခဲ့တာပါ။ ၂၀၀၄ ခုနှစ်မှာ စတင်ခဲ့တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက ပုန်ကန်မှုတွေကြောင့် လူပေါင်း ၆ ထောင်ကျော် သေဆုံးခဲ့တယ်လို့လည်းပြောဆိုထားကြပါတယ်။

ဒါပေမဲ့ သူတို့တွေက ထိုင်းနိုင်ငံကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရရှိဖို့ ဒါမှမဟုတ် လွတ်လပ်ရေးရဖို့ကို အဓိက အာရုံစိုက် လုပ်ဆောင်နေ တာဖြစ်ပြီး၊ နိုင်ငံတကာအဆင့်အထိတော့ ကျယ်ပြန့်မှု မရှိပါဘူး။ ထိုင်းရဲတပ်ဖွဲ့ကတော့ - ဒီသူပုန်တွေဟာ IS နဲ့ ပတ်သက်မှုရှိတယ်ဆိုတာကို ထပ်တလဲလဲ ငြင်းဆန်ထားပါတယ်။

သြစတြေးလျနိုင်ငံရဲ့ အစီရင်ခံစာမှာတော့ ထိုင်းနိုင်ငံကနေ IS တွေကို ဘဏ္ဍာရေးအကူအညီပေးနေရုံသာမက Facebook သုံးသူ တသိန်းလောက်ဟာ စစ်သွေးကြွတွေရဲ့ ဝဘ်ဆိုဒ်တွေကို ဝင်ရောက်နေတယ်လို့လည်း ဖော်ပြခဲ့တာပါ။ ထိုင်းနိုင်ငံက Prince of Songkla တက္ကသိုလ်က ပါမောက္ခ Srisompob Jitromsri ကတော့ ထိုင်းတောင်ပိုင်းက သူပုန်တွေနဲ့ IS တွေကြား တိုက်ရိုက်ဆက်နွယ်မှု မတွေ့ရပေမဲ့ စောင့်ကြည့်ဖို့တော့ လိုမယ်လို့ ဆိုပါတယ်။

“တောင်ပိုင်းဒေသနဲ့ ပတ်သက်လို့ ကျနော်လေ့လာထားသလောက် ၁၀ ရာခိုင်နှုန်းနဲ့အောက် တဝိုက်မှာရှိတဲ့ သူတွေဟာ IS တွေရဲ့ အယူအဆကို လက်ခံကြပါတယ်။ ဒါဟာအတော်လေးများပါတယ်။ စိုးရိမ်စရာလည်း ကောင်းပါတယ်။ IS တွေရဲ့ လုပ်ရပ်ကို လက်ခံတဲ့သူ အရေအတွက်က ၈ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိရှိပါတယ်။” လို့ ပါမောက္ခ Srisompob ကပြောဆိုခဲ့တာပါ။

သြစတြေးလျနိုင်ငံ Lowy တက္ကသိုလ်က Roger Shanahan ကတော့ အီရတ်နဲ့ ဆီးရီးယားတို့လို စစ်မြေပြင်က ပြန်လာသူတွေဟာ IS စစ်သွေးကြွတွေကို စာနာတဲ့ လူ့အသိုင်းအဝိုင်းတွေဆီ ပြန်လာကြမယ်ဆိုရင် အန္တရာယ်ရှိနိုင်တယ်လို့ ဆိုပါတယ်။

“ပြည်ပက ပြန်လာတဲ့ တိုက်ခိုက်ရေးသမားတွေဟာ အရေအတွက် မများရင်တောင်မှ သူတို့မှာ အရည်အချင်းကတော့ ရှိနေကြမှာပါ။ သူတို့သိထားသမျှကို ပြန်လည်လက်ဆင့်ကမ်းကြမှာဖြစ်သလို၊ စစ်ဆင်ရေး၊ လုံခြုံရေးနဲ့ ဗုံးလုပ်နည်းလို အစီအစဉ်တွေကိုလည်း ပိုပြီးနားလည်နိုင်တာကြောင့် စိုးရိမ်စရာကောင်းပါတယ်။” လို့ ပြောဆိုခဲ့တာပါ။

အဟန့်အတားတွေကို ကျော်လွှားနိုင်ဖို့ လူအနည်းအကျဉ်းသာလိုပြီး အားလုံးကို မိမှာမဟုတ်တာကြောင့် ခြိမ်းခြောက်မှုတွေဟာလည်း ရှိနေဦးမှာဖြစ်ပြီး ဒီအတွက် ပြင်ဆင်ထားဖို့လိုမှာဖြစ်သလို၊ အစိုးရတွေ အနေနဲ့လည်း ဖြစ်နိုင်ချေရှိတဲ့ တိုက်ခိုက်မှုတွေအတွက် အစီအမံတွေလိုအပ်လိမ့်မယ်လို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

အရှေ့တောင်အာရှ နှင့် IS အန္တရာယ်
please wait

No media source currently available

0:00 0:04:34 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG