သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန်မြို့တော်ဝန်ဆုပေးပွဲနှင့် ဆန္ဒပြကန့်ကွက်မှု


Freedom of the City ဂုဏ်ထူးဆောင်ဆု ချီးမြှင့်တဲ့ အခမ်းအနားရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
Freedom of the City ဂုဏ်ထူးဆောင်ဆု ချီးမြှင့်တဲ့ အခမ်းအနားရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

လန်ဒန်မြို့မှာရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို Freedom of the City ဂုဏ်ထူးဆောင်ဆု ချီးမြှင့်တဲ့ ဒီကနေ့မှာပဲ ဒေါ်စုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြသလို၊ ထောက်ခံတဲ့ Online လှုပ်ရှားမှုတွေလည်း လုပ်ခဲ့ကြပြီး လန်ဒန်ရောက် မြန်မာနိုင်ငံသားတွေကြားမှာ အကွဲကွဲအပြားပြားဖြစ်နေခဲ့ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လန်ဒန်မြို့တော်ဝန်နဲ့ မြို့တော်ကောင်စီက Freedom of the City ဂုဏ်ထူးဆောင်ဆုကို ဒီကနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ ချီးမြှင့်ခဲ့တာပါ။ ၁၃ ရာစုနှစ် ကတည်းက အစဉ်အဆက် ချီးမြှင့်လာခဲ့တဲ့ အဲဒီဆုကို လန်ဒန် Guildhall ခမ်းမမှာ ချီးမြှင့်တာ ဖြစ်ပါတယ်။ အဲဒီဆုပေးပွဲ အခမ်းအနားနဲ့ မလှမ်းမကမ်းမှာပဲ ဗြိတိန်ရောက် ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေနဲ့ ကချင်လူမှုအဖွဲ့အစည်းတွေက သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

လန်ဒန် ဆန္ဒပြကန့်ကွက်မှု
လန်ဒန် ဆန္ဒပြကန့်ကွက်မှု

“ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်လွတ်မြောက်ဖို့ ကျနေ်ာတို့ အမျိုးမျိုးကြိုးစားခဲ့တယ်။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာတဲ့အချိန်မှာ တိုင်းရင်းသား လူနည်းစုတွေကို သစ္စာဖောက်တယ်။ စစ်တပ်နဲ့ ရင်ကြားစေ့ရေးဆိုတဲ့ မအောင်မြင်တဲ့ လုပ်ရပ်ကို အကြောင်းပြုပြီး တိုင်းရင်းသားတွေကို လစ်လျူရှု့ခဲ့တယ်။ ဘာသာခြားတွေကို လစ်လျူရှု ခဲ့တယ်။ မနေ့တနေ့ကပဲ သာကေတမှာ ဗလီ ၂ ခု ပိတ်ခံရတယ်။ မြန်မာနိုင်ငံ အနှံ့မှာရှိတဲ့ မွတ်စလင်တွေ ဝတ်ပြုဖို့ ဗလီတွေ အပိတ်ခံရတယ်။ ဒေါ်အောင်ဆန်းစုကြည် လူလိမ် ဖြစ်တယ်။ Suu Kyi is Liar … “

ဆန္ဒပြသူတွေဟာ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ဖိနှိပ် ချုပ်ခြယ် ခံနေရတဲ့ ကိစ္စကို ဝေဖန်ထောက်ပြ ခဲ့ကြသလို၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေတဲ့ ကိစ္စ နိုင်ငံတကာ စုံစမ်းရေးအဖွဲ့တွေ ဝင်ရောက် စစ်ဆေးခွင့်ပေးဖို့ ကိုလည်း တောင်းဆို ခဲ့တာပါ။

လန်ဒန်အခြေစိုက် ကချင်လူမှုအဖွဲ့အစည်း KCUK ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်တွေကို ကိုယ်စားမပြုကြောင်းနဲ့ ကချင်လူထု အကျိုးစီးပွားကို ဆန့်ကျင်မယ့် ဗြိတိန်ရဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ၊ မြန်မာစစ်တပ်ကို ထောက်ခံမှုပေးမယ့် ဗြိတိန်ဘုရင့် တပ်မတော်ရဲ့ ဘယ်လို အထောက်အပံ့မျိုးကိုမှ လက်မခံ ကန့်ကွက်ကြောင်း KCUK ရဲ့ကြေညာချက်မှာ ဖေါ်ပြ ထားပါတယ်။ KCUK အဖွဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ လခွန်လဖိုင် ဇော်လီက သူတို့ဆန္ဒပြရတဲ့ အကြောင်းကို ပြောပါတယ်။

“နံပတ် ၁ အချက်အနေနဲ့ကတော့ UK မှာရှိတဲ့ ကချင်လူထုကို ကိုယ်စား မပြုဘူးဆိုတဲ့ အကြောင်းကို ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကနေ့ သူက Award တခုကို လက်ခံ မှာပေါ့နော်၊ နောက် ဘုရင်မနဲ့လည်း တွေ့တယ်ဆိုတော့ ဒီသူတို့ စီးပွားရေးတွေ ဘာတွေ လုပ်လာနိုင်တယ် ကချင်ပြည်နယ်မှာပေါ့နော်။ ဆိုတော့ ဒီစီးပွားရေးကို ကချင်ပြည်နယ် မငြိမ်းချမ်းသေး ခင်မှာပေါ့နော် မလုပ်ကြဖို့ ဒါတွေ အဓိကအကြောင်း အနေနဲ့ ပါဝင်တယ်လို့ ပြောချင်တယ်။ အားမလို အားမရဖြစ်တယ် ဆိုတာကတော့ ဥပမာ ဒီ NCA ကိုလက်မှတ်ထိုးဖို့ တဖက်သတ်ပြောတယ်လို့ ကျနော်တို့မြင်တယ်။ တကယ်တမ်း ဆိုရင်တော့ တိုက်ပွဲဖြစ်နေတဲ့ ၂ဖက်ပေါ့နော် ၊ အစိုးရ စစ်တပ်ကိုရော၊ လက်နက်ကိုင် စစ်တပ်ကိုရော ၂ဖက်စလုံးကို မျှမျှတတ အတိုင်ပင်ခံ ပုဂ္ဂိုလ်တဦးအနေနဲ့ ပြောရင်တော့ ပိုပြီးမှ စွက်ဖက်လို့ရတဲ့ အတိုင်းအတာ တခုအနေနဲ့ အထိတော့ စွက်ဖက်စေချင်ပါတယ်။”

တဖက်က ဆန္ဒပြ ကန့်ကွက်မှုတွေ ရှိနေချိန်မှာပဲ ဗြိတိန်မှာရှိတဲ့ မြန်မာလူမှုအသင်း ကလည်း အဲဒီလို ဆန္ဒပြတာတွေကို ကန့်ကွက်လိုက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည် လုပ်ဆောင်မှုတွေကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ We Stand with you ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ တန်ပြန် လှုပ်ရှားမှုတခုအတွက် Online ကနေ လက်မှတ်ကောက်ခံ ခဲ့ရာမှာ စုစုပေါင်း ၄-ထောင်ကျော် ရရှိခဲ့ပြီး လန်ဒန်မြို့တော်ဝန်ဆီ ဒီလက်မှတ်တွေ ပေးပို့သွားမယ်လို့ မြန်မာလူမှုအသင်း တာဝန်ခံတဦးဖြစ်တဲ့ ကိုမင်းဟိန်းက ပြောပါတယ်။

“အမေစုကို ဆန့်ကျင်ဆန္ဒပြတဲ့ ဒီရိုဟင်ဂျာအဖွဲ့နဲ့ ကချင်အဖွဲ့က မဟုတ်တာတွေ စွပ်စွဲ ပြီးတော့ လုပ်တော့ ကျနော်တို့အဲဒါကို မကျေနပ်လို့ ဒါကို ရှုံ့ချတဲ့ အနေနဲ့ Online ကနေ လက်မှတ် ကောက်ခံ ခဲ့တယ်။ အဲဒါအခု ၄ ထောင်ကျော် ရနေပြီပေါ့နော်။ သူတို့ အဓိကပြောတာကတော့ ဒီရခိုင်ပြည်နယ်မှာရှိတဲ့ လူတွေရဲ့အခက်အခဲတွေ ရှိတယ်။ အဲဒီအခက်အခဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်က သေချာ အသံမထွက်ခဲ့ဘူး၊ မကိုင်တွယ် ခဲ့ဘူးလို့ပြောလို့ တကယ်တော့ အမေစုက ဒေါက်တာကိုဖီအာနန် နဲ့ ကော်မရှင် အဖွဲ့ကို အကူအညီတောင်းပြီးတော့ စုံစမ်းစစ်ဆေးထားပါတယ်။ ပြီးသွားတော့ နောက်ပိုင်း NLD အစိုးရအနေနဲ့ ဒီအချက်အလက်တွေကို အကောင်အထည်ဖော်ဖို့လည်း လုပ်နေပါတယ်။ ဒီလုပ်နေတဲ့ အချိန်မှာ တဖက်သက် စွပ်စွဲပြီးပြောလို့ Online Campaign ကိုလုပ်ခဲ့တာပါ။”

ဒီ တန်ပြန်လှုပ်ရှားမှုကို လန်ဒန်မြို့တော်ဝန် Sadiq Khan ကလည်း ထောက်ခံပြီး ဒေါ်အောင်ဆန်းစုကြည် ဘက်က ရပ်တည်ကြောင်း ပြောထား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်ရောက် မြန်မာနိုင်ငံသား ၃၀၀ လောက်နဲ့ လန်ဒန်မြို့ Marylebone ဟိုတယ်မှာ မေလ ၉ရက် မနက်ဖြန် မနက်ပိုင်းမှာ တွေ့ဆုံဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG