သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေကို ကျွန်း မှာ ရွှေ့ပြောင်းထားဖို့ Bangladesh စီစဉ်


ရိုဟင်ဂျာမွတ်ဆလင် ဒုက္ခသည်
ရိုဟင်ဂျာမွတ်ဆလင် ဒုက္ခသည်

မြန်မာနိုင်ငံဘက်ကရောက်လာတဲ့ ရိုဟင်ဂျာမွတ်ဆလင် သောင်းနဲ့ချီကို ဘင်္ဂလားဒေရှ့်အစိုးရက ဝေးလံတဲ့ကျွန်းတခုဆီပို့ဆောင်ဖို့ စီစဉ်နေပါတယ်။

ဘင်္ဂလားပင်လယ်အော်ထဲမှာရှိတဲ့ Thengar Char ကျွန်းကို ရိုဟင်ဂျာတွေကို ပို့ဖို့အတွက် အစိုးရက ကော်မတီတရပ်ဖွဲ့ပြီးဆောင်ရွက်နေတယ်လို့ The Indian Express သတင်းစာမှာဖော်ပြထားပါတယ်။

ကော်မတီအနေနဲ့ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူတွေရော မှတ်ပုံမတင်ရသေးသူတွေကိုပါ Noakhali ခရိုင်ထဲက Thengar Char ကျွန်းကို ပို့ဆောင်နိုင်ရေးကူညီဆောင်ရွက်မှာဖြစ်တယ်လို့ ဝန်ကြီးဌာနများဆိုင်ရာရုံးက ပြီးခဲ့တဲ့ သီတင်းပါတ်မှာ ကြေညာချက်ထုတ်ပြန်ခဲ့တယ်လို့ ရေးထားပါတယ်။ Meghna မြစ်ဝနားမှာတည်ရှိတဲ့ အဲဒီကျွန်းဟာ ရိုဟင်ဂျာတွေ လက်ရှိခိုလှုံနေကြတဲ့ နေရာကနေ ၉ နာရီကြာသွားရမှာဖြစ်တယ်လို့ သတင်းထဲမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံကနေ လတ်တလောရောက်လာကြတဲ့ ရိုဟင်ဂျာ ၆ သောင်းခွဲအပြင် အရင်ထဲက ဘင်္ဂလားဒေရှ့်မှာ မှတ်ပုံတင်ထားပြီးသားရော မတင်ရသေးတာပါ စုစုပေါင်း ရိုဟင်ဂျာ ၂ သိန်း ၃ သောင်းကျော်ရှိပြီး အများစုဟာ Cox’s Bazar က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတယ်လို့ The Indian Express ရဲ့သတင်းမှာ ပြောထားပါတယ်။ သီးခြားသီတင်းကတော့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကုလမဂ္ဂအတွင်းရေးမှူးချုပ် အထူးအကြံပေးဟောင်း Ghassan Salame၊ ဦးဝင်းမြနဲ့ ဦးအေးလွင်တို့ဟာ ပြီးခဲ့တဲ့ စနေ တနင်္ဂနွေရုံးပိတ်ရက်အတွင်း Cox's Bazar ခရိုင်ကိုသွားရောက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

Daily Star သတင်းမှာဖော်ပြချက်အရ ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဝင်တွေဟာ ရိုဟင်ဂျာ ၁၉ ယောက်ကို သီးသန့်တေ့ွဆုံခဲ့ပြီး တွေ့ဆုံခဲ့ကြသူတွေက သူတို့ မြန်မာနိုင်ငံမှာ ဘယ်လိုနှိပ်စက် ဖိနှိပ်ခံရတယ်ဆိုတဲ့ အကြောင်းတွေကို ပြောခဲ့ကြတယ်လို့ဆိုပါတယ်။ အကြံပေးကော်မရှင်အဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာနိုင်ငံကို မပြန်ခင် Dhaka မြို့တော်မှာ နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali နဲ့လည်း တေ့ွဆုံကြမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းရေးလုပ်စဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေရှ့်ဖက်ကို ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG