သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအထူးသံတမန်အဖွဲ့ ဘင်္ဂလားဒေ့ရ်ှ သွားရောက်မည်


နယ်စပ်မှ ထွက်ပြေးလာသော မွတ်ဆလင်ဒုက္ခသည်တွေ
နယ်စပ်မှ ထွက်ပြေးလာသော မွတ်ဆလင်ဒုက္ခသည်တွေ

ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေအပါအဝင် နှစ်နိုင်ငံအကြားရှိနေတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့အတွက် မြန်မာအစိုးရဘက်က ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင့် ဦးဆောင်တဲ့ အထူးသံတမန်အဖွဲ့ကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို စေလွှတ် လိုက်ပါတယ်။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဒါက္ကာမြို့ကို မနက်ဖြန် ဆိုက်ရောက်မယ့် အဲဒီ အထူးသံတမန်အဖွဲ့ဟာ မြန်မာပြည်ကနေ ဘင်္ဂလားဒေ့်ရ်ှဖက်ကို ထွက်ပြေး လာတယ်ဆိုတဲ့ မွတ်ဆလင် ဒုက္ခသည်တွေ အရေးကိစ္စကို လည်း ဆွေးနွေးဖွယ် ရှိနေပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော် သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့သတင်းပတ်က ဝင်ရောက်လာသူ၂သောင်းကျော်အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရခိုင်ပြည်နယ်မြောက်ပိုင်းက ထွက်ပြေးသွားသူ ၆သောင်းခွဲကျော်လောက်ရောက် ရှိနေပြီး ဘင်္ဂလားဒေ့ရှ်အခြေစိုက် ကုလသမဂ္ဂရုံးရဲ့ သတင်းထုတ်ပြန်မှုကိုကိုးကားပြီး နိုင်ငံတကာသတင်းမီဒီယာတွေကဖော်ပြကြတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းမြို့ အခြေစိုက် ကုလားတန် သတင်းဌာနရဲ့ အယ်ဒီတာဦးတင်စိုးကတော့ လက်ရှိ ရရှိထားတဲ့ သတင်းအချက်အလက် ကိုအခုလိုပြောပါတယ်။

“ဒီမှာကျနော်တို့ သိသလောက်ဆိုရင် ၄ သောင်း ၅ သောင်းလောက်ပြောနေကြတယ်။ ကျနော်တို့ reporter တွေပြောတာကတော့ Nearly 40 thousands လောက်ရှိမယ်၊ ၄သောင်းလောက်ပေါ့။ ဒါပေမယ့် ပြောနေတာကတော့ ၅ သောင်း၊ ၆ သောင်းလောက်ပြောနေကြတာပဲ။ ဒေသခံတွေပြောနေတာကတော့ အဲဒီလောက်ပဲ၊ ဒါပေမယ့် ဒီမှာကျနော်တို့ အလုပ်လုပ်နေတဲ့ activists တွေရဲ့သတင်းအရတော့ ကျနော်တို့ ၄သောင်းလောင်တော့ တွက်ထားတယ်။ ကျနော်တို့တွက်ထားတာက ရတဲ့သတင်းအချက်အလက်ပေါ်မှာ ကျနော်တို့ တွက်ထားတာပါ။”

ထွက်ပြေးလာသူအများစုဟာ Cox’s Bazaar ခရိုင်အတွင်းက ဒုက္ခသည်စခန်းနဲ့ နီးစပ်ရာ ကျေးရွာတွေမှာ နေထိုင်နေကြကြောင်းလည်းဦးတင်စိုးကဆက်ပြောပါတယ်။

“သူတို့နေတာကတော့ အထူးသဖြင့် အများစုကတော့ တရားမဝင် ဒုက္ခသည်စခန်း မှာတွေ အများကြီးရှိတယ်။ ဒါပေမယ့် အဲဒီမှာရှိတဲ့လူတွေကတော့ နယ်စပ်တလျှောက်ကျေးရွာတွေမှာရှိတယ်။ အရင်က စုထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာရှိတယ်။ အဲဒီနေရာတွေမှာပဲ သူတို့ရှိတယ် နယ်စပ်တလျှောက်ပေါ့ မြို့မှာတော့မသွားဘူး Cox’s Bazaar ခရိုင်အတွင်းမှာပဲ။ဒီတလျှောက်မှာပဲ ရှိတယ်။”

ဒီလို ထွက်ပြေးလာသူတွေဟာ လုံခြုံရေးတပ်ဖွဲဝင်တွေက လူ့အခွင့်အရေးကျူးလွန်တာတွေကြောင့် တိမ်းရှောင်လာတာလို့ ပြောဆိုပြီးလောလောဆည်မှာနေရာထိုင်ခင်း၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးဆိုင်ရာအခက်အခဲတွေ တွေ့နေကြကြောင်းလည်းပြောပါတယ်။

မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတရုံးရဲ့ ပြောခွင့်ရသူဦးဇော်ဌေးကတော့ နှစ်နိုင်ငံနယ်စပ်လုံခြုံရေး တင်းကျပ်ထားတဲ့အချိန်မှာလူ ၆သောင်းခွဲလောက်ရောက်ရှိတယ်ဆိုတာ စဉ်းစားစရာ ဖြစ်ကြောင်းထောက်ပြပါတယ်။

“သူတို့မောင်တောမှာ အောက်တိုဘာလ ၉ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီးတဲ့အချိန် နိုင်ငံတာကာက တောင်းဆိုနေတာ ဘာလဲဆိုတော့ ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ နယ်စပ်ဂိတ်တွေ ပိတ်ထားလို့ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ဖွင့်ပေးပါဆိုပြီးတော့ ကုလသမဂ္ဂအပါအဝင်၊ နိုင်ငံတကာ အသိုင်းအဝိုင်းကပြောနေတယ်၊ သူတို့ကလည်း ပိတ်ထားတယ်လို့ပြောတယ်။ ဒီနယ်စပ်ဝင်ပေါက်တော့ အဲဒီတော့ ပိတ်ထားတဲ့ အထဲမှာ ဒီ ၆ သောင်းခွဲက အထဲကို ဝင်သွားတယ်ဆိုတော့ ဒီသတင်းတွေအရ ဖြစ်နိုင်ခြေရှိပါ့မလားဆိုပြီးတော့ ဖြစ်တယ်ပေါ့နော်။ ကျနော်တို့ဘက်ကတော့ ထွက်ပြေးသွားတဲ့လူတွေ အဲဒီမှာဖမ်းဆီးပြီးတော့ ဒီဘက်မှာ ခေါ်နေတာဖြစ်တယ်။”

လာမယ့် ဗုဒ္ဓဟူးနေ့မှာ မြန်မာအထူးသံတမန်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ချိန်မှာဒီအရေးကိုတင်ပြလာရင် ဆွေးနွေးသွားမှာဖြစ်ကြောင်း လည်းဦးဇော်ဌေးကဆက်ပြောပါတယ်။

“သို့သော် ဒီလ ၁၁ ရက်နေ့မှာ မနက်ဖြန်ဆိုရင် ကျနော်တို့ဆီက နိုင်ငံခြားရေး ဒုဝန်ကြီး ဦးကျော်တင့် ဦးဆောင်တဲ့ အဖွဲ့တဖွဲ့သွားပါလိမ့်မယ်။ သွားတဲ့အခါမှာ မြန်မာနိုင်ငံ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး၊ ဆက်ဆံရေး တိုးမြင့်ရေးအပါအဝင် ကိစ္စရပ်တော်တော်များများ ဆွေးနွေးမှာဖြစ်တယ်။ ဆွေးနွေးမယ့်အချက်တွေမှာ သူတို့ ဒီ Issue ကို Raise လုပ်ရင် ဆွေးနွေးပါလိမ့်မယ်။ လောလောဆယ် ၆ သောင်းခွဲဆိုတာကတော့ ကျနော်တို့ လက်တွေ့က စဉ်းစားစရာ အရေအတွက်ဖြစ်တယ်။ သို့သော် ဒီဟာတွေကတော့ ဒုဝန်ကြီးဦးဆောင်တဲ့ အထူးသံတမန်အဖွဲ့ သွားတဲ့အချိန်မှာတော့ ဒါတွေ သူတို့ ဘက်က စားပွဲပေါ်တင်လာရင်တော့ ဆွေးနွေးပါလိမ့်မယ်။”

မြန်မာအထူးသံတမန်အဖွဲ့ရဲ့ ခရီးစဉ်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံဆွေးနွေးဖွယ်ရှိနေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာအကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီးနယ်မြေရှင်းလင်း ရာမှာကျေးရွာတွေ မီးရှိုတာ၊ အဓမ္မပြု့ကျင့်တာ၊ ညှင်းပန်းနှိစက်သတ်ဖြတ်တာ စတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ်မှာတော့ မြန်မာအစိုးရဖက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုတိုင်ကြားဖို့နဲ့ မှန်ကန်တယ်ကို ဥပဒေအရအရေးယူမှာဖြစ်ကြောင်းကြေညာချက် ထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေ ကမောင်တောမြို့နယ် ကိုးတန်ကောက်ကျေးရွာမှာရဲတပ်ဖွဲ့ဝင်တွေက ရွာသားတွေကို ရိုက်နှက်တဲ့ ဗီဒီယိုဖိုင်တွေ ပျံနှံခဲ့တဲ့နောက် ကျူးလွန်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကို အရေးယူနေကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီကသတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG