သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေပြန်လက်ခံဖို့ ဘင်္ဂလားဒေ့ရ်ှဝန်ကြီးချုပ် မြန်မာကို တိုက်တွန်း


 မြန်မာနိုင်ငံခြားရေး ဒုတိယ ဝန်ကြီး ဦးကျော်တင် နဲ့ ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် (MOFA)
မြန်မာနိုင်ငံခြားရေး ဒုတိယ ဝန်ကြီး ဦးကျော်တင် နဲ့ ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် (MOFA)

ဘင်္ဂလားဒေရှ့် နိုင်ငံထဲကို ရောက်ရှိနေတဲ့ မြန်မာဘက်က ဝင်ရောက်လာသူတွေ အားလုံးကို ပြန်ခေါ်ဖို့ ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ်က မြန်မာဘက်ကို တောင်းဆိုပါတယ်။ မြန်မာနိုင်ငံဘက်က ဝင်ရောက်လာသူတွေလို့ ဘင်္ဂလားဒေရှ့် ဘက်က ပြောဆိုထားသူတွေကို မြန်မာနိုင်ငံဘက်က ဟုတ်မဟုတ် ဆိုတာကို မစိစစ်ရသေးချိန်မှာ သဘောတူရေး မတူရေးထက် မှတ်ချက်တောင် မပေးနိုင်ဘူးလို့ မြန်မာဘက်က ပြောဆိုလိုက်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင်း အကြမ်းဖက်မှုတွေနောက်ပိုင်း ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို လူပေါင်း သောင်းနဲ့ချီ ထွက်ပြေးလာတယ်လို့ ကုလသမဂ္ဂက ပြောဆိုမှုတွေ ထွက်ပေါ်လာချိန်မှာဘဲ မြန်မာနိုင်ငံခြားရေး ဒုတိယ ဝန်ကြီး ဦးကျော်တင်ဦးဆောင်တဲ့ မြန်မာသံကိုယ်စားလှယ် အဖွဲ့က ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ်နဲ့ ဒါကာမြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံခဲ့ကြတာမှာ မြန်မာဘက်ကနေ ဘင်္ဂလားဒေရှ့်ဘက်ကို ဝင်ရောက်လာသူတွေ အားလုံးကို ပြန်ခေါ်ဖို့ မြန်မာ သံကိုယ်စားလှယ် အဖွဲ့ကို ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျ ကတော့ ဆွေးနွေးပွဲ အခြေအနေကို အခုလို ပြောပါတယ်။

“သူတို့ဘက်ကတော့ အနေအထားတခုအရ သူတို့ဆီမှာ figure တွေအများကြီးရှိတယ်ပေါ့လေ။ အဲဒါတွေတော့ ပြန်ခေါ်ပေးဖို့အတွက်ပြောတာပါခင်ဗျ။

မေး။ ။ ဆရာတို့ အခု UN ကပြောတဲ့ လောလောဆယ် ၆ သောင်းခွဲဆိုတဲ့ အရေအတွက်အပေါ်မှာရော နှစ်ဘက်ပေါ့နော် ဒီကိစ္စနဲ့ ပတ်သက်ပြီး သဘောတူကြပါသလားရှင့်။

ဖြေ။ ။ သဘောတူဖို့ဆိုတဲ့ စာကားလေးက တော်တော်လေးကောင်းတဲ့ စကားလေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ နိုင်ငံတကာက UN ကပြောတဲ့ ဂဏန်းလည်းပါတယ်၊ သတင်းစာတွေမှာလည်း ပါနေတယ်။ ကျနော်တို့တွေ တခုခုကို သဘောမတူခင်မှာ ဒီ ဂဏန်းတွေက မှန်ကန်မှုရှိမရှိအကုန်စိစစ်ပြီးတော့မှပဲ ကျနော်တို့အနေနဲ့ မှတ်ချက် တစုံတရာပြောလို့ရမှာပါ။ သဘောတူတဲ့အဆင့်အထိ ပြောဖို့နေနေသာသာ ကျနော်တို့အနေနဲ့ မှတ်ချက် ပေးဖို့တောင်မှ ခိုင်ခိုင်မာမာစစ်ပြီးမှ ပြောလို့ရပါမယ်။

မေး။ ။ ဟုတ်ကဲ့ ဆရာတို့ စစ်ဆေးဖို့ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ရော ဘာများဆွေးနွေးဖြစ်ပါသလဲရှင့် အခုခရီးစဉ်အတွင်း။

ဖြေ။ ။ ဒီခရီးစဉ်ကတော့ special envoy ပေါ့နော့် အထူးသံတမန်ရဲ့ ခရီးစဉ်အနေအထားမျိုးဖြစ်ပါတယ်။ ခုနက ဆရာမတို့ပြောတဲ့အနေအထားဆိုရင် အသေးစိတ် အနေအထားလေးတွေရှိပါတယ်ခင်ဗျ။ ဒီလိုခရီးစဉ်မျိုးမှာတော့ ၂ နိုင်ငံ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ overall subject အားလုံးပေါ့နော် ဘာသာရပ်အားလုံးကို ဆွေးနွေးတဲ့အနေအထားပါ။ ဆရာမတို့ပြောတဲ့အနေအထားကတော့ တကယ့်ကို အသေးစိတ်ဟာမျိုးပေါ့။ ဒီလိုမျိုးခရီးစဉ်မှာတော့ အဲဒီလောက်အသေးစိတ်တွေတော့ ဆွေးနွေးလေ့မရှိပါဘူးခင်ဗျ။”

မြန်မာ သံကိုယ်စားလှယ် အဖွဲ့ရဲ့ ၃ ရက်ကြာ ဘင်္ဂလားဒေရှ့် နိုင်ငံ ခရီးစဉ် အတွင်းမှာတော့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီး၊ နိုင်ငံခြားရေး အတွင်းဝန်တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးပွဲတွေ အတွင်းမှာတော့ နှစ်နိုင်ငံ လုံခြုံရေးနဲ့ နယ်စပ်အရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ဗွီအိုအေကို ပြောပါတယ်။

“အဓိကတော့ ၂ နိုင်ငံဆက်ဆံရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို တိုးမြှင့်ဆောင်ရွက်ရေးကိစ္စတို့နောက်ပြီးတော့ ၂ နိုင်ငံကြားမှာပေါ့နော် ဆိုင်းငံ့နေတဲ့ ၂ နိုင်ငံကြားဆွေးနွေးယန္တယားတွေ ပုံမှန်ပြန်လည် လည်ပတ်စေရေးကိစ္စတို့ နယ်စပ်ဒေသလုံခြံရေးတပ်ဖွဲ့တွေအကြား ပုံမှန်ထိတွေ့ဆက်ဆံရေး ကိစ္စတို့၊ နောက် ၂ နိုင်ငံ နယ်စပ်ဒေသပြန်လည်တည်ငြိမ် အေးချမ်လာစေရေးနဲ့ အကြမ်းဖက်သမားများ ဝင်ရောက်မလာစေရေးတို့ အတွက် သတင်းအချက်အလက် အပြန်အလှန် ဖလှယ်ရေးကိစ္စတို့ နောက် မကြာမီက ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးဝင်ရောက် သွားတဲ့ သူတွေကို စိစစ်ပြီးတော့ မြန်မာနိုင်ငံဘက်က အမှန်တကယ်ဝင်ရောက်လာသူတွေဖြစ်ရင်ပေါ့နော် ပြန်လည်လက်ခံရေးကိစ္စတို့ အဲဒါတွေကို ညှိနှိုင်း ဆွေးနွေးခဲ့ကြပါတယ်ခင်ဗျ။”

ဘင်္ဂလားဒေရှ့် အစိုးရဘက်ကတော့ မြန်မာဘက်က ဝင်ရောက်လာသူတွေလို့ ပြောဆိုထားသူ ၃ သောင်းကျော်က ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေကြပြီး ခန့်မှန်းခြေ ၃ သိန်းလောက်က စခန်းတွေ အပြင်မှာ နေထိုင်နေကြတယ်လို့လည်း ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုတဲ့ အကြောင်း ဘင်္ဂလားဒေရှ့် သတင်းတွေက ဖော်ပြပါတယ်။ ဘင်္ဂလားဒေရှ့်ဘက်ကို ရောက်နေတဲ့ မြန်မာနိုင်ငံဘက်က လူတွေ အဖြစ် စိစစ်ပြီးသား လူ ၂၀၀၀ လောက်ကို ပြန်ခေါ်မယ်ဆိုတဲ့ ဘင်္ဂလားဒေရှ့်နဲ့ မြန်မာနိုင်ငံကြား သဘောတူညီချက်က အရင် အစိုးရတွေ လက်ထက်ကတည်းက ရှိခဲ့တယ်လို့ ဒီလ အစောပိုင်းမှာဘဲ မြန်မာသမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက ဗွီအိုအေ မြန်မာပိုင်းကို ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG