သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအတွင်း တရုတ် ရင်းနှီးမြုပ်နှံမှုကြောင့် အချုပ်အခြာကို မထိပါးစေသင့်


One Belt, One Road ထိပ်သီးအစည်းအဝေးတက်ရောက်နေသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
One Belt, One Road ထိပ်သီးအစည်းအဝေးတက်ရောက်နေသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

တရုတ်နိုင်ငံရဲ့ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းဟာ မြန်မာနိုင်ငံအတွက် အကျိုးရလဒ်ကောင်းတွေ ရှိလာနိုင်တယ်လို မျှော်လင့်နေတဲ့ တချိန်ထဲမှာပဲ၊ နိုင်ငံရဲ့ အချုပ်အခြာ အာဏာအတွက် သတိထားရမယ့် အချက်တွေလည်း ရှိနေတယ်လို့ တရုတ်မြန်မာအရေး သုံးသပ်သူ တွေက ပြောဆိုလိုက်ပါတယ်။ ဒီစီမံကိန်းကို ဦးဆောင်လှုပ်ရှားနေတဲ့ တရုတ်နိုင်ငံဟာ ကမ္ဘာ့ အင်အားကြီးနိုင်ငံနေရာကို ရယူဖို့ ရည်ရွယ်ထားပုံရတယ် လို့လည်း သုံးသပ်ကြပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ ၂၁ ရာစု ပိုးလမ်းမကြီးနဲ့ ကုန်သွယ်ရေး ခါးပတ်လမ်းမကြီးစီမံကိန်းမှာ မြန်မာနိုင်ငံက ပါဝင်လာမယ်ဆိုရင် တရုတ်ရဲ့ ရင်းနှီး မြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး၊ ရေရှည်မှာ နိုင်ငံရဲ့အချုပ်အခြာ အာဏာ ခြိမ်းခြောက်ခံရတာမျိုး မဖြစ်ရအောင် သတိကြီးစွာ ထားဖို့ လိုတယ်လို့ တရုတ်မြန်မာအရေး သုံးသပ်သူ ရန်ကုန်မြို့နေ ဦးမောင်မောင်စိုးက ပြောပါတယ်။

“ကျနော်တို့တိုင်းပြည်ဟာ ဒီနိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ၊ ကျနော်တို့ တိုင်းပြည်သူတွေအတွယ် ဘယ်လောက် အကျိုးရှိမလဲ၊ ဒီရင်းနှီး မြှုပ်နှံမှုတွေကို ကျနော်တို့ ဘယ်လောက် ထိန်းချုပ်နိုင်မလဲဆိုတာ ပြဿနာရှိတယ်။ အခုကိုက ကျောက်ဖြူ စီးပွားရေးဇုံနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်ပြီးတော့ မြန်မာဘက်က တင်တာက ၅၀-၅၀ ရာခိုင်နှုန်းဖြစ်တယ်။ တရုတ်ကတောင်းတာက ၇၀-၃၀။ ၈၀-၂၀ ဆိုတဲ့အသံတွေ ထွက်နေတယ်။ ဒါက ပွင့်ပွင့်လင်းလင်းတော့ မရှိသေးဘူး ကျနော်တို့ အတိအကျတော့ မသိသေးဘူး။ အဲဒီလို တဖက်စောင်းပြီး ဖြစ်မယ်ဆိုရင် ကျနော်တို့ မြန်မာပြည်သူတွေအတွက် အကျိုးရှိမှာ မဟုတ်ဘူး။ နောက်တခုက အဲဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး ကျနော်တို့ တိုင်းပြည်က မထိန်းချုပ်နိုင်ဘူး ဆိုရင် ကျနော်တို့မြန်မာပြည်ရဲ့အချုပ်အခြာအာဏာနဲ့ ပတ်သက်ပြီးတော့ ပြဿနာ ရှိနိုင်တယ်လို့ လူထုအများစုက ယူဆတယ်။ ဆိုလိုတာက တရုတ်စီးပွားရေး လုပ်ငန်းက မြန်မာပြည်မှာရှိရင်၊ သူတို့ အကျိုးစီးပွားတွေ အများစုရှိရင် တရုတ်ကနေ ကျောက်ဖြူအထိ မီးရထားလမ်းဖောက်၊ ကားလမ်းဖောက် ဒီလမ်းကြောင်းတွေနဲ့ ပတ်သက်တဲ့ လုံခြုံရေးနဲ့ ဒီလမ်းကြောင်းတွေရဲ့ ထိန်းချုပ်ပိုင်ခွင့် အခွင့်အာဏာ ဘယ်သူ့ဆီမှာရှိမလဲ။ မြန်မာပြည်မှာ ရှိမလား၊ တရုတ်ပြည်မှာ ရှိမလား ဒီပြဿနာတွေက ကျနော်တို့မြန်မာပြည်ရဲ့ အချုပ်အခြာ အာဏာနဲ့ သက်ဆိုင်တယ်လို့ ထင်ပါတယ်။”

ကမ္ဘာ့နိုင်ငံကြီးတွေအနေနဲ့ ဖွံ့ဖြိုးဖို့အားယူနေဆဲနိုင်ငံတွေမှာ သွားရောက်ရင်းနှီးမြှုပ်နှံ တဲ့အခါ သူတို့အကျိုးစီးပွား ကာကွယ်ဖို့အတွက် လုံခြုံရေး ကိစ္စတွေကို အလေးထားပြောဆိုလေ့ ရှိတာကြောင့် ဒါကို သတိထားစရာ အချက်အဖြစ် ထည့်သွင်း စဉ်းစား ရမယ်လို့ တရုတ်နိုင်ငံ ယူနန် တက္ကသိုလ်မှာ သုတေသန စာတမ်းရေးသားနေတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောပါတယ်။

“ကျနော်တု့ိနိုင်ငံထဲမှာ သူတို့ရဲ့လက်နက်ကိုင် အဖွဲ့အစည်းတွေက ဝင်ပြီးတော့ လုံခြုံရေး တာဝန်ယူတာတို့ သူတို့ဆွေးနွေးလာရင် ပြောလာရင် ကျနေ်ာတို့က လက်မခံဖို့ လိုတာပေါ့လေ။ ကျနော်တို့ ပြည်တွင်းမှာ ဖောက်လုပ်တဲ့ ရထားလမ်း၊ ကားလမ်း သဘောၤဆိပ် စတာတွေနဲ့ ပတ်သက်ပြီး ဝင်ပြီးတော့ လုံခြုံရေး အပြည့်အ၀ တာဝန်ယူတယ် ဆိုပြီး ကိုယ့်အချုပ်အခြာအာဏာကို ထိန်းသိမ်းရမှာပေါ့။ သူတို့ ဘက်ကတော့ သူတို့ လုံခြုံရေးကို စိုးရိမ်တာတွေ ရှိလိမ့်မယ်။ အထူးသဖြင့် ကျနော်တို့ နယ်စပ်မှာ ငြိမ်းချမ်းရေး မရလို့ရှိရင် သူတို့ပဲ စောင့်ချင်တယ်၊ အဲဒါဆိုရင် နယ်စပ်လက်နက်ကိုင် တွေကလည်း အန္တရာယ် မပေးဘူးပေါ့ အဲဒါမျိုးတွေ တောင်းဆိုလာနိုင် တဲ့အခါမှာ ကိုယ့်ဘက်က ဒါကို ခွင့်မပြုဖို့လိုတယ်။”

ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းအတွက် မြန်မာနိုင်ငံဟာ နိုင်ငံခြားချေးငွေတွေ ယူရမှာဖြစ်သလို၊ ကြွေးမြီကိစ္စအတွက် ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာကိုပါ စဉ်းစားထားရမှာ ဖြစ်တယ်လို့ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

“ကျနော်တို့တိုင်းပြည်က ထိုင်းလို စီးပွားရေးတောင့်တင်းတဲ့ နိုင်ငံမဟုတ်ဘူး။ ထိုင်းလို စီးပွားရေး တောင့်တင်းတဲ့နိုင်ငံတခုမှာ တရုတ်က ဝင်လာလို့ ထိုင်း၅၀-တရုတ်၅၀ ထည့်မယ်လို့ မာမာတင်းတင်းပြောနိုင်ပေမယ့် တရုတ်က ၅၀- ကျနော်တို့က ၅၀ ထည့်မယ် ဆိုရင်တောင် ကျနော်တို့ရဲ့ ဘဏ္ဍာရေး အရင်းအနှီးက အကန့်အသတ်ရှိတယ်။ အဲလိုအခြေအနေမှာ တရုတ်ရဲ့ မြန်မာပြည်ကို ရင်းနှီးမြှုပ်နှံမှု အားလုံးသည် ကျနော်တို့အတွက် ကောင်းတာရော ဆိုးတာရော ၂ ခုစလုံးရှိတယ်။ ဒါကို ကျနော်တို့ သတိထားပြီး လုပ်ရမယ်လို့ ထင်တယ်။ ကျနော်မြင်တာကတော့ တရုတ်က စီးပွားရေး စူပါပါဝါနဲ့ အမေရိကန်ကို ကျော်တက်ချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာလို့မြင်ပါတယ်။ ဖြစ်မဖြစ်ကတော့ စောင့်ကြည့်ရမှာပါ။”

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့အခါ နိုင်ငံအကျိုးစီးပွား ကာကွယ်နိုင်ဖို့ မြန်မာအစိုးရအနေနဲ့ သူပြဌာန်းထားပြီး ဥပဒေတွေအတိုင်း တင်းကြပ်ဆောင်ရွက်ဖို့ လိုတယ်လို့ ဦးရဲထွန်းက မြင်ပါတယ်။

“အဲဒီတော့ ကျနော်တို့က အခုမှ ရင်းနှီးမြှုပ်နှံမှုတွေမျှော်လင့်ပြီးတော့ ဆွဲဆောင်နေတဲ့ တိုင်းပြည်ဖြစ်တော့ တရုတ်က အဲဒီလို စက်မှုလုပ်ငန်းတွေ လာပြီးတော့ ထူထောင်မယ် ဆိုရင် အရေးကြီးတာကတော့ လာရောက်ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေ နဲ့ ပြည်တွင်းမှာ ပြဌာန်းထားပြီးသား ဥပဒေတွေကို လိုက်နာဖို့၊ လိုက်နာအောင် ကျနေ်ာတို့ အစိုးရက ကြပ်မတ်ဖို့ သဘာဝပတ်ဝန်းကျင် မပျက်ဆီးအောင်၊ အလုပ်အကိုင်တွေ ရရှိအောင် ကျနော်တို့ ဥပဒေတွေကို ကောင်းကောင်းပြဌာန်းပြီးတဲ့ အခါကျတော့ အဲဒီဥပဒေတွေ အတိုင်း လိုက်နာဖို့အတွက် စစ်ဆေးတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက Corrupt မဖြစ်ဖို့၊ ထိန်းသိမ်းဖို့ပေါ့နော် ကျနေ်ာတို့ အစိုးရက သေချာ ကြပ်မတ်ဖို့ လိုလိမ့်မယ်။”

OBOR (One Belt, One Road) လို့ အတိုကောက်ခေါ်တဲ့ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းမှာ စင်္ကြ ံလမ်းမကြီး ၆ ခု သတ်မှတ်ထားပြီး အဲဒီထဲက တရုတ်နိုင်ငံတောင်ပိုင်းကနေ အိန္ဒိယနိုင်ငံကြား စင်္ကြ ံလမ်းမ အစိတ်အပိုင်းပေါ်မှာတော့ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် -အိန္ဒိယ လမ်းကြောင်းတခုလဲ ပါဝင်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG