သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ရာစုပိုးလမ်းမ စီမံကိန်းကနေရမယ့် မြန်မာကုန်သွယ်ရေးအကျိုးအမြတ်


တရုတ်နိုင်ငံ ပေကျင်းမြို့တော်မှာ အခုလက်ရှိကျင်းပနေဆဲဖြစ်တဲ့ “၂၁ ရာစု ပိုးလမ်းမကြီးနဲ့ ကုန်သွယ်ရေးရပ်ဝန်း ခါးပတ်လမ်းမကြီး” One Belt, One Road ညီလာခံ ကနေ မြန်မာနိုင်ငံအတွက် လမ်းပမ်းဆက်သွယ်ရေး၊ ကုန်သွယ်စီးပွားနဲ့ ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားကောင်းတွေ ရနိုင်တယ်လို့ တရုတ်-မြန်မာအရေးအကဲခတ်တွေကသုံးသပ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်နေတဲ့ ဒီညီလာခံကနေ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေး၊ ကုန်သွယ်ရေး အလားအလာကောင်းတွေ ဆောင်ကျဉ်းလာနိုင်မယ်လို့လည်း မျှော်လင့်ချက်တွေရှိပါတယ်။ မဆုမွန်ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ကျင်းပနေတဲ့ “၂၁ ရာစု ပိုးလမ်းမကြီးနဲ့ ကုန်သွယ်ရေးရပ်ဝန်း ခါးပတ်လမ်းမကြီး” ညီလာခံကို ကုလသမဂ္ဂနဲ့ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကြီးတို့ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီးတွေနဲ့ မြန်မာနိုင်ငံက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံက တိုင်းပြည်ခေါင်းဆောင်တွေ တက်ရောက်နေကြတာပါ။ တရုတ်နိုင်ငံကနေ အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ ဥရောပကို ကုန်းလမ်း၊ ရေလမ်းတို့နဲ့ ဆက်သွယ်မယ့် ခေတ်သစ်ပိုးလမ်းမကြီး -ခါးပါတ်လမ်းကြီးကြောင့် တကမ္ဘာလုံးအတွက် ကုန်သွယ်ရေး အကျိုးအမြတ်တွေ ရရှိမယ်လို့ တရုတ်နိုင်ငံကပြောဆိုထားတာပါ။

တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမလို့ တင်စားခေါ်ကြတဲ့ ခါးပတ်လမ်းမကြီး ကနေ လမ်းပမ်းဆက်သွယ်ရေး ကုန်သွယ်မှု လမ်းကြောင်းတွေ ပွင့်လာတာနဲ့အမျှ မြန်မာနိုင်ငံလို ဒေသတွင်း နိုင်ငံတွေမှာလည်း ကုန်သွယ်စီးပွား ကူးလူးဆက်နွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု အဆက်အဆံတွေ ပိုများလာလိမ့်မယ်လို့ မျှော်လင့်ထားကြတာပါ။ လမ်းနှစ်သွယ်နဲ့ဆက်သွယ်မယ့် တရုတ်တို့ရဲ့အဆင့်မြင့်ပိုးလမ်းမကြီး ခါးပတ်လမ်းကနေ မြန်မာနိုင်ငံအတွက် ရလာနိုင်မယ့် အကျိုးအမြတ်တွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံအခြေစိုက် တရုတ်-မြန်မာအရေး အကဲခတ် ဒေါက်တာလှကျော်ဇောက အခုလိုသုံးသပ်ပါတယ်။

“အခု ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သူတို့ Agreement တွေတော်တော်ကြီးကြီးမားမားတွေလည်း လက်မှတ်ထိုးမယ်နဲ့တူတယ် ကြည့်ရတာ။ မနေ့ကပြောသွားတဲ့အထဲမှာ တခုတော့ပါတယ်။ ၆၈ နိုင်ငံက Project ၉၀၀ တောင်လက်မှတ်ထိုးထားတယ်လို့တောင်ပြောတယ်။ အဲဒီမှာ မြန်မာပြည်နဲ့ပတ်သက်လို့ ပြောသွားတာ ၂ ခုရှိတယ်။ ၁ ခုကတော့ မြန်မာပြည်ရဲ့ Internet connectivity ကိုသူတို့တာဝန်ယူမယ်တဲ့ ၊ မြန်မာပြည်ရယ်၊ kazakhstan ရယ် နီပေါရယ် ဒီ၃ နိုင်ငံကို တရုတ်က အကုန်လုပ်ပေးမယ်တဲ့ပြောတယ်။ နောက်တခုက Renewable Energy ပေါ့ Solar Energy ကို Smart Energy လို့လည်းခေါ်တယ် အဲဒါနဲ့ ပတ်သက်လို့ Manufacturing တခုလုပ်မယ်တဲ့။ နောက်တခုကတော့ လယ်ယာလုပ်ငန်းနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဟာ အလားအလာအင်မတန်ကောင်းတယ်တဲ့။ တချို့နိုင်ငံတွေက လယ်ယာတွေဘာတွေမလုပ်တော့ပဲနဲ့ Industrialize လုပ်လိုက်တော့ မြေရှားသွားပြီတဲ။ ဆိုတော့ မြန်မာပြည်က သူ့ Agriculture ကိုပဲ အကောင်းဆုံး လုပ်မယ်ဆိုရင် မြန်မာပြည်ရဲ့အလားအလာက တော်တော်ကောင်းတယ်လို့ ပြောသွားတာပဲ။”

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်နေတဲ့ ဒီညီလာခံကနေ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေး၊ ကုန်သွယ်ရေး အလားအလာကောင်းတွေ ဆောင်ကျဉ်းလာနိုင်မယ်လို့လည်း မျှော်လင့်ချက်တွေရှိပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်စီးပွားရေးနဲ့ပတ်သက်လို့ တရုတ်နိုင်ငံက ပညာရှင်အဆင့်အစည်းအဝေးကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုစီးပွားရေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်ရဲ့ အမြင်ကတော့ အကောင်းမြင်မျှော်လင့်သလို မြန်မာတို့အနေနဲ့လိမ်မာပါးနပ်မှုလည်းရှိဖို့လိုတယ်လို့ အခုလိုပြောပါတယ်။

“ဒီဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ဖို့ဖြစ်တဲ့ လမ်းပမ်းဆက်သွယ်ရေးတို့ Telecommunication တို့ ၊ IT System တို့ Trade စီးပွားရေးအရပူးပေါင်းဆောင်ရွက်မှုတို့ Investment Development တို့ ဒါတွေအားလုံးက တပြိုင်တည်းတွဲပါလာမှာ အဲဒီအတွက် မြန်မာနိုင်ငံအနေနဲ့ အကျိုးအမြတ်အများကြီးရနိုင်ပါတယ်။ သို့သော် မြန်မာနိုင်ငံက အကျိုးအမြတ်ကိုယူတဲ့အခါမှာ လိမ်မာပါးနပ်စွာယူနိုင်ဖို့လိုသလို ကိုယ့်အကျိုးကိုလည်း Neutral Benefit ဖြစ်အောင်လို့ ပြောဆိုဆွေးနွေးနိုင်မယ့် Level တိုရောက်အောင်လို့ ကြိုးစားရမှာပေါ့နော်။ဆိုလိုတာက မိမိစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မိမိကိုယ်တိုင် နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်နိုင်မယ့်အပိုင်းဖြစ်တဲ့ Ethical တွေပြောင်းရမယ်၊ Mindset တွေပြောင်းရမယ်။ ဆိုတော့ ဒီခရီးစဉ်ကြီးကိုသွားမယ့် လမ်းပေါ်မှာ တည်းခိုမယ့် ဟိုတယ်တွေ၊ Tourist sector တွေ၊ ရောင်းဝယ်တဲ့ပစ္စည်းတွေ Multi Border Transportation Capacity တွေ Facility တွေကို ပြင်ဆင်ထားဖို့ မြန်မာနိုင်ငံက အခုကတည်းက ကြိုးစားလုပ်မှ ဒီအကျိုးကျေးဇူးကို ခံစားရမယ်။”

ဒီခေတ်သစ်ပိုးလမ်းမကြီးကုန်သွယ်ရပ်ဝန်းမိတ်ဆက်တဲ့ ဒီညီလာခံကို ကုလသမဂ္ဂနဲ့ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကြီးတို့ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီးတွေနဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေ တက်ရောက်နေတဲ့အတွက် မြန်မာနိုင်ငံက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့ မြန်မာ့အရေး ဘယ်လိုဆွေးနွေးနိုင်ခြေရှိတယ်ဆိုတာကိုလည်း ဒေါက်တာလှကျော်ဇောက အခုလို ရှု့မြင်ပါတယ်။

“ကုလသမဂ္ဂ က Sustainable development Goal ၁၇ ချက်ဆိုတာကို Belt and Road က Initiatives ကလာတဲ့ aims တွေနဲ့ တော်တော်တူတဲ့အတွက် အဲဒီကရမယ့် အခွင့်အရေးတွေ standardized ဖြစ်တဲ့အခါ မြန်မာပြည်အတွက်လည်း အကျိုးအများကြီးရှိနိုင်တယ် ဥပမာအားဖြင့်မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် မြန်မာပြည်ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မြန်မာပြည်အတွက် အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှရေးအတွက် ၊ ဆင်းရဲသားပပျောက်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေး ဒါတွေအားလုံးအတွက် ဘက်စုံကတော်တော်များများအခွင့်အရေးတွေရရှိနိုင်မယ်လို့ ထင်တယ်။”

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေအထိကျင်းပမယ့် တခုတည်းသော ရပ်ဝန်းနဲ့ လမ်းမကြီးများဆိုင်ရာ ညီလာခံ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်နေတဲ့ နိုင်ငံပေါင်း ၂၉နိုင်ငံက နိုင်ငံ့အကြီးအကဲတွေတွေထဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေချိန်နဲ့ တပြိုင်နက်တည်းမှာပဲ ညီလာခံဘေးပမ်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ တက်ရောက်လာတဲ့နိုင်ငံတကာက အကြီးအကဲခေါင်းဆောင်တချို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကိုလည်း သီးခြားဆွေးနွေးခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမ လို့ခေါ်ကြတဲ့ ခါးပတ်လမ်းမကြီး စီမံကိန်းမှာဒီညီလာခံကိုတက်ရောက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ထဲ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး စတဲ့ ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေပါ လိုက်ပါသွားကြပြီး တရုတ်-မြန်မာ ၂ နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်တွေကိုလည်း သီးခြားဆွေးနွေးဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG