သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်ကျိုးစီးပွားကြည့်မူဝါဒမထားဖို့ တရုတ်သမ္မတတိုက်တွန်း


တရုတ်သမ္မတ Xi Jinping
တရုတ်သမ္မတ Xi Jinping

ကုန်သွယ်ရေးမှာ ကိုယ်ကျိုးစီးပွားကိုကြည့်တဲ့ မူဝါဒကို ကိုင်စွဲထားတာမျိုး မလုပ်ကြဖို့ တရုတ်သမ္မတ Xi Jinping က တိုက်တွန်းလိုက် ပါတယ်။ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ IMF ငွေကြေးရံပုံငွေအဖွဲ့အပါအဝင် ကမ္ဘာ့ခေါင်းဆောင် ၃၀နီးပါးတက်ရောက်တဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က ၂၁ ရာစု ပိုးလမ်းမကြီးနဲ့ ကုန်သွယ်ရေး ခါးပတ်လမ်းမကြီးစီမံကိန်း နိုင်ငံတကာ နှီးနှောဖလှယ်ပွဲ ကျင်းပနေတဲ့ ဒီကနေ့မှာ သမ္မတXi က အဲဒီလို ပြောဆိုသွားတာပါ။

ဘဏ္ဍာငွေကြေးဆိုင်ရာကိစ္စတွေနဲ့ တရားဥပဒေစိုးမိုးရေး ဆိုင်ရာကိစ္စရပ်တွေ အပါအဝင် အကြောင်းအရာ အတော်များများမှာ အာရှနဲ့ ဥရောပ နိုင်ငံတွေ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားနိုင်မယ့် အစီအစဉ်တွေကိုလည်း တရုတ်သမ္မတ ရှီကျင်းဖျင်က ကြေညာသွားပါတယ်။

နှစ်ရက်ကြာ ဘေဂျင်း ဆွေးနွေးပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်နေတာပါ။ ဆိပ်ကမ်းတွေ၊ လမ်းတံတားနဲ့ အခြား အခြေခံအဆောက်အအုံ အများအပြားမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အာရှ၊ အာဖရိကနဲ့ ဥရောပဒေသ တလျှောက် ချိတ်ဆက် ကုန်သွယ်မယ့် ၂၁ ရာစု ပိုးလမ်းမကြီးနဲ့ ကုန်သွယ်ရေး ခါးပတ်လမ်းမကြီး စီမံကိန်းကို တရုတ်အစိုးရက ဦးဆောင်ကြိုးပမ်း နေတာဖြစ်ပါတယ်။

ဒီဒေသကြီးတွေမှာ တရားဥပဒေစိုးမိုးမှုရှိစေဖို့၊ အဂတိလိုက်စားမှု ကင်းရှင်းစေဖို့နဲ့ စီးပွားရေးမူဝါဒတွေ ချမှတ်ဆောင်ရွက်တဲ့နေရာမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်သွားနိုင်ဖို့ မျှော်လင့်တဲ့အကြောင်း သမ္မတရှီက ပြောပါတယ်။ ဒီလိုဖြစ်လာဖို့ ကြိုးပမ်းမှုတွေ လောလောဆယ် အစပျိုး အဆင့်မှာသာ ရှိသေးပြီး၊ အခက်အခဲ စိန်ခေါ်မှုတွေ အများအပြား ကြုံလာရနိုင်တယ်ဆိုတာကို သူ လက်ခံထားကြောင်းလည်း သမ္မတရှီက ပြောသွားပါတယ်။

ရုရှား၊ အမေရိကန်နဲ့ အိန္ဒိယ အပါအဝင် အစိုးရအတော်များများကတော့ တရုတ်အစိုးရရဲ့ ကုန်သွယ်ရေး တိုးမြှင့်မယ့် အစီအစဉ်မှာ နိုင်ငံရေး ပယောဂတွေ ပါဝင် နေနိုင်တယ်ဆိုပြီး စိုးရိမ်မှုတွေကို ထုတ်ဖော် ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG