သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် ဝင်ခွင့်မရတဲ့ Black List စာရင်းဝင်တွေ ရှိနေဆဲ


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်။

အရင် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြည်ဝင်ခွင့်ရရှိခဲ့ပေမဲ့ - အခုအခါ Black List အမည်မည်းစာရင်း အသွင်းခံထားရပြီး ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခံ လိုက်ရတယ်လို့ - ပြည်ပရောက် နိုင်ငံရေးခေါင်းဆောင် တဦးက ပြောဆိုလိုက်ပါတယ်။ အမည်မည်းစာရင်း အသွင်းခံရတဲ့ အကြောင်းရင်းကို မသိရပေမဲ့ - လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကန့်ကွက်မှုမှာ အာဏာပိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဒေါ်ခင်ဝင်း သေဆုံးသွားမှု ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့မိလို့ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်း ဆက်ပြောပြပါမယ်။

FDB မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစုရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒေါက်တာ နိုင်အောင် က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံးမှာ ဒီသီတင်းပတ်ထဲ သွားရောက်ဗီဇာလျှောက်ထားချိန် - သူ့ရဲ့နာမည် Black List စာရင်းထဲ ဝင်နေတာကို သိခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလျှောက်ပြီးတော့ နောက်တနေ့ ထပ်ပြီးတော့ ဖုန်းဆက်လာတယ်။ ကျနော့်ဗီဇာကိစ္စ ကျနော်က Black List ထဲ ဝင်နေတဲ့အတွက်ကြောင့် ဗီဇာထုတ်ပေးလို့ မရပါဘူးလို့ အဲ့လိုမျိုး ပြန်ပြောတယ်။ သူပြောတာ ကတော့ နောက်ဆုံးတခေါက် ၂၀၁၅ နှစ်ဆန်းပိုင်း ပြန်လာပြီးတော့မှ Black List ထဲကို ထည့် ထားတာလို့ ပြောတယ်။ ကျနော်က ဘယ်က ထည့်တာလဲလို့ မေးတဲ့အခါကျတော့ ပြည်ထဲရေးဝန်ကြီးဌာန ကလို့ ပြောပါတယ်။”

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ နှစ်ကုန်ပိုင်းမှာ Black List စာရင်း အသွင်းခံထားရသူ ၅ ထောင်ကျော်ရဲ့ အမည်တွေကို ဖယ်ရှားပေးခဲ့ တာပါ။ အဲဒီလို ဖယ်ရှားပေးပြီးနောက်ပိုင်း - စစ်အစိုးရကို ဆန့်ကျင်တဲ့ နိုင်ငံရေး လှုပ်ရှားသူ တော်တော်များများ မြန်မာပြည်ကို ပြန်သွားကြတဲ့အထဲမှာ ဒေါက်တာနိုင်အောင်လည်း တဦး အပါအဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၅ နှစ်ဆန်းပိုင်းကျမှ ပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရတာဖြစ်ပြီး၊ ဘာကြောင့် Black List စာရင်း ပြန်သွင်းခံရသလဲဆိုတာ မသိရတဲ့အကြောင်း - ဖြစ်နိုင်ချေ သူ့အမြင်ကို အခုလို ပြောပြပါတယ်။

“မှတ်မှတ်ရရ တခုရှိတာကတော့ ကျနော် ရန်ကုန်မှာ မပြန်ခင်လေး ၂၀၁၅ နှစ်ဆန်းပိုင်းမှာ ဒေါ်ခင်ဝင်း သေဆုံးမှုနဲ့ မန္တလေးမှာ ဆန္ဒပြတာရှိတယ်လေ။ ကျနော်တို့လည်း ဝင်ပါတယ်ပေါ့။ အဲဒီကိစ္စကိုပဲ အရေးယူတာလား ဆိုတာမျိုးတော့ ကျနော်လည်း မသိဘူး။ ဒါပေမဲ့ ပြောချင်တာကတော့ တသက်လုံး နိုင်ငံရေးလုပ်လာတာ၊ တောလည်း ခိုလာတာ။ ဒါကိုပဲ အသိအမှတ်ပြုပြီးတော့ ပြန်လာကြပါလို့ ပြောတဲ့အတွက်ကြောင့် ပြန်သွားတာပဲပေါ့နော်။ အဲဒီကိစ္စကြောင့်ပဲ ဖြစ်တယ်ဆိုရင်တောင်မှ ကျနော်တို့က ဆွေးနွေးတိုင်ပင် ညှိနှိုင်းလို့ရတာပဲ။ ဒါပေမဲ့ နိုင်ငံရေးလုပ်လို့၊ အစိုးရကို ဆန့်ကျင်လို့ ပေးမဝင်ဘူး၊ အစိုးရကို ဝေဖန်လို့ ပေးမဝင်ဘူးဆိုရင်တော့ ဒါ ကျနော်တို့ အခု သွားနေတဲ့ အပြောင်းအလဲနဲ့တော့ လမ်းတလွဲဆီ ဖြစ်နေတယ်လို့ ထင်ပါတယ်။”

အရင်က ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးမှာ လည်း ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခဲ့ပေမဲ့ - အခုလိုပဲ အငြင်းခံခဲ့ရပြီး၊ သူ့လိုပဲ Black List အသွင်းခံရတဲ့ အထင်ကရ နိုင်ငံရေးလှုပ်ရှားသူတွေလည်း ရှိပါတယ်။ မနှစ်တုန်းကလည်း ကျောင်းသားခေါင်းဆောင် မိုးသီးဇွန် ကို ဘန်ကောက်မှာ ရှိတဲ့ မြန်မာသံရုံး က Black List စာရင်းကြောင့် ဗီဇာ ငြင်းပယ်ခဲ့သလို၊ မကြာသေးခင်တုန်းက လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က မခ့် ဖာမနာ နဲ့ လုပ်ကြံခံခဲ့ရတဲ့ ကရင်ခေါင်းဆောင် ဖဒိုမန်းရှာရဲ့သမီး ဇိုယာဖန်း တို့ဟာလည်း Black List စာရင်းမှာ ပါဝင်နေတာပါ။

ဒီလို မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ Black List စာရင်း အသွင်းခံရပြီး ပြည်ဝင်ခွင့် မပေးတဲ့ကိစ္စ အပါအဝင် နယ်စပ်ရောက် မှတ်ပုံတင် မရှိကြတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို အစိုးရက ပြန်လက်ခံပြီး မြန်မာနိုင်ငံသားတွေ အဖြစ် ပြန်အသိအမှတ်ပြု မှတ်ပုံတင်တွေ ထုတ်ပေးဖို့ သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ထံ စာရေးတင်ပြခဲ့ဖူးပေမဲ့ - အကြောင်းတစုံတရာ ပြန်ကြားခဲ့ခြင်း မရှိဘူးလို့ လည်း ဒေါက်တာနိုင်အောင် ပြောပါတယ်။

“ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အချိန်မှာ ဒီမိုကရေစီရေးကို ဆောင်ရွက်နေသူတွေ အားလုံး တတပ်တအား ပါဝင်နိုင်အောင် လမ်းဖွင့်ပေးရ မယ်။ နောက်ပြီး ကျနော်တို့ကိုယ်တိုင်ကိုက အပြင်မှာ လက်နက်ကိုင်ဘဝနဲ့ရော ပြည်ပရောက်ဘဝနဲ့ရော တလျှောက်လုံး ကိုယ့်တိုင်းပြည် ဒီမိုကရေစီ ရဖို့အတွက်ကို မိဘတွေနဲ့ဝေးပြီးတော့ တိုင်းပြည်နဲ့ဝေးပြီးတော့ တောက်လျှောက်လုပ်ခဲ့ကြတာပဲ။ နောက်တခုက ကျနော်တို့သည် နိုင်ငံသားပဲလေ။ ဗမာပြည်ကနေထွက်ပြီး ဗမာပြည်အရေးကို လုပ်နေတဲ့သူတွေဖြစ်တဲ့အတွက် ဗမာနိုင်ငံသားပဲဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က ကိုယ့်တိုင်းပြည် ပြန်လာဖို့အတွက်ကို ကျနော်တို့မှာ အခွင့်အရေးရှိတယ်လို့ကို ထင်ပါတယ်။ အဲဒီအခွင့်အရေးကိုလည်း အစိုးရက မြှင့်တင်ပေးသင့် တယ်လို့ ထင်ပါတယ်။ နောက်တခု ပိုပြီးတော့ စိတ်မကောင်းဖြစ်တာကပေါ့ တသက်လုံး တိုင်းပြည်ကို ဒုက္ခပေးနေတဲ့ စစ်အာဏာရှင်တွေကျတော့ ဘာမှ ပြစ်ဒဏ်မခံရဘဲနဲ့ ဒီမိုကရေစီရေး လုပ်တဲ့သူတွေက ဆက် အပြစ်ဒဏ်ခံနေရတဲ့သဘောမျိုး ဖြစ်တာတော့ ကြေကွဲစရာ အကောင်းဆုံးပဲ။”

မေး - တကယ်လို့သာ ဒေါက်တာနိုင်အောင်တို့ကို တရားဝင်ပေါ့လေ မြန်မာပြည်ကို ဝင်ခွင့်ပေးခဲ့မယ်ဆိုရင် မြန်မာနိုင်ငံအတွက် ဘာတွေ လုပ်ပေးနိုင်မယ်လို့ ထင်လဲရှင့်။

ဖြေ - အဓိကက ကျနော်တို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ယဉ်ကျေးမှုဆိုတာကို ကျနော်တို့ လူ့အဖွဲ့အစည်းထဲမှာ သေသေချာချာ လက်ခံသဘောပေါက်ပြီးတော့မှ မှန်မှန်ကန်ကန် ကျင့်သုံးနိုင်အောင်အတွက်ကို ကျနော်တို့ အများကြီး အကူအညီပေးနိုင်ပါတယ်။ နောက်တခုက အသွင်ကူးပြောင်းလဲရေးကာလထဲမှာ တကယ်ကိုပဲ ဒီမိုကရေစီအစိုးရလို့ပြောတဲ့ အာဏာ ၃ ရပ်ကို ခွဲခွဲခြားခြား လုပ်ဆောင်တဲ့ဟာမျိုးဖြစ်အောင် လူထုရဲ့အသံကို နားထောင်ပြီးတော့ လုပ်တတ်တဲ့အစိုးရမျိုးဖြစ်အောင်၊ ဒါမျိုးတွေကိုလည်း ကျနော်တို့ ကူညီနိုင်ပါတယ်လို့။ အထူးသဖြင့် ကျနော်တို့က နယ်စပ်မှာ နေလာတဲ့အခါကျတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေရဲ့ သဘောထား တွေကို ကျနော်တို့က ထဲထဲဝင်ဝင် နားလည်ခဲ့တဲ့အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဆိုင်တဲ့ နိုင်ငံရေးညှိနှိုင်းမှုတွေမှာလည်း ကျနော်တို့ အများကြီး ကူညီပေးနိုင်တယ်လို့ ထင်ပါတယ်။

ပြည်ပရောက် မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူတွေကတော့ - ယခင်အစိုးရတွေကြောင့် နိုင်ငံတကာကို ရောက်နေကြတဲ့ အင်အားစုတွေ ပြည်တွင်း ပြန်လာခွင့်ရရေး NLD အစိုးရအနေနဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တရပ် အမြန်ဆုံး ကြေညာပေးဖို့ကို အရင်ကတည်းက တိုက်တွန်းနေကြ တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG