သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သိန္နီမြို့နယ်တွင်း ဗုံးကွဲ နှစ်ဦးသေဆုံး


သိန္နီမြို့နယ်တွင်း ဗုံးကွဲပြီး လူနှစ်ဦးသေဆုံး (MOI)
သိန္နီမြို့နယ်တွင်း ဗုံးကွဲပြီး လူနှစ်ဦးသေဆုံး (MOI)

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း မြန်မာ့တပ်မတော်နဲ့မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေအကြားမနေ့က ဖြစ်ပွါးနေတဲ့ စစ်ရေးပဋိပက္ခအတွင်း အရပ်သားတွေပါ ထိခိုက်သေဆုံးမှုဖြစ်ပွါးနေတာပါ။ မနေ့ကညနေပိုင်းလောက်မှာ သိန္နီမြို့ နယ်အတွင်းဗုံးပေါက်ကွဲမှုမှာ လူနှစ်ဦးသေဆုံးသွားခဲ့သလို ကွတ်ခိုင်မြို့နယ်တိုက်ခိုက်မှုမှာ အရပ်သားနှစ်ဦး ထိခိုက် မှုတွေရှိနေပါတယ်။ ဒီအခြေအနေတွေကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလိုသတင်း ပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် နားဆော့ရွာနဲ့ စံလောင်းရွာကြားရှိ တံတားအနီးမှာ မနေ့ညက မိုင်းပေါက်ကွဲ ခဲ့လို့ လူနှစ်ဦးသေဆုံးမှုဖြစ်ပွါးခဲ့တယ်လို့ သိန္နီမြို့က အနှိုင်းမဲ့ကုသိုလ်လူမှုကူညီရေး အသင်းဝင် ကိုစိုင်းဂွတ် ကပြော ပါတယ်။

“ကျနော်တို့ သွားတဲ့အချိန်မှာ ကားက ထိုးထားပြီးသား၊ မိုင်းပေါက်တယ်လို့ ပြောကြတယ်လေ။ ကျနော်တို့ သွားတဲ့အချိန်မှာ ကားဆရာက ရှေ့ခန်းမှာ ဒီအတိုင်း အသတ် ထွက်သွားတာပေါ့နော် ၊ ပြီးတော့ ဆိုင်ကယ်သမားလည်း လဲပြီးမှ သေနေတာတွေ့တယ်။ အဲဒီလူကို ဆွဲထုတ်ပြီးမှ တခါတည်းဆေးရုံကို သိန္နီဆေးရုံကိုပေါ့နော် ဆရာဝန်တွေကို စစ်ချက်တော့ ယူထားတယ်။”

ဗုံးပေါက်ကွဲမှုကြောင့်သေဆုံးသွားတဲ့လူနှစ်ဦးကို အနှိုင်းမဲ့ကုသိုလ်လူမှုကူညီရေး အသင်းကနေ သိန္နီဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

သေဆုံးသူကားသမားဟာ မန္တလေးဇာတိဖြစ်ပြီး ဆိုင်ကယ်သမားဟာ မြန်မာ့တပ်မတော်တဦး ဖြစ်ကြောင်း ကိုစိုင်းဂွတ် ကဆက်ပြောပါတယ်။

“သေဆုံးတဲ့ သူက မန္တလေးက တယောက်ရယ်၊ တပ်ကတယောက်ရယ် ဆိုင်ကယ်နဲ့တယောက်က တပ်ကပြောတယ်ခင်ဗျ ။မနက်ဖြန်မှ သူတို့ သင်္ဂြ ိုဟ် မယ်ပြောလို့ ကျနော်တို့ကို အကူအညီလာတောင်းထားတာ။”

ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ ဘယ်အဖွဲ့အစည်းရဲ့လက်ချက်ဆိုတာအတည်မပြုနိုင်သေးပါဘူး။

ဒီဗုံးပေါက်ကွဲမှုဖြစ်စဉ်အသေးစိပ်ကိုသိရှိဖို့အတွက် သိန္နီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကိုဆက်သွယ်ခဲ့ပေမဲ့ အဆက်သွယ် မရရှိ ခဲ့ပါဘူး။

မနေ့က ညနေ ၅နာရီခန့် ကွတ်ခိုင်မြို့အနီး နမ့်ကွတ်ရွာနားမှာ မြန်မာ့တပ်မတော်နဲ့ KIOကချင်လွတ်လပ်ရေး အဖွဲ့ တွေနဲ့တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ TNLAတအာင်းပလောင်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးတာ့အိုက်ကျော်က အတည် ပြုပြောဆိုခဲ့ပေမဲ့ဖြစ်စဉ်အသေးစိပ်ကိုမသိရှိဘူးလို့သူကဆိုပါတယ်။

ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာတိုက်ပွဲထိခိုက်မှုနဲ့ပက်သက်လို့ သက်ဆိုင်ရာစစ်ဗျူဟာရုံးရဲ့အတည်ပြုချက်မရသေးလို့ အခြေအနေကိုမသိရှိသေးဘူးလို့ ကွတ်ခိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အရာရှိတဦးကပြောပါတယ်။

“ကျနော်တို့က အဲဒီဘက်ကို လုံခြုံရေးအရ ဟိုဘက်ကိုတော့ ကျနော်တို့သွားလို့မရဘူးလေ။ သွားလို့မရတော့ ၊ အခြေအနေပေးပြီးသွားခိုင်းရင်တော့ ကျနော်တို့ပြောလို့ရတယ်လေ။ လုံခြုံရေးအပိုင်းက အဲဒီဘက်မှာ အခြေအနေမကောင်းဘူးလေ။”

ကွတ်ခိုင်မြို့နယ်တိုက်ပွဲနဲ့ပက်သက်လို့ တပ်မတော်စစ်ကြောင်းအနေနဲ့ ပုံမှန်အုပ်ချုပ်မှုကိစ္စတွေကိုဆောင်ရွက်ဖို့ လားရှိုးမြို့ကနေ မော်တော်ယာဉ်တွေနဲ့ ထွက်ခွါလာစဉ် ကွတ်ခိုင်မြို့နယ်နမ့်ကွတ်ရွာနဲ့ နမ့်ဖလွန်းရွာကိုအရောက် KIOတပ်ဖွဲ့ကနေ လက်နက်ကြီးလက်နက်ငယ်တွေနဲ့စတင်ပစ်ခတ်တိုက်ခိုက်လို့တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။

ဒီပစ်ခတ်မှုကြောင့်တပ်မတော်စစ်သည်တချို့နဲ့ ဒေသခံပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးသတင်းထုတ်ပြန်ရေးအဖွဲ့ကနေ သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က သိန္နီနဲ့ကွတ်ခိုင်မြို့တိုက်ခိုက်မှုမှာ အရပ်သားတွေလဲထိခိုက်မှုတွေရှိနေခဲ့တာပါ။ သိန္နီမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်စိုင်းဝမ်းလှိုင်းကတော့ နှစ်ဖက်တိုက်ပွဲတွေရပ်စဲပြီး တွေ့ဆုံဆွေးနွေးကြဖို့တိုက်တွန်းထား ပါတယ်။

“ကျနော်တို့ကတော့ ပြည်သူတွေကို မထိခိုက်အောင်လုပ်ပေးဖို့ပြောချင်တယ်။ ဒီကြားထဲမှာ ပြည်သူတွေ အကာအကွယ်မဲ့ဖြစ်နေတယ်ခင်ဗျ၊ အဲဒါကြောင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ပါပေါ့နော် ၊ တပ်ဘက်က ဖြစ်ဖြစ် တိုင်းရင်းသားဘက်က ဖြစ်ဖြစ် ထိုးစစ်ဆင်မှုတွေ ကျနော်ရပ်စေချင်တယ်ခင်ဗျ။”

မနေ့က နမ္မတူမြို့နယ်မိုင်းတတ်ကျေးရွာနဲ့ ပန်ဝါကျေးရွာ ကြားမှာ မြန်မာ့တပ်မတော်နဲ့ TNLAတအာင်း ပလောင်တပ် ဖွဲ့ တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့တယ်လို့ TNLAတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံဗိုလ်မှူး တာ့အိုက်ကျော်က ပြောပါတယ်။

“မနေ့ကတော့ နမ္မတူမြို့နယ်မိုင်းတတ် နဲ့ ပန်ဝါကျေးရွာအနီးမှာဖြစ်တယ်။ တိုက်ပွဲတော်တော်ပြင်းတယ်။ မနေ့က ကျနော်တို့ကို ဂျက်လေယာဉ် ၂ စီးနဲ့ လာပစ်တယ်။”

ဒီတိုက်ပွဲမှာ တပ်မတော်မှစစ်သည်တစ်ဦး ကျဆုံးခဲ့ရပြီး စစ်သည်တစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးသတင်းထုတ်ပြန်ရေးအဖွဲ့ကနေ မနေ့ကသတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိရှမ်းပြည်မြောက်ပိုင်းဒေသ နမ္မတူ မန်တုံ လားရှိုး ကျောက်မဲ ဒေသဘက်မှာတော့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့အကြားစစ်ရေးတင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ကျေးရွာသား တွေကလဲ စစ်ဘေးလွတ်ရာမြို့ရွာတွေမှာတိမ်းရှောင်နေရတဲ့အခြေအနေမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG