သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Manchester အသေခံ ဗုံးခွဲသူရဲ့ မိသားစုဝင် ၂ ဦး လစ်ဗျားရဲ ဖမ်းဆီး


ဗြိတိန် ဗုံးခွဲတိုက်ခိုက်သူရဲ့ ညီဖြစ်သူ Hashim Ramadan Abedi ကို လစ်ဗျား အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး အဖွဲ့ ဌာနမှာ တွေ့ရစဉ်။ မေလ ၂၄ ရက် ၂၀၁၇။
ဗြိတိန် ဗုံးခွဲတိုက်ခိုက်သူရဲ့ ညီဖြစ်သူ Hashim Ramadan Abedi ကို လစ်ဗျား အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး အဖွဲ့ ဌာနမှာ တွေ့ရစဉ်။ မေလ ၂၄ ရက် ၂၀၁၇။

ဗြိတိန်နိုင်ငံ Manchester မြို့မှာ တနင်္လာနေ့ ဖြစ်သွားခဲ့တဲ့ အသေခံ ဗုံးဖောက်ခွဲမှုနဲ့ ဆက်နွှယ်ပြီး ဗြိတိန် ရဲတပ်ဖွဲ့က အခုချိန်ထိ လူ ၇ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားပြီ ဖြစ်ပါတယ်။ အလားတူပဲ လစ်ဗျားနိုင်ငံမှာရှိတဲ့ အသေခံ ဗုံးခွဲသမားရဲ့ဖခင်ဖြစ်သူနဲ့ ညီတို့ကိုလည်း သက်ဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီး လိုက်ပါတယ်။ လူပေါင်း ၂၂ ယောက် သေဆုံးပြီး ၅၉ ယောက် ဒဏ်ရာရခဲ့တဲ့ ဒီ တိုက်ခိုက်မှုရဲ့ နောက်ဆုံး အခြေအနေတွေကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

Manchester အားကစားရုံမှာ အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့ Salman Abedi ရဲ့ ဖခင်ဖြစ်သူ Ramadan Abedi ကို ဗုဒ္ဓဟူးနေ့မှာ ဖမ်းဆီးလိုက်ပြီး ညီဖြစ်သူ Hashim ကိုတော့ အင်္ဂါနေ့က လစ်ဗျားနိုင်ငံ ထရီပိုလီမြို့မှာ ဖမ်းဆီး လိုက်ကြောင်း လစ်ဗျား အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာန ပြောခွင့်ရ Ahmed bin Salem က ရိုက်တာ သတင်းဌာနကို ပြောကြားပါတယ်။

အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့ Salman Abedi ဟာ လစ်ဗျား မိဘနှစ်ပါးကနေ ဗြိတိန်နိုင်ငံမှာ မွေးဖွားခဲ့သူ ဖြစ်ပြီး သူဟာ မကြာသေးခင်က IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွယ်မှုရှိတယ်ဆိုတာကို သိရှိခဲ့တဲ့အတွက် လွန်ခဲ့တဲ့ တလကျော်လောက်ကတည်းက သူ့ကို နောက်ယောင်ခံ လိုက်နေခဲ့ကြောင်း Ahmed bin Salem က ပြောပါတယ်။

ဗုံးဖောက်ခွဲမှုနဲ့ပတ်သက်လို့ Manchester မြို့မှာ အင်္ဂါနေ့ညက ဖမ်းဆီးလိုက်တဲ့ ၃ ဦး အပါအဝင် ဗုဒ္ဓဟူးနေ့ကလည်း အမျိုးသမီးတဦးကို ထပ်မံ ဖမ်းဆီးလိုက်တာကြောင့် လစ်ဗျားနိုင်ငံမှာ ဖမ်းဆီးလိုက်တဲ့ အသေခံဗုံးခွဲသူ Salman Abedi ရဲ့ ဖခင်နဲ့ ညီဖြစ်သူ အပါအဝင် အခုချိန်မှာ ဖမ်းဆီး ရမိသူ စုစုပေါင်း ၇ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

Manchester မြို့ အားကစားရုံမှာ ကျင်းပတဲ့ အမေရိကန် Pop အဆိုတော် Ariana Grande ရဲ့ ဂီတဖျော်ဖြေပွဲကို အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့ Salman Abedi အနေနဲ့ ဒီတိုက်ခိုက်မှုကို သူတဦးထဲ ပြုလုပ်ခဲ့ခြင်း မဟုတ်ဘူးလို့ ဗြိတိန် ရဲတပ်ဖွဲ့က ယုံကြည် ထားကြတာကြောင့် သူနဲ့ ဆက်နွယ်မှု ရှိတဲ့နေရာတွေကို ဗြိတိန် ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံ ရှာဖွေ စစ်ဆေးနေကြောင်း Manchester မြို့ ရဲချုပ် Ian Hopkins က သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

“ ဒီကိစ္စကို စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်တဲ့နေရာမှာ အထူးအလေးပေးပြီး မြန်မြန်ဆန်ဆန် လုပ်ဆောင်နေကြတာကို အားလုံးက သတိထားမိကြမှာ ဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ဆက်နွယ်တဲ့လူ ၃ ဦးကို မနေ့ညက ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီး ဖြစ်ပါတယ်။

ဒီနေ့ မွန်းလွဲပိုင်းမှာလည်း Manchester မြို့လယ်ခေါင်က အိမ်တအိမ်ကို ကျနော်တို့ ဝင်ရောက်ပြီး ဘေးလူတွေ မထိအောင် ထိန်းချုပ် ဖောက်ခွဲမှုတရပ် လုပ်ခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်ဖို့အတွက် အနီးနားမှာရှိတဲ့ ရထားဘူတာရုံကို မလွဲမရှောင်သာ ခေတ္တ ပိတ်လိုက်ရပြီး အခုဆိုရင် သက်ဆိုင်ရာ အရာရှိတွေဟာ အဲဒီမှာပဲ နေရာယူထားကြဆဲ ဖြစ်ပါတယ်။ ”

ဗြိတိန် ရဲတပ်ဖွဲ့အနေနဲ့ ဒီ တိုက်ခိုက်မှုကို ကျယ်ပြန့်တဲ့ ကွန်ယက်အဖွဲ့က ပြုလုပ်ခဲ့တယ်လို့ ယူဆပြီး ကွင်းဆက်တွေကို လိုက်လံ စုံစမ်းနေကြောင်းလည်း ရဲချုပ် Ian Hopkins က ပြောပါတယ်။

“ ကွန်ယက်အဖွဲ့ တခုကို ကျနော်တို့ စုံစမ်း စစ်ဆေးနေရတယ်ဆိုတာကတော့ ရှင်းလင်း သေချာပါတယ်။ အခု ကျနော် ပြောနေတဲ့အချိန်မှာပဲ Manchester မြို့တဝှမ်းလုံးမှာ စုံစမ်း စစ်ဆေးမှုတွေကို အရှိန်မြန်မြန်နဲ့ အပြင်းအထန် လုပ်ဆောင်နေပါတယ်။”

တနင်္လာနေ့ညက သေဆုံးသွားတဲ့ ၂၂ ဦးထဲမှာ ရဲတပ်ဖွဲ့ဝင်တဦးလည်း ပါဝင်ကြောင်း ရဲချုပ် Ian Hopkins က သတင်းထောက်တွေကို ပြောပါတယ်။

“ သေဆုံးသွားသူ တဦးရဲ့အလုပ်အကိုင်နဲ့ ပတ်သက်လို့ သတင်း မီဒီယာတွေနဲ့ ဆိုရှယ် မီဒီယာတွေမှာ ရေးသား ပြောဆိုနေကြတဲ့ အကြောင်းအရာနဲ့ပတ်သက်လို့လည်း ကျနော်တို့ သိပါတယ်။ စိတ်မကောင်းစွာပဲ ကျနော် အတည်ပြု ပြောကြားလိုတာကတော့ သေဆုံးသွားသူတွေထဲက တဦးဟာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတဦးဖြစ်ပါတယ်။ ဒါပေမယ့် သူ့မိသားစုဝင်တွေရဲ့ သဘောဆန္ဒကို လေးစားသောအားဖြင့် ဘယ်သူ ဘယ်ဝါ ဆိုတာကို ကျနော့်အနေနဲ့ အခုချိန်မှာ မပြောနိုင်သေးပါဘူး။”

အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့ Salman Abedi ဟာ Manchester အားကစားရုံမှာ အဲဒီလို ဗုံးခွဲ တိုက်ခိုက်မှု မပြုခင် လစ်ဗျားနိုင်ငံကို သီတင်းပတ် ၃ ပတ်လောက် သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ လစ်ဗျားက ပြန်လာပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ အကြမ်းဖက်မှု အန္တရာယ် သတိပေး နိုးဆော်ချက်ကို အမြင့်ဆုံးအဆင့်အထိ သတ်မှတ်လိုက်ပြီး လက်နက်ကိုင် ရဲတပ်ဖွဲ့တွေကို ကူညီဖို့ စစ်သားတွေကို စေလွတ်ထားကြောင်း ဝန်ကြီးချုပ် Theresa May က အင်္ဂါနေ့မှာ ကြေညာခဲ့ပြီး နောက်ထပ် တိုက်ခိုက်မှု ဖြစ်နိုင်ခြေ ရှိတယ်လို့လည်း သတိပေး ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG