သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်လုပ်ရပ် လန်ဒန်သားတွေမကြောက်


လုံခြုံရေးရဲများ
လုံခြုံရေးရဲများ

ဗြိတိသျှပါလီမန်အဆောက်အဦးနားမှာ ဗုဒ္ဓဟူးနေ့ကအကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဗြိတိန်နိုင်ငံ အန္တရာယ်ရှိတဲ့အဆင့်ကို မူလသတ်မှတ်ထားတဲ့အတိုင်း ဒုတိယအမြင့်ဆုံးအဆင့်မှာပဲ ဆက်ပြီးထားရှိမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Theresa May ကပြောကြားလိုက်ပါတယ်။ လန်ဒန်မြို့မှာတော့ အခြေအနေတွေဟာ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နေပေမဲ့ လုံခြုံရေးကိုတော့ အရင်ထက်ပိုချထားပါတယ်။

Belgium နိုင်ငံ Antwerp မြို့မှာတော့ အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုးစားသူတယောက်ကို ရဲကဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ EU နိုင်ငံတွေအနေနဲ့ လုံခြုံရေးကို ဘယ်လိုတိုးမြင့်ဆောင်ရွက်သင့်သလဲဆိုတာကို မစုမြတ်မွန်က စုစည်းတင်ပြပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ်က Westminster တံတားပေါ်မှာ ဗုဒ္ဓဟူးနေ့က ကားတလကြမ်းမောင်းပြီးလူတွေကို ဝင်တိုက်ခဲ့သူဟာ ဗြိတိန်နိုင်ငံမှာ မွေးဖွားသူ အသက် ၅၂ နှစ်အရွယ် Khalid Masood ဆိုသူဖြစ်ပြီး အင်္ဂလန်အလယ်ပိုင်း West Midlands ဒေသမှာ နေထိုင်သူဖြစ်တယ်လို့ ရဲကပြောကြားခဲ့ပါတယ်။ လူတွေကို ကားနဲ့ဝင်တိုက်ပြီး ဗြိတိန်ပါလီမာန်အဆောက်အဦးထဲကို ဝင်ဖို့ကြိုးစားစဉ် ပါလီမန်ဝန်းထဲက အစောင့်ရဲတွေက Masood ကိုပြစ်ခတ်ခဲ့တဲ့အတွက် သူသေဆုံးသွားခဲ့ပါတယ်။ ခုလိုအကြမ်းဖက်တိုက်ခိုက်သူ ဘယ်သူဖြစ်တယ်ဆိုတာ သိခဲ့ရပြီးနောက် London နဲ့ Birmingham မြို့တွေမှာ စီးနင်းရှာဖွေ ဖမ်းဆီးမှုတွေလုပ်ခဲ့ပါတယ်။ နေရာ ၆ ခုမှာ စီးနင်းရှာဖွေမှုအတွင်း ၈ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဝန်ကြီချုပ် Theresa May ကပြောကြားခဲ့ပါတယ်။

MI5 ထောက်လှမ်းရေးတွေက Masood ကိုအရင်က စစ်ဆေးမေးမြန်းခဲ့ဖူးပေမယ့် လက်ရှိမှာ စိုးရိမ်ရလောက်အောင် အန္တရာယ်ရှိသူအဖြစ် သတ်မှတ်မထားဘူးလို့ ဗြိတိန်အောက်လွှတ်တော်မှာ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဗြိတိန်အပေါ် တိုက်ခိုက်နိုင်တဲ့ ရန်အန္တရာယ်အဆင့်ကိုလည်း အရင်ကသတ်မှတ်ထားတဲ့ အဆင့်အတိုင်း ပြောင်းလဲမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် May ကလွှတ်တော်အမတ်တွေကို ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

"ယူကေနိုင်ငံ အန္တရာယ်ရှိမှုအဆင့်ကို Severe အဆင့်မှာ သတ်မှတ်ထားပါတယ်။ တိုက်ခိုက်ခံရနိုင်တဲ့ အန္တရာယ်မြင့်မားတဲ့အဆင့်ဆိုတဲ့ အဓိပ္ပါယ်ပါ။ အဲဒီလိုဖြစ်နေတာ တော်တော်ကြာပါပြီ။ အန္တရာယ်အဆင့် ၅ ဆင့်မှာ ဒုတိယအမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။ အမြင့်ဆုံးကတော့ အစိုးရိမ်ရဆုံး Critical အဆင့်ဖြစ်ပါတယ်။ တိုက်ခိုက်မှုတခု ဖြစ်တော့မယ်လို့ ထောက်လှမ်းရေးသတင်းအတိအကျရတဲ့အခါ သတ်မှတ်တဲ့အဆင့်ပါ။ အဲဒီလိုထောက်လှမ်းရေးသတင်း ရထားတာမျိုး အခုမရှိတဲ့အတွက် တိုက်ခိုက်ခံရနိုင်တဲ့အန္တရာယ်အဆင့်ကို မပြောင်းဖို့ သီးခြားလွတ်လပ်တဲ့ အကြမ်းဖက်မှုသုံးသပ်ရေးပူးတွဲစင်တာ JTAC ကဆုံးဖြတ်ပါတယ်။"

အကြမ်းဖက်မှုကိုရင်ဆိုင်တဲ့နေရာမှာ ဗြိတိန်နိုင်ငံက နောက်ဆုတ်မှာ မဟုတ်ဘူးလို့လည်း ဝန်ကြီးချုပ် May က ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်သူ အပါအဝင် စုစုပေါင်း ၄ ယောက်သေဆုံးခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဗုဒ္ဓဟူးနေ့ကဖြစ်ခဲ့ပေမဲ့ ကြာသပတေးနေ့မှာတော့ လန်ဒန်မြို့ရဲ့ အခြေအနေ ပုံမှန်အတိုင်း ပြန်လည် တည်ငြိမ်နေပါတယ်။ လုံခြုံရေးတွေကိုတော့ အရင်ထက်တိုးမြှင့်ထားတဲ့အတွက် ရဲတွေကို အရင်ကထက် ပိုပြီးမြင်တွေ့ရပါတယ်။

အကြမ်းဖက်သူတွေဘက်က လိုလားသလို တုန်လှုပ်ခြောက်ခြားနေမှာ မဟုတ်ဘဲ ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်သွားမှာဖြစ်တယ်လို့ လန်ဒန်မြို့သူ မြို့သားတွေက ပြောကြပါတယ်။ ပါလီမန်အဆောက်အဦးက အစောင့်ရဲအပါအဝင် သေဆုံးခဲ့သူတွေနဲ့ ဒဏ်ရာရသွားသူ ၄၀ အတွက် ကြာသပတေးနေ့ညနေပိုင်းကတော့ Trafalgar Square ရင်ပြင်မှာ ဝတ်ပြုဆုတောင်းပွဲကို လုပ်ခဲ့ပါတယ်။

အခုလို ဗြိတိန်မှာ အခြေအနေတွေ အရင်အတိုင်း ပြန်လည်တည်ငြိမ်နေပေမဲ့ Belgium နိုင်ငံ Antwerp မြို့မှာတော့ ကြာသပတေးနေ့က တိုက်ခိုက်ဖို့ ကြိုးစားသူတယောက်ကို ရဲတွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကားမဝင်ရတဲ့ မြို့လယ်က Shopping ဈေးဆိုင်လမ်းမပေါ်ကို အရှိန်ပြင်းပြင်းနဲ့ မောင်းဝင်ခဲ့တဲ့ကားကို တားဆီးရှာဖွေရာမှာ ကားထဲမှာ လူမသေစေတဲ့ သေနတ်တလက်နဲ့ ဓါးတွေ၊ အရည်တွေပါတဲ့ ဗူးတခုကိုတေ့ွရှိခဲ့ကြပါတယ်။

လူတဦးတယောက်မှ ထိခိုက်ဒဏ်ရာ မရခဲ့ပေမဲ့ ယာဉ်မောင်းကို Belgium ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးထားသူဟာ မြောက်အာဖရိကနွယ်ဖွား ပြင်သစ်လူမျိုးဖြစ်ပါတယ်။ Belgium နိုင်ငံ Brussels မြို့တော်မှာ လူပေါင်း ၃၂ ယောက်သေဆုံးခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုုဖြစ်ခဲ့တဲ့ နှစ်ပတ်လည်နေ့အပြီး နောက် တရက်မှာ ခုလို အကြမ်းဖက်အန္တရာယ် ဖြစ်ပေါ်ခဲ့တာပါ။

နယ်စပ်တခုနဲ့ တခုထိဆက်နေပြီး တနိုင်ငံကနေ တနိုင်ငံသွားလာတဲ့နေရမှာလည်း လုံခြုံရေးမတင်းကြပ်လှတဲ့အတွက် အကြမ်းဖက်တိုက်ခိုက်မယ့် သူတွေဟာ EU နိုင်ငံတခုကနေ နောက်တခုဆီကို လွယ်လွယ် ဝင်ထွက်နိုင်ကြတယ်လို့ ထောက်ပြဝေဖန်မှုတွေရှိပါတယ်။ နယ်စပ်လုံခြုံရေးတာဝန်ရှိသူတွေဟာ တခြားနိုင်ငံသားရဲ့ အချက်အလက်တွေကို မှန် မမှန် လက်ဗွေရာနဲ့ တိုက်စစ်တာမျိုး အခြေခံစစ်ဆေးမှုတွေတောင် မလုပ်နိုင်ကြဘူးလို့ ဥရောပကော်မရှင်ရဲ့ လုံခြုံရေးဆိုင်ရာ အထူးအဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတာကို ဗြိတိန်ထုတ် Gurdian သတင်းစာကြီးထဲမှာ ဖော်ပြခဲ့တယ်လို့ VOA သတင်းထောက် Henry Ridgwell ကပြောပါတယ်။ ဗြိတိန်နယ်စပ်လုံခြုံရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ်ဟောာင်း Tony Smith ကလည်း EU ထဲမှာ စာရွက်စာတမ်းမရှိဘဲ သွားလာနိုင်ဖို သိပ်ပြီးလွယ်ကူတယ်လို့ ပြောပါတယ်။

"EU ဥရောပသမဂ္ဂနိုင်ငံတွေကြား လွတ်လွတ်လပ်လပ်သွားလာနိုင်တဲ့အတွက် တနိုင်ငံကနေ နောက်တနိုင်ငံကို လက်နက်တွေနဲ့ လွယ်လွယ်ကူကူ ယူသွားနိုင်ကြပါတယ်။ ဘာအထောက်အထား စာရွက်စာတမ်းမှ မပါဘဲအဲဒါမျိုးသွားလာနေကြတာ မကြာခဏပါ။ EU နိုင်ငံတွေမှာ နယ်စပ်တခုကနေ တခုဖြတ်သွားနေသူတွေ၊ တချို့က EU passport ကိုင်ထားကြသူတွေကို ထိန်းချုပ်ဖို့ပြောရင် လုံခြုံရေးတာဝန်ရှိသူတွေဆီမှာ လိုအပ်တဲ့ အချက်အလက် အလုံအလောက်မရှိသလို လိုအပ်တဲ့ ကိရိယာတွေလဲ မရှိကြပါဘူး။"

Belgium နိုင်ငံ ပြင်သစ်နိုင်ငံနဲ့ ဂျာမနီနိုင်ငံတွေမှာ အခုနှစ်ပိုင်းတွေအတွင်း ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကို လုပ်သူ ကြိုးကိုင်သူတွေဟာ တနိုင်ငံကနေ တနိုင်ငံကို အတားအဆီးမရှိ ဖြတ်သန်းသွားလာခဲ့ကြတာတေ့ွရပါတယ်။ လက်ရှိ EU နိုင်ငံတွေရဲ့ နယ်စပ်လုံခြုံရေးစနစ်တွေက နိုင်ငံတွင်းမှာ ပေါက်ဖွားတဲ့ အကြမ်းဖက်ဝါဒကို နှိမ်နှင်းနိုင်ဖို့ ပျက်ကွက်နေတယ်လို့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒါပေမယ့် လွတ်လပ်စွာ သွားလာမှုဟာ EU ရဲ့ အဓိကမဏ္ဍိုင်ကြီးတခုဖြစ်တာမို့ ဒီအတိုင်းဆက်ပြီး လွတ်လွတ်လပ်လပ်သွားလာနိုင်ကြဖို့ နိုင်ငံရေးအရ ထောက်ခံမှုတွေက EU မှာ ခိုင်မာနေဆဲဖြစ်ပါတယ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG