သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ပါလီမန်အနီးတိုက်ခိုက်မှု သူတို့လက်ချက်ဟု IS ပြောဆို


ဗြိတိန်နိုင်ငံ လန်ဒန်မြို့က လွှတ်တော်အနီး မနေ့တုန်းက လူ ၃ ဦးထက်မနည်း သေဆုံးပြီး၊ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် တိုက်ခိုက်သူ သေဆုံးသွားတဲ့ အကြမ်းဖက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း IS စစ်သွေးကြွအဖွဲ့က ပြောဆိုလိုက်ပါတယ်။

တိုက်ခိုက်သူဟာ IS အဖွဲ့ရဲ့ စစ်သည်တဦးဖြစ်ကြောင်း စစ်သွေးကြွအဖွဲ့ရဲ့ သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း တိုက်ခိုက်မှုကို စီစဉ်ပြီး၊ ကျုးလွန်ရာမှာ အကူအညီပေးခဲ့ကြောင်း ပြောဆိုတာမျိုးမရှိဘဲ၊ အမေရိကန်က ဦးဆောင်ပြီး IS အဖွဲ့ကို တိုက်ခိုက်နေတဲ့ မဟာမိတ် နိုင်ငံတွေက အရပ်သားတွေနဲ့ စစ်ဖက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အဖွဲ့ရဲ့ တိုက်တွန်းချက်ကို တုန့်ပြန်လိုက်တာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ် Theresa May ကတော့ တိုက်ခိုက်သူဟာ ဗြိတိန်မှာမွေးဖွားသူဖြစ်ပြီး၊ အကြမ်းဖက် အစွန်းရောက်ဝါဒနဲ့ ဆက်နွယ်ပြီး ဗြိတိသျှထောက်လှမ်းရေး MI-5 က စစ်ဆေးခံခဲ့ရဖူးသူ ဖြစ်ကြောင်း ပါလီမန်မှာ မှတ်ချက်ပေး ပြောကြားသွားပါတယ်။ ဒါပေမဲ့လည်း လတ်တလော စောင့်ကြည့် ထောက်လှမ်း ခံနေရတဲ့ အထဲမှာ မပါဝင်သလို၊ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် တိုက်ခိုက်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ကြိုတင် သတင်းရထားတာ မရှိဘူးလို့လည်း ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။

ဗြိတိသျှရဲတပ်ဖွဲ့ကတော့ တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး လူ ၈ ဦးကို ဖမ်းဆီးလိုက်ကြောင်း ဒီကနေ့ပဲ ပြောဆိုထားပါတယ်။ လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က အကြမ်းဖက်ဝါဒ တန်ပြန်နှိမ်နင်းရေးဌာန အကြီးအကဲ Mark Rowley ကတော့၊ လိပ်စာ ၆ ခုမှာ ရှာဖွေဖမ်းဆီးမှုတွေ လုပ်ခဲ့တာဖြစ်ပြီး၊ လန်ဒန်၊ ဘာမင်ဟန်နဲ့ နိုင်ငံအနှံ့က တခြားနေရာတွေမှာလည်း စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြောပါတယ်။ စုံစမ်းစစ်ဆေးနေတဲ့ ကာလအတွင်း အမှားမခံနိုင်တာကြောင့် တိုက်ခိုက်သူရဲ့ အမည်ကို အများပြည်သူသိအောင် ထုတ်ပြောလို့ မရသေးဘူးလို့လည်း ပြောပါတယ်။

လတ်တလောမှာတော့ တိုက်ခိုက်မှု ကျုးလွန်ခဲ့တဲ့ ရည်ရွယ်ချက်၊ ပြင်ဆင်မှုတွေနဲ့ ဆက်နွယ်သူတွေ ရှိမရှိ ဆိုတာတွေကို စုံစမ်းစစ်ဆေးနေပါတယ်။ လန်ဒန်မြို့က ပါလီမန် အဆောက်အဦးအနီး Westminster တံတားပေါ်မှာ လမ်းသွားလမ်းလာတွေကို ကားနဲ့ဝင်တိုက်ခဲ့ပြီးနောက်၊ လုံခြုံရေးအရာရှိတဦးကို ဓားနဲ့ထိုး တိုက်ခိုက်ခဲ့သူကတော့ တခြားရဲတပ်ဖွဲ့ဝင်တဦးက သေနတ်နဲ့ပစ်တာ ခံခဲ့ရတာပါ။ တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ ၂၉ ယောက်ကို ဆေးရုံမှာကုသပေးထားပြီး၊ ဒီအထဲက ၇ ယောက်ဟာ ဒဏ်ရာပြင်းထန်ကြောင်းလည်း လန်ဒန်ရဲတပ်ဖွဲ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG