သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ NLD ကိုယ်စားလှယ် ၃ ဦးကို ပြည်ခိုင်ဖြိုးပါတီကန့်ကွက်


၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို သက်ဆိုင် ရာ မဲဆန္ဒနယ်တွေမှာ ဝင်ပြိုင်ခဲ့တဲ့ပြည်ထောင်စု ကြံခိုင်ရေးနဲ့ဖွံဖြိုးရေး ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက် လွှာတင်သွင်းလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုစည်သူကတင်ပြပေးမှာပါ။

ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦးဟာပြဌာန်းထား တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ဖောက်ဖျက်တယ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ညွှန်ကြား ချက်တွေကို ဖောက်ဖျက်တယ်၊ ကိုယ်စားလှယ်လောင်းတွေရဲ့ ကျင့်ဝတ်ကိုလဲ ဖောက်ဖျက်ပြီးတော့ တရားမဲ့ပြုကျင့်တဲ့အတွက် ဆန္ဒမဲအများဆုံး ရသွားတာဖြစ်တယ်လို့ အကြောင်းပြပြီးတော့ ကန့်ကွက်ထားတဲ့အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှုး ဦးတင်ထွန်းက ဗွီအိုအေကို အတည်ပြု ပြောပါတယ်။

“အခုလောလောဆည် ၃ ဦးကတော့ ရန်ကုန်တိုင်းဒေသကြီးကပါ။ ဒဂုံမြို့သစ်အရှေ့ပိုင်းမှာ ကန့်ကွက်လွှာတင်သွင်းတာက ဦးနေလင်း ပြည်ခိုင်ဖြိုးပါတီက ၊ ကန့်ကွက်လွှာ အတင်ခံရသူကတော့ NLD ပါတီက အနိုင်ရရှိသွားတဲ့ ဦးနေကျော်။ နောက်ဒုတိယ ကန့်ကွက်လွှာက လှိုင်သာယာ မဲဆန္ဒနယ်မြေပေါ့ ကန့်ကွက်လွှာတင်သွင်းတာက ပြည်ခိုင်ဖြိုးပါတီက ဦးတင်ယု၊ အတင်ခံရသူကတော့ အနိုင်ရရှိသွားတဲ့ NLD ပါတီက ဦးဝင်းမင်း။ နောက်တတိယ ကန့်ကွက်လွှာက ကော့မှူးမဲဆန္ဒနယ် ကန့်ကွက်လွှာတင်သွင်းတာက ဦးကျော်ဇင်ဟိန်း ပြည်ခိုင်ဖြိုးပါတီက ၊ နောက် ကန့်ကွက်လွှာ အတင်ခံရသူကတော့ အနိုင်ရရှိသွားတဲ့ ဦးကျော်ဇင်ဝင်း NLD ပါတီကပေါ့ အဲဒီ ၃ ခုပဲ ရောက်ပါသေးတယ်။”

တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် ကော်မရှင်အဖွဲ့ခွဲက လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမည်ကို ကြောညာတဲ့နေ့ကစပြီး ရက်ပေါင်း ၄၅ ရက်အတွင်း ရွေးကောက်တင်မြှောက်ခံ လွတ်တော်ကိုယ်စားလှယ်တွေကို မည်သူကမဆို ပုဒ်မ ၅၃ အရ ကော်မရှင်က ဆုံးဖြတ်ပြီးတဲ့ ကိစ္စက လွဲလို့ ဆီလျော်တဲ့ အကြောင်းပြချက်တွေ ကို ဖော်ပြပြီး ကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းနိုင်တဲ့အကြောင်း ဥပဒေမှာ ပြဌာန်း ထားပါတယ်။

ကန့်ကွက်လွှာ တင်သွင်းခံရတဲ့ထဲမှာ တဦးအပါအဝင်ဖြစ်တဲ့ ကော့မှုးမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းကတော့ အခုလို ကန့်ကွက်ခံရတာကို သူ့အနေနဲ့ နားမလည်နိုင်တဲ့အကြောင်း ပြောပါတယ်။

“ကျနော်လည်း စဉ်းစားလို့မရဘူးခင်ဗျ ကျနော်က ရိုးရိုးရှင်းရှင်းပဲ ကျနေ်ာတို့က ဟောပြောစည်းရုံးခဲ့တဲ့အတွက် အခုလိုကိစ္စမျိုးပေါ်မှာ ကျနေ်ာလည်း စဉ်းစားရ ခက်တယ်ပေါ့နော်။ ကျနေ်ာတို့ကတော့ ဒီရွေးကောက်ပွဲမှာ သတ်မှတ်ထားတဲ့ ဥပဒေတွေအတိုင်းပဲ ကျနေ်ာတို့ စည်းရုံးတယ်လေ။ ယှဉ်ပြိုင်တဲ့ ပါတီအပေါ်မှာလည်း ကျနေ်ာတို့ ဘာမှ တုံ့ပြန်ပြောဆိုတာတွေ မရှိဘူးလေ။”

ပြည်ထောင်စု ကြံခိုင်ဖွံဖြိုးရေး ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးနန္ဒာလှမြင့်က ဒီကန့်ကွက်လွှာ တင်သွင်းမှုဟာ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းတွေနဲ့သာဆိုင်ပြီး ပါတီနဲ့ သက်ဆိုင်မှု မရှိတဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။

“ကန့်ကွက်လွှာတင်တာနဲ့ ပတ်သက်ပြီးတော့ ကျနေ်ာတို့ပါတီ ဌာနချုပ်ကနေပြီးတော့မှ ဆောင်ရွက်ထားတဲ့ ကိစ္စမဟုတ်ဘူး။ သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ ရှိတဲ့ ကိုယ်စားလှယ်နဲ့ ဒေသခံပါတီ တွေကနေပြီးတော့မှ သူတို့ရွေးကောက်ပွဲကာလမှာ တွေ့ကြုံခဲ့ရတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့မှ ရွေးကောက်ပွဲကော်မရှင်ကို တိုက်ရိုက်ကန့်ကွက်ကြတာလေ။ အဲဒီကန့်ကွက်တဲ့အကြောင်းတွေနဲ့ ပတ်သက်ပြီးတော့ သူတို့နယ်မြေဒေသတွေပေါ်မှာ ဘယ်လိုဖြစ်ပေါ်တယ်ဆိုပြီးတော့မှ ဒီအပေါ်မှာသုံးသပ်ပြီးတော့ တင်တာပါ။”

သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက်လွှာတင်တာဖြစ်ပြီး ပါတီနဲ့ တိုက်ရိုက်မဆိုင်တဲ့သဘောမျိုး ဦးနန္ဒာလှမြင့်က ပြောပေမဲ့လဲ ကော့မှုး မြို့နယ် ပြည်ခိုင်ဖြိုး ပါတီက ပြန်ကြားရေး တာဝန်ခံ ဦးမြတ်ဟိန်းကျော်ကတော့ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်လေးမှာ နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောခဲ့ တာကိုထောက်ပြပြီးတော့ ကန့်ကွက်လွှာတင်တဲ့သဘောမျိုး ပြောပါတယ်။

“ကိုယ်စားလှယ်လောင်းတွေက တိုက်ရိုက်တင်တယ်ဆိုတာက ပါတီက ကန့်ကွက်တာက အဲဒီနေ့မတိုင်ခင်မှာ အစိုးရအဖွဲ့ကနေပြီးတော့ နိုင်ငံပိုင်မီဒီယာကနေပြီးတော့ မဲဆွယ်စည်းရုံးမှု လုပ်တာပါ။ သီးသန့် ဦးကျော်ဆွေဝင်းကို ကန့်ကွက်လွှာတင်တာတော့မဟုတ်ဘူး။ ကန့်ကွက်လွှာထဲမှာ တင်တဲ့ဟာက မဲဆွယ်စည်းရုံးရေးလုပ်တဲ့ ကိစ္စပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မဲဆွယ်စည်းရုံးတဲ့ ကိစ္စကို ပြည်ခိုင်ဖြိုးပါတီကနေ တရားဝင် ကန့်ကွက်လွှာတင်ထားတာလေ။ အဲဒါက မြို့နယ်ရွေးကောက်ခံ ကော်မရှင်အားလုံးကို မြို့နယ်ကိုယ်စားလှယ်တွေအားလုံးကနေလည်း တင်တယ်။ ပါတီကနေလည်း သတင်းထုတ်ပြန်တာတွေရှိတယ်။ အဲဒါပါပဲ သီးသန့် မြို့နယ်မှာရှိတဲ့ ကိုယ်စားလှယ်တွေကို ကန့်ကွက်လွှာတင်တာမဟုတ်ပါဘူး။”

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ နိုင်ငံေတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ မိန့်ခွန်းအပေါ်မှာ ကန့်ကွက်လွှာတင်သွင်းသွားမယ်လို့ အစောပိုင်းက ပြောဆိုထားပေမယ့်လို့ ပါတီရဲ့ တရားဝင် ကန့်ကွက်လွှာ လက်ရှိအချိန်ထိ ရွေးကောက်ပွဲ ကော်မရှင်ထံ ရောက်မလာသေးဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှုးက အတည်ပြုပြောဆိုပါတယ်။

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေကို ကန့်ကွက်လွှာတင်သွင်းနိုင်တဲ့ သတ်မှတ်ရက် ၄၅ ရက်ပြည့်ပြီးတဲ့နောက်မှာ အဲဒီ ကာလအတွင်း လက်ခံ ရရှိထားတဲ့ ကန့်ကွက်လွှာတွေကို ခုံရုံးဖွဲ့ပြီးတော့ စိစစ်ဆောင်ရွက်သွားရမယ်လို့ ဥပဒေမှာ ပြဌာန်းထားတဲ့ အတွက် လာမယ့်မေလလယ်အတွင်းမှာ အခု ကန့်ကွက်လွှာတွေကို စိစစ်ဆောင်ရွက်ရမယ့်ပုံရှိပါတယ်။

အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက် ပွဲမှာ လွှတ်တော်အဆင့်ဆင့် လစ်လပ် မဲဆန္ဒနယ် ၁၉ နေရာထဲက ၁၈ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးတော့ အမတ်နေရာ ၉ နေရာ အနိုင်ရခဲ့ပါတယ်။ ပြည်ခိုင်ဖြိုးပါတီက တော့ ကြားဖြတ် ရွေးကောက်ပွဲကျင်းပတဲ့ လွှတ်တော်အဆင့်ဆင့် လစ်လပ်နေရာ ၁၉ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂ နေရာ အနိုင်ရရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG