သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ SNLD အနိုင်ရမှု ပြည်ပသုံးသပ်ချက်


ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD စည်းရုံးရေးဆင်းစဉ်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD စည်းရုံးရေးဆင်းစဉ်

ငြိမ်းချမ်းရေးအပါအဝင် ရှမ်းပြည်နယ်ရဲ့ အနာဂါတ်အတွက် ရှမ်းပြည်အစိုးရထဲမှာ ရှမ်းနိုင်ငံရေးပါတီပါဝင်ဖို့ အရေးကြီးတယ်ဆိုတာကို ပြည်သူတွေ ပိုနားလည်လာကြတဲ့အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ရှမ်းပြည်နယ်မှာ အများစုအနိုင်ရခဲ့တာလို့ ရှမ်းပြည်နယ်အရေးကို လေ့လာနေသူက ပြောကြားလိုက်ပါတယ်။ အခုရွေးကောက်ပွဲရလာဒ်တွေကို ကြည့်ခြင်းအားဖြင့် ရှမ်းလူမျိုးတွေရဲ့ မျှော်လင့်ချက်တွေက ဘာတွေပါလဲ၊ စုံစမ်းမေးမြန်းထားတဲ့ မစုမြတ်မွန်က အပြည့်အစုံဆက်ပြီး တင်ပြပါတယ်။

ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာ ရှမ်းပြည်နယ်ထဲက မဲဆန္ဒနယ် ၇ မှာဝင်ပြိုင်တာမှာ ၆ ခုမှာ အနိုင်ရခဲ့ပါတယ်။ SNLD ပါတီက စည်းရုံးမဲဆွယ်မှုတွေကို ၂၀၁၅ ရွေးကောက်ပွဲတုန်းကထက် ပိုပြီးအားထုတ်လုပ်ခဲ့တဲ့အပြင် ပြည်သူတွေဘက်က ရှမ်းပြည်နယ်အနာဂါတ်အတွက် ရှမ်းနိုင်ငံရေးပါတီအနိုင်ရရေးဟာ အရေးကြီးတယ်ဆိုတာကို ပိုပြီးမြင်လာကြလို့ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု California ပြည်နယ် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစိုင်းထွေးမောင်က ပြောပါတယ်။ အရင် ၂၀၁၅ ရွေးကောက်ပွဲတုန်းက NLD ပါတီအပေါ် ရှမ်းပြည်သူ တခဲနက်အားပေးခဲ့ကြပေမဲ့ သူတို့မျှော်လင့်ချက်တွေအတိုင်း ဖြစ်မလာတဲ့အတွက် အခုကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းနိုင်ငံရေးပါတီကိုအားပေးတာဖြစ်နိုင်တယ်လို့ သူကပြောပါတယ်။

“NLD က ဘာလို့ ရှုံးသွားသလဲဆိုတော့ ကျနော်ထင်တာက ဒီရှမ်းလူထုတွေကလည်း အရင်တုန်းက NLD ကို အကြီးအကျယ်အားကိုးမျှော်လင့်ခဲ့ပေမယ့် တကယ်တမ်း ၁ နှစ်ကျော်တဲ့အခါမှာ ဘာမှ ထူးထူးထွေထွေမတွေ့ရတဲ့အတွက် တိုးတက်မှုတွေမရှိတဲ့အတွက်၊ ငြိမ်းချမ်းရေးလည်းမရှိပဲနဲ့ ပိုဆိုးလာသလို မြင်တဲ့အတွက် ကျနော်ထင်တာ လူထုကလည်း ဒါဆိုရင် ရှမ်းပါတီကိုပဲ အားကိုးရမယ်၊ ရှမ်းပါတီကိုပဲ ပေးရမယ်ဆိုပြီးတော့ ဒါကြောင့်မို့လဲ လူထုတွေက SNLD ကို အကြီးအကျယ်အားပေးပြီးတော့ မဲပေးလိုက်လို့ပဲ SNLD နိုင်သွားပြီးတော့ NLDက ရှုံးသွားတယ်ဆိုတာ အဲဒါကိုလည်း ဒါတချက်အနေနဲ့ ကျနော်မြင်တယ်။”

ရှမ်းပြည်နယ်ထဲမှာ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တို့အတွက် စုစုပေါင်း ၈ နေရာမှာ SNLD က ၇ နေရာဝင်ပြိုင်ပြီး ၆ နေရာမှာ အနိုင်ရခဲ့တာပါ။ ညောင်ရွှေမဲဆန္ဒနယ် ၁ မှာတော့ NLD ပါတီကနိုင်ပြီး ကျိုင်းတုံမဲဆန္ဒနယ် ၂ မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့ပါတယ်။ ရှမ်းပြည်ထဲမှာ ပြည်ခိုင်ဖြိုးပါတီအနိုင်ရတာနဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကိုလည်း ဒေါက်တာစိုင်းထွေးမောင်က ခုလိုပြောပါတယ်။

“ကျိုင်းတုံက အေးအေးဆေးဆေးဖြစ်နေတဲ့မြို့တမြို့ပဲ၊ သူူ့မှာက စစ်ပွဲလည်းမဖြစ်ဘူး၊ ဒုက္ခလည်း ဒီလောက်မရှိဘူး။ သူတို့က စီးပွားရေးနဲ့ အေးအေးဆေးဆေးအဆင်ပြေသလိုဖြစ်နေတယ်။ အဲလိုအဆင်ပြေနေတဲ့ ကျိုးတုံဟာ သူတို့ ဘယ်သူ့ကြောင့်အဆင်ပြေနေသလဲဆိုတာ သူတို့ထင်တာက ကြံ့ဖွံ့ရဲ့ကျေးဇူးကြောင့် အဲဒါကြောင့်လူထုတွေက ဒါကိုထင်ပြီးတော့ အားပေးနေတာလည်း ဖြစ်နိုင်တယ်။ နောက်တခုကတော့ ရှမ်းမြို့ခံလူကြီးတချို့ကလည်း အဲဒီ ကြံ့ဖွံ့အဖွဲ့ရဲ့ ခေါင်းဆောင်တွေဖြစ်နေတယ်။ နောက်တခုက ကျနော်တို့ ကျိုင်းတုံက လူတွေတော်တော်များများကလည်း ဒီရှမ်းဆိုတဲ့ လူမျိုးရေးစိတ်ဓါတ်ကလည်း ဒီလောက်ကြီး ပြင်းပြင်းပြပြ မရှိဘူးလို့ ကျနော်တို့မြင်တယ်။”

ညောင်ရွှေမြို့မှာတော့ NLD ပါတီကပိုပြီးအားသာတဲ့အတွက် NLD ပါတီနိုင်တာဖြစ်တယ်လို့ သူကသုံးသပ်ပါတယ်။ အခုကြားဖြတ်ရွေးကောက်ပွဲ ရလာဒ်တွေကိုကြည့်ခြင်းဖြင့် ရှမ်းပြည်နယ်အစိုးရမှာ ရှမ်းတိုင်းရင်းသားပါတီက အများစုနေရာရထားမှသာ ငြိမ်းချမ်းရေး၊ လုံခြုံရေး လမ်းပန်းဆက်သွယ်ရေး၊ ပညာရေးစတဲ့ကိစ္စတိုင်းအတွက် ရှမ်းပြည်သူတွေလိုလားသလို ဆုံးဖြတ်ချက်ချနိုင်မယ်ဆိုတာ ပြည်သူတွေသဘောပေါက်လာတာမြင်ရတယ်လို့လည်း ဒေါက်တာစိုင်းထွေးမောင်ကပြောပါတယ်။ ဒါဆိုရင် လက်ရှိအာဏာရ NLD ပါတီအနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကျရင် ရှမ်းပြည်နယ် မဲဆန္ဒနယ်တွေမှာ ပြန်အနိုင်ရဖို့အတွက် ဘာတွေပြင်ဆင်ထားဖို့လိုပါသလဲ။

“ရှမ်းလူမျိုးတွေလိုလားချက်ကို သိဖို့လိုတယ် ၊ ရှမ်းပြည်မှာ အခုခံစားနေရတဲ့ ပြဿနာတွေကိုလည်းဖြေရှင်းနိုင်ဖို့ NLD က နားလည်ရမယ်။ တကယ်လို့ NLD က ရှမ်းပြည်လူထုတွေရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ လုံခြုံရေး ငြိမ်းချမ်းရေး အားလုံးကို NLDကနေပြီးတော့လုပ်ပေးမယ်၊ NLDကနေပြီးတော့ ဦးဆောင်မယ် ဒီရှမ်းလူထုတွေအတွက်အားလုံးလုပ်ပေးမယ် တတ်နိုင်သလောက်လုပ်ပေးမယ်ဆိုရင် ရှမ်းပြည်အတွက်၊ ရှမ်းလူထုတွေအတွက်ရှေ့ရေးအနာဂတ်ကို တကယ်ကောင်းအောင်လုပ်ပေးမယ် ဆိုရင်တော့ ဝိုင်းပြီးအားပေးမှာပါ။”

California ပြည်နယ် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစိုင်းထွေးမောင် သုံးသပ်ခဲ့တာဖြစ်ပါတယ်။

အခုကြားဖြတ်ရွေးကောက်ပွဲကို စုစုပေါင်း မဲဆန္ဒနယ် ၁၉ ခုမှာကျင်းပခဲ့တာဖြစ်ပါတယ်။ NLD ကတော့ ကယားပြည်နယ်ကလွဲလို့ ၁၈ ခုမှာ ဝင်ပြိုင်ခဲ့ပြီး စုစုပေါင်း မဲဆန္ဒနယ် ၉ ခုမှာနိုင်ပြီး၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေမှာ စုစုပေါင်း အမတ်နေရာ ၉ နေရာအနိုင်ရခဲ့ပါတယ်။ လက်ရှိအာဏာရ NLD ပါတီအနေနဲ့ လုံလောက်တဲ့ပြုပြင်ပြောင်းလဲမှုတွေ မလုပ်နိုင်တဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်မရတာလို့ တချို့ကထောက်ပြနေကြပါတယ်။

NLD ပါတီအနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူအများရဲ့ ထောက်ခံမှုကို ရဖို့အတွက် ထင်သာမြင်သာရှိပြီး ထိရောက်တဲ့ အပြောင်းအလဲတွေ ပိုလုပ်ပြရမယ်ဆိုတာကို သတိပေးလိုက်တာဖြစ်တယ်လို့ မြန်မာ့အရေးလေ့လာနေသူ တချို့ကပြောပါတယ်။ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေကတော့ အခုကြားဖြတ်ရွေးကောက်ပွဲအပေါ် ပြည်သူတွေရဲ့ စိတ်ဝင်စားမှု နည်းပါးပြီး၊ မဲပေးသူအရေအတွက်လည်း နည်းတယ်လို့ ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG