သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကော်မရှင်နဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ


ရွေးကောက်ပွဲကော်မရှင်နဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ (UEC)
ရွေးကောက်ပွဲကော်မရှင်နဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ (UEC)

ပြီးခဲ့တဲ့၂၀၁၇ ဧပြီလ(၁)ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပထမဆုံးအကြိမ် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ မဲရလဒ်စာရင်းထုတ်ပြန်မှုနဲ့ အရွေးချယ်ခံ ကိုယ်စားလှယ်နာမည်စာရင်းထုတ်ပြန်မှု နောက်ကျခဲ့တာနဲ့ပတ်သက်လို့ ဆက်သွယ်ရေးနည်းစနစ်နဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ အားနည်းချက်ကြောင့်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က အဓိက ရှင်းလင်းခဲ့သလို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေဘက်ကတော့ ကြားဖြတ်ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှုရှိပေမဲ့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဒီ့ထက်ပိုလွတ်လပ်ဖို့လိုပြီး မဲဆန္ဒရှင်စာရင်းပြုစုတာ အပါအဝင် ကြားဖြတ်ရွေးကောက်ပွဲ အားနည်းချက်၊ အားသာချက်တွေကို ထုတ်ဖော်ရှင်းလင်းခဲ့ကြပါတယ်။

ဒီကနေ့ ဧပြီလ၁၀ရက်နေ့ နေ့လည်ပိုင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ပြုလုပ်ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ ကြားဖြတ်ရွေးကောက်ပွဲဖြစ်စဉ်တခုလုံးကို စောင့်ကြည့်လေ့လာခဲ့တဲ့ အဖွဲ့ (PACE) People’s Alliance for Credible Elections အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုစဖြေပါတယ်။

ကိုစိုင်းရဲကျော်စွာမြင့်။ ။အဓိကတော့ သူတို့က ကော်မရှင်နဲ့ ပတ်သက်ပြီးတော့မှ သတင်းထုတ်ပြန်ချက်တွေ နောက်ကျတဲ့အကြောင်းကို ရှင်းလင်းချင်တာလည်းပါတယ်။ နောက်တခုကတော့ ကော်မရှင်ရဲ့အသုံးစားရိတ်ပေါ့လေ။ အခုမီဒီယာတွေထဲမှာ ကော်မရှင်ရဲ့အသုံးစာရိတ်က ကြားဖြတ်ရွေးကောက်ပွဲမှာ သုံးတာများတယ်ဆိုတော့ ဒီငွေစာရင်းကိုလည်း မီဒီယာကို ရှင်းပြချင်တာလည်း ပါတယ်။ဆိုတော့ သူတို့က အဲဒါတွေရှင်းပြချင်တယ် တချိန်တည်းမှာပဲ အရပ်ဖက်အဖွဲ့အစည်းတွေဘက်က အမြင်တွေဘယ်လိုရှိသလဲဆိုပြီးတော့မှ သူတို့ ရှင်းပြပါလားဆိုပြီးတော့ ကျနေ်ာတို့ကိုဖိတ်တဲ့အတွက် ကျနေ်ာတို့ လာပြီးတတ်ခြင်းဖြစ်တာပါ။

မဆုမွန်။ ။ဟုတ်ကဲ့၊ ရွေးကော်ပွဲကော်မရှင်က အခုသူတို့လုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲထဲမှာပေါ့နော် ဘယ်လို ထူးထူးခြားခြားပြည်သူကိုပြောချင်တဲ့ သတင်းစကားရော ပါးတာမျိုးရှိပါသလားရှင့်။

ကိုစိုင်းရဲကျော်စွာမြင့်။ ။သူတို့ကော်မရှင်အနေနဲ့ ၂၀၁၅ နဲ့ ၂၀၁၇ နဲ့ ယှဉ်မယ်ဆိုရင်တော့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲက ပိုပြီးတော့ ပွင့်လင်းမြင်သာမှုရှိလာတယ် ဆိုပြီးသူတို့ပြောတယ် သူတို့လည်းဘာကြောင့်ပြောသလဲဆိုတော့ ၂၀၁၅ တုန်းက စောင့်ကြည့်လေ့လာသူတွေကော မီဒီယာတွေရဲ့ တင်ပြချက်ကို သူတို့ယူပြီး ပြုပြင်ပြောင်းလဲရေးတွေလုပ်တဲ့အတွက်ပိုကောင်းလာတယ်။ ဆိုတော့ ၂၀၂၀ ကျရင်လည်း သူတို့ဒါကို ပိုကောင်းအောင်လုပ်ပါ့မယ်ဆိုပြီးတော့ပြောတာကတော့ သူတို့အဓိကပေးတဲ့ Message ပါပဲ။

မဆုမွန်။ ။ ကိုစိုင်းရဲကျော်စွာမြင့်တို့ကလည်း သတင်းစာရှင်းလင်းပွဲထဲမှာ ပူးပေါင်းပါဝင်ခဲ့တယ်ဆိုတော့ အဓိကက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ အဖွဲ့တွေ ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဘက်ကရော ပြည်သူကိုဘာများ သတင်းစကားရော ပါးတာမျိုးရှိပါသလားရှင့်။

ကိုစိုင်းရဲကျော်စွာမြင့်။ ။ပထမတချက်ကတော့ ကျနေ်ာတို့ အရပ်ဘက်အဖွဲ့အစည်းတွေ အားလုံးရော စောင့်ကြည့်လေ့လာတဲ့သူတွေရော ကျနော်တို့ပြောတာကတော့ ၂၀၁၅ နဲ့ ယှဉ်မယ်ဆိုရင် ၂၀၁၇ရဲ့ ရွေးကောက်ပွဲကော်မရှင်က ပိုပြီးတော့ ပွင့်လင်းမြင်သာမှုရှိတယ်လို့ ကျနော်တို့အားလုံးလက်ခံတယ်။ ဒါပေမယ့် ဒီကော်မရှင်ကိုယ်တိုင်ကိုက ဒီထက်ပိုပြီးတော့မှ လွတ်လပ်ဖို့လိုတယ်လို့ ကျနော်တို့ ဝိုင်းပြီးတော့မှ အဲလိုကိစ္စတွေပြောကြတယ်။ ကော်မရှင်က ဥပဒေမူဘောင်အရကို အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့အောက်မှာ ရှိနေတဲ့သဘောပေါ့နော်။ ဒါဟာမကောင်းဘူး နောက်ပြီးတော့မှ ကျနော်တို့ အဲဒီပတ်သက်တဲ့ကိစ္စတွေကလည်း မလွတ်လပ်ဘူး ၊ လုပ်ရကိုင်ရတာ ကော်မရှင်ပေါ်မှာ အုပ်ချုပ်ရေးမဏ္ဍိုင်က လွှမ်းမိုးမှုရှိနေတယ် ဒါကိုလွတ်လပ်အောင်တော့ လုပ်သင့်တယ်ဆိုတာကို ကျနေ်ာတို့ အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြတယ်။ နောက်တချက်က ကျနေ်ာတို့ ၂၀၁၅ တုန်းက ပြဿနာတက်ခဲ့တဲ့ မဲစာရင်းကိုလည်း ၂၀၂၀ မတိုင်ခင်မှာ စပြီးတော့ ပြင်ဆင်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေအားလုံးကပြောတယ်။ နောက်တခုက ဥပဒေမူဘောင် ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လုပ်ထုံးလုပ်နည်းတချို့ကိုတော့ ပြင်နိုင်တယ် ဒါပေမယ့် ဥပဒေမူဘောင်အကြီးတွေကို သူတို့မပြင်နိုင်ဘူး ။ အဲဒါတွေကိုလည်းဆက်ပြီးတော့မှ ပြင်ဆင်ကြဖို့ ကျနေ်ာတို့ အဲဒါတွေကို တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် PACE အနေနဲ့ ကျနေ်ာတို့ စစ်တမ်းလုပ်တဲ့အခါမှာ စစ်တမ်းကလည်း မဲဆန္ဒရှင်စာရင်း Update လုပ်တဲ့ကိစ္စကလည်း ကျနေ်ာတို့ မပြည့်စုံတာကို တွေ့ရှိတယ်လို့ မီဒီယာကိုလည်းပြောတယ်၊ ကော်မရှင်ကိုလည်းပြောတယ် ဒါကို ကျနော်တို့ ၂၀၂၀ မတိုင်ခင်မှာ ကျနော်တို့ ဘယ်လိုအဖြေရှာမလဲဆိုတာကို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ဒီထက်ပူးပေါင်းဆောင်ရွက်ပြီး ပွင့်ပွင့်လင်းလင်းပြောသင့်တယ်ဆိုတာလည်း ကျနေ်ာတို့ထောက်ပြခဲ့ပါတယ်။

မဆုမွန်။ ။ နောက်တခုက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သူပဲ သီးသန့် သတင်းစာရှင်းလင်းပွဲမလုပ်ပဲနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ရော ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေနဲ့ပါ ပေါင်းပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်ရတဲ့အတွက် ဘယ်လိုများပိုပြီးတော့ အကျိုးသက်ရောက်မှုရှိခဲ့သလဲရှင့် အခုလုပ်ခဲ့ရတဲ့ သတင်းစာရှင်းလင်းပွဲမှာလေ။

ကိုစိုင်းရဲကျော်စွာမြင့်။ ။ကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ရော ကော်မရှင်နဲ့ပါ ဒါပထမဦးဆုံးအကြိမ် ပူးတွဲသတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တယ်လို့ထင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း တွန့်ဆုတ်တုန်းပဲ ဘာဖြစ်လို့လဲဆိုတော့ ကျနေ်ာတို့ စိတ်ပူတာကတော့ ပြည်သူကမြင်မှာက ရွေးကောက်ပွဲကော်မရှင်အတွက် လုပ်ပေးတယ်ဆိုပြီးတော့ အမြင်စောင်းမှာလည်းကြောက်တယ်။ ဒါကတော့ ကျနေ်ာတို့ လောလောဆယ်စိတ်ပူတဲ့ကိစ္စပေါ့လေ ကောင်းတဲ့အချက်ကတော့ ကျနေ်ာတို့ အရပ်ဖက်အဖွဲ့အစည်း တွေက အတူတူ သတင်းစာရှင်းလင်းပွဲလုပ်နေရင် မီဒီယာတွေရှေ့မှာ ကျနေ်ာတို့ ကော်မရှင်ရဲ့အားနည်းချက်တွေကို ကျနေ်ာတို့ ပွင့်ပွင့်လင်းလင်းထောက်ပြနိုင်တယ်။ ကော်မရှင်ကလည်း ဒါကိုကျနော်တို့ ပြုပြင်မယ်လို့ လူသိရှင်ကြား ကတိကဝတ်ပြုတာတွေ ၊ ဥပမာ ဥပဒေမှုဘောင်ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ကော်မရှင်က သူတို့ဆက်လုပ်ဖို့အစီအစဉ်ရှိပါတယ်တဲ့ ။ ကြားဖြတ်ရွေးကောက်ပွဲကိုတော့ အချိန်မမှီလို့ မလုပ်တာပါဆိုပြီးတော့ မီဒီယာရှေ့မှာပြောတယ် ဆိုတော့ အဲဒီလိုမျိုးကျနော်တို့ အကောင်းအဆိုး ၂ ခုရှိတယ်လို့ ကျနေ်ာတို့ အဲဒီလိုမျိုးမြင်ပါတယ်။ သူတို့အကြံပြုချက်တွေနားထောင်ချင်တယ်။ အဲဒီအကြံပြုချက်တွေအတိုင်းအကောင်းဆုံးပြုပြင်ချင်တယ်လို့လည်း သူတို့အဲလိုပြောပါတယ်။

မဆုမွန်။ ။ကျေးဇူးအများကြီးတင်ပါတယ်

ကိုစိုင်းရဲကျော်စွာမြင့်။ ။ဟုတ်ကဲ့ပါခင်ဗျ။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ပြုလုပ်ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ (PACE) အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG